
စစ်တွေ နိုဝင်ဘာ ၁၃
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဂိတ်နှစ်ခုသို့ အောက်တိုဘာ ၁၃ ရက်မှစ၍ ရေထွက်ကုန်နှင့် ကုန် ခြောက်ပစ္စည်းများ တင်ပို့ခဲ့ရာ လေးပတ်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိခဲ့ပြီး ရေ ထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိသည်။
သုံးလခန့်ရပ်နားထားခဲ့သော စစ်တွေ- ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော-ကညင်ချောင်းဆိပ်ကမ်း နယ်စပ်ဂိတ်နှစ်ခုကို ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်စုစုပေါင်း တန်ချိန် ၄၈၄၁ ဒသမ ၁၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိပြီး ရေထွက်ကုန် ၁၄၃၂ ဒသမ ၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၁၅ သန်း ရရှိခဲ့ ခြင်းဖြစ်သည်။ ထိုသို့ တင်ပို့သောကုန်ပစ္စည်းများတွင် ကုန်ခြောက် ပစ္စည်းတင်ပို့မှုမှ ၂၇ ဒသမ ၁၃ ရာခိုင် နှုန်းနှင့် ရေထွက်ကုန်တင်ပို့မှုမှ ၇၂ ဒသမ ၈၇ ရာခိုင်နှုန်း ရရှိခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးသို့ပို့မည့် ငါးမြစ်ချင်းများကို ရန်ကုန်မြို့မှ အအေးခန်း မော်တော်ယာဉ်များဖြင့် စစ်တွေမြို့သို့တင်ပို့၍ ထိုမှ တစ်ဆင့် စက်လှေများဖြင့်လည်းကောင်း၊ ရန်ကုန် မြို့မှ စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ တပ်ဆင် ထားသော ရေယာဉ်များဖြင့်လည်းကောင်း တင်ပို့ ခြင်းဖြစ်သည်။
တိုက်ရိုက်တင်ပို့ရောင်းချသောစနစ်
ရန်ကုန်မြို့မှရေထွက်ကုန်များကို စစ်တွေမြို့သို့ တင်ပို့ရာတွင် ပူးပေါင်းအဖွဲ့က ဖွင့်ဖောက်စစ်ဆေး ပြီးမှ နယ်စပ်ဂိတ်နှစ်ခုသို့ တင်ပို့ရာ ငါးမြစ်ချင်းတင် ရေယာဉ်များကို လူအင်အားအသုံးပြု၍ ဖွင့်ဖောက် စစ်ဆေးရခြင်း၊ အချိန်ကြန့်ကြာခြင်းနှင့် ပို့ကုန်အရည် အသွေး ကျဆင်းခြင်းတို့ကြောင့် လုပ်ငန်းရှင်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနစ်ဆိပ်ကမ်း နယ်စပ် ဂိတ်အထိ သွားရောက်ရောင်းချနိုင်ရန် တင်ပြခဲ့ရာ ရခိုင်ပြည်နယ်အစိုးရက တရားမဝင်ကုန်ပစ္စည်းများ ရောနှောပါဝင်မှုမရှိစေရန်နှင့် လုံခြုံရေး သတိပြု ဆောင်ရွက်ရန် မှာကြားပြီး နိုဝင်ဘာ ၅ ရက်က ခွင့်ပြုခဲ့သည်။
ထို့ကြောင့် နယ်စပ်ဆိပ်ကမ်းမြို့ ဖြစ်သော တက်ကနစ်မြို့အထိ တိုက်ရိုက်တင်ပို့ရောင်း ချသောစနစ်ကို မကြာမီ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
“ရေရှည်အတွက်ဆိုရင် ပို့ကုန်အရည်အသွေး မကျအောင် ဖွင့်ဖောက်စစ်ဆေးဖို့မလိုတဲ့ ခေတ်မီ စက်ကိရိယာတွေ အသုံးပြုနိုင်မယ်ဆိုရင် ပို့ကုန် လုံခြုံမှု ကောင်းမွန်သလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးနစ်နာမှု မရှိနိုင်ပါဘူး။ ပို့ကုန်ဝင်ငွေရရှိနေတဲ့ နယ်စပ်ဂိတ် ကုန်စည်တင်ပို့မှုမှာ လုပ်ငန်းရှင်တွေ အနေနဲ့ စည်းကမ်းရှိစွာတင်ပို့ရမှာဖြစ်သလို ကြီးကြပ် စစ်ဆေးမှုမှာလည်း ဝန်ထမ်းအပြည့်အဝနဲ့စစ်ဆေးပြီး ခေတ်မီ စက်ကိရိယာတွေနဲ့ စစ်ဆေးနိုင်အောင် နိုင်ငံတော်က ပံ့ပိုးပေးနိုင်ရင် ပိုပြီး အဆင်ပြေနိုင်ပါ တယ်။ ဖွင့်ပြီး လေးပတ်အတွင်း နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရှာဖွေနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့အတွက် ငါးလုပ်ငန်း ဦးစီးဌာနအနေနဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်” ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသက်ဦးက ပြောကြားသည်။
အကျိုးအမြတ်ရှိသော ကုန်သွယ်မှု
နယ်စပ်ကုန်သွယ်ရေးကဏ္ဍတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က ရေထွက်ကုန် ၇၀၈၉ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၁၈ သန်း ရရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကိုဗစ်ရောဂါကာလဖြစ်၍ ကုန်စည်စီးဆင်းမှု လျော့ကျခဲ့ရာ တန်ချိန် ၅၀၁၀ ဒသမ ၇၀ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၆၀ သန်း ရရှိခဲ့သည်။ အောက်တိုဘာ ၁၃ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သော နယ်စပ်ကုန်သွယ် ရေးတွင် နိုဝင်ဘာ ၈ ရက်အထိ ပို့ကုန်တန်ချိန် ၄၈၄၁ ဒသမ ၁၆ တန် တင်ပို့နိုင်ခဲ့ရာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၆၁ သန်း ရရှိထားခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ နိုင်ငံခြား ငွေ အခွန် ၂ ရာခိုင်နှုန်းရရှိမည့်အပြင် နိုင်ငံခြား ငါးဖမ်းရေယာဉ်ဥပဒေအရ သွားရောက်ရောင်းချမည့် ရေယာဉ်ပေါ်တွင် ပါရှိသောကုန်ချိန် တစ်တန်လျှင် အမေရိကန် ၅ ဒေါ်လာနှင့် ရေယာဉ်မှတ်ပုံတင်ကြေး အဖြစ် ရေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၅၀ ရရှိမည်ဖြစ်သည်။
တိုက်ရိုက်ကုန်စည်တင်ပို့သောစနစ်ကို အကောင် အထည်ဖော်ရာတွင် ပို့ကုန်အရည်အသွေးကောင်း ခြင်းနှင့် ကုန်ပစ္စည်းပိုမိုတင်ပို့နိုင်ခြင်းဖြင့် ကုန်စည် စီးဆင်းမှု မြန်ဆန်စေမည့်အပြင် အပြန်တွင် သွင်းကုန် ပစ္စည်းမပါဘဲ တစ်လုံးတစ်ခဲတည်း ငွေသားရရှိသော ကုန်သွယ်မှုဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်နှင့် ငါးမွေးတောင်သူတို့အတွက် အကျိုးအမြတ်ရှိသော ကုန်သွယ်မှုလည်းဖြစ်သည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး