
နေပြည်တော် ဖေဖော်ဝါရီ ၂၅
ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့ ညနေ ၄နာရီ ခွဲတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့် ဆွေ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ဒုတိယပါမောက္ခချုပ်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက အုပ်ချုပ်ရေးကဏ္ဍတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏အရေးပါမှုကို နိုင်ငံတော် အကြီးအကဲများက အသိအမှတ်ပြုသည့်အတွက် ယခုလို သီးသန့်သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းအပေါ် ကာယကံရှင်ဝန်ထမ်း များက သိရှိနားလည်သဘောပေါက်စွာ ဂုဏ်ယူ မြတ်နိုးတန်ဖိုးထားပြီး သင်တန်း၏ရည်ရွယ်ချက် များ ပြည့်ဝအောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် တာဝန်သိသိ၊ စည်းကမ်းရှိရှိနှင့် သင်တန်းအစမှ အဆုံးတိုင် ကြိုးပမ်းသင်ယူ လေ့ကျင့် ခဲ့သည်ကိုတွေ့ရ၍ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
သင်တန်းတွင် ပညာဌာနကြီးရှစ်ခုမှ သက်ဆိုင် ရာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ပြီး ကာကွယ်ရေးပညာဌာနမှ သင်ခန်းစာများ သည် အခြေခံစစ်ပညာရပ် စံတန်ဖိုးများဖြစ်သည့် စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်တတ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်တတ်ခြင်း၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် တတ်ခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်း၊ အဆင့်ဆင့် ကွပ်ကဲဆောင်ရွက်တတ်ခြင်း၊ မိမိကိုယ်ကို ယုံကြည် မှုရှိခြင်း၊ အချိန်ကို စီမံခန့်ခွဲလုပ်ဆောင်နိုင်ခြင်း စသည့်အလေ့အကျင့်ကောင်းများရရှိစေပြီး လက်တွေ့ ကျင့်သုံးခြင်းဖြင့် ကြီးမားသည့် အကျိုးသက်ရောက် မှုများ ရရှိစေမည်ဖြစ်၍ နိုင်ငံတော်ကာကွယ်ရေး အတွက် လိုအပ်သည့်အခါ အသုံးချနိုင်စွမ်းရှိသည် အထိ ဆက်လက်လေ့ကျင့်သွားကြရန် မှာကြားလိုပါ ကြောင်း။
သင်တန်းဆင်းပြီးနောက် မိမိတို့လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်ပြီး ပြည်သူ့ဝန်ကို ထမ်းဆောင် ကြရန် ကောင်းမွန်ပြေပြစ်သော ဆက်ဆံရေးဖြင့် တတ်နိုင်သမျှ ပြည်သူများအပေါ် စိတ်ရှည်စွာဖြင့် လုပ်ဆောင်ပေးနိုင်သည်များကို စီမံဖြည့်ဆည်း ပေးရန်၊ ပြည်သူနှင့် အနီးကပ်တိုက်ရိုက်ဆက်ဆံပြီး လုပ်ငန်းဆောင်ရွက်ကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် ကျေးရွာစာရေးများနှင့် အမှုထမ်းများကို သင်တန်းကရရှိခဲ့သည့် ဗဟုသုတ နှင့် အတွေ့အကြုံများကို ပြန်လည်မျှဝေပေးကြရန်၊ အဂတိတရားကင်းစင်၍ အုပ်ချုပ်ရေးနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကောင်းမွန်သော၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တကောင်းမွန်သော ပြည်သူ့ဝန်ထမ်းများ ဖြစ်အောင် ကြိုးစားကြရန်၊ မိမိတို့နှင့်သက်ဆိုင်သည့် အုပ်ချုပ်ရေးလုပ်ငန်းခွင် ပညာရပ်နယ်ပယ်အသီးသီး တွင် ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် စဉ်ဆက်မပြတ် လေ့လာသင်ယူကြပြီး ကိုယ်ပိုင်စွမ်းရည်များ အစဉ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများ အား ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။
သင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၉၇ ဦး၊ သင်တန်းသူ ၉၉ ဦး စုစုပေါင်း ၁၉၆ ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီ ၂၅ ရက်အထိ ရက်သတ္တပတ် ၁၀ ပတ်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်