ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း၍ အသေးစားလက်မှုလုပ်ငန်းအဖြစ်ရပ်တည်နေသည့် ဗိဿနိုးမြေမှ ရိုးရာအိုးလုပ်ငန်း

 

တွေ့ဆုံမေးမြန်း-အေးမိုးမိုးမြင့် 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၏ အနောက်ဘက် ၁၂ မိုင်အကွာ ဗိဿနိုးမြို့ဟောင်း အနောက်ဘက်တွင်ရှိသည့် ကုက္ကိုခွကျေးရွာမှ မိရိုးဖလာအိုးလုပ်ငန်းသည် ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်း လုပ်ကိုင်လာသည့် ရိုးရာလက်မှုအတတ်ပညာ လုပ်ငန်းတစ်ခုဖြစ်သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းဆိုင်ရာ အချက်အလက်များမှ အရိုးအိုးမြှုပ်နှံမှုဆိုင်ရာအထောက်အထားများ၊  ရေစင်တော် သွန်းအိုး၊ ငှက်ရုပ်ပုံအရိုးအိုးစသည့် သမိုင်းကြောင်းဆိုင်ရာအထောက်အထားများနှင့် လေ့လာတွေ့ရှိချက်များအရ  အိုးလုပ်ငန်းသည် ပျူခေတ်ကတည်းက ထွန်းကားလာခဲ့သော မြန်မာတို့၏ လက်မှုအတတ်ပညာ တစ်ခုလည်း ဖြစ်ခဲ့သည်။ ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ရာမှ ယခုအခါ အသေးစားစီးပွားရေး  လက်မှုလုပ်ငန်းအဖြစ် အိုးအမျိုးမျိုးကို ထုတ်လုပ်လျက်ရှိသည့် တောင်တွင်းကြီးမြို့နယ် ကုက္ကိုခွကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ မစမ်းစမ်းသွယ်နှင့် တွေ့ဆုံမေးမြန်းမှုများကို ရေးသားဖော်ပြအပ်ပါသည်။
မေး    ။    ။    အိုးလုပ်ငန်းကို ဘယ်အချိန်ကစပြီး   လုပ်ကိုင်ခဲ့တယ်             ဆိုတာ သိပါရစေ။
ဖြေ    ။    ။    အဘိုးအဘွားတွေ လက်ထက်ကတည်းက  လုပ်ကိုင်             လာခဲ့တာပါ။ ကျွန်မအသက် ၁၉ နှစ်အရွယ်က ဒီပညာ ကို စပြီးသင်ယူခဲ့ပါတယ်။ ဘိုးဘွားအစဉ်အဆက် ဒီပညာကို လက်ဆင့် ကမ်း လာတာပါ။
မေး    ။    ။    ကုက္ကိုခွကျေးရွာအပြင် ဘယ်ရွာတွေက အိုးလုပ်ငန်းကို             လုပ်သေးလဲ။
ဖြေ    ။    ။    ကုက္ကိုခွကျေးရွာအပြင်     အနီးတစ်ဝိုက်ရွာတွေဖြစ်တဲ့             ဂျုတ်ကုန်းကျေးရွာ၊    ရခိုင်စုကျေးရွာတွေမှာလည်း မိရိုးဖလာအိုးလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။
မေး    ။    ။    အိုးလုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်း  ရှင်းပြ             ပါဦး။
ဖြေ    ။    ။    ပထမဆုံး  ကြီးရိုးကြီးကန်က   ရွှံ့စေးမြေကြီးတွေကို             သယ်ပြီး လိုအပ်တဲ့အရွယ်အစားရအောင်    ရွှံ့တုံးကို ထုချေပြီး နေလှန်းရပါတယ်။   လှည်းတစ်စီးစာ    မြေကြီးဆိုရင် သဲသုံးအိတ်လောက်နဲ့ရောပြီး တစ်ညအိပ် ရေစိမ်ရပါတယ်။ ရွှံ့နှပ် တယ်လို့ ခေါ်တာပေါ့။ နောက်ပြီး ဂုံပြာပေါ်မှာ နှပ်ထားတဲ့ရွှံ့တွေတင်ပြီး အစေးပေါက်အောင် ခြေထောက်နဲ့နင်းရပါတယ်။    အဲဒါကိုတော့ ရွှံ့နင်းတယ်လို့ ခေါ်ပါတယ်။ ပြီးရင်  တစ်နေ့စာ မြေကြီးပုံတွေပုံပြီး တစ်ချီစာတွေ နှပ်ထားရပါတယ်။  အဲဒီလို အဆင့်ဆင့်ဆောင်ရွက်ပြီးရင်  အိုးထိန်းစက်နဲ့ အိုးပုံဖော်ရတယ်။ နောက် အိုးမော်၊ အိုးဆွ၊ အိုးပြန်ဖွ၊ ပန်းရိုက်စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ရပါတယ်။ အဲဒီအဆင့်တွေ ပြီးရင် အိုးတွေကို အရိပ်ထဲမှာ နှစ်ညအိပ် သုံးရက်ထားပြီး နေပူမှာ တစ်ရက် ထုတ်လှန်းရပါတယ်။ နေလှန်းပြီးအိုးတွေကို နွားလှည်းတွေ၊ ကားတွေနဲ့ စနစ်တကျတင်ပြီးတော့ မီးဖုတ်မယ့် အိုးဖိုကိုပို့ရပါတယ်။ အိုးမီးဖုတ်တဲ့လုပ်ငန်းပြီးရင်တော့ ဈေးကွက်ဝင်အိုးတွေရပါပြီ။
မေး    ။    ။    အိုးမီးဖုတ်တဲ့  လုပ်ငန်းလေးအကြောင်းလည်း ရှင်းပြ             ပေးပါဦး။
ဖြေ    ။    ။    အိုးမီးဖုတ်တာကတော့  ရွာနဲ့ဝေးတဲ့နေရာမှာ လုပ်ပါ             တယ်။ အိုးဖိုလို့ခေါ်တာပေါ့။ အိုးဖိုမယ့်နေရာမှာ ပထမ ဦးဆုံး ထင်းစီတာတွေ၊ ထင်းခွေတာတွေလုပ်ပြီး အဲဒီထင်းတွေပေါ်မှာ မီးဖုတ်မယ့်အိုးတွေကို စနစ်တကျခွေရပါတယ်။ အိုးတွေ စနစ်တကျ ခွေပြီးရင် အိုးဖိုပတ်လည် ထင်းစီ၊ ကောက်ရိုးတွေနဲ့ ဖုံးအုပ်ပြီး တစ်ည အိပ် အိုးမီးဖုတ်ရပါတယ်။ မီးဖုတ်တဲ့အခါမှာလည်း  သတ်မှတ်ထားတဲ့ ထင်းအမျိုးအစား၊ အရွယ်အစားကိုပဲ အသုံးပြုရပါတယ်။ မီးအပူချိန် ကိုလည်း ချိန်ဆတတ်ဖို့လိုသလို မီးအပူချိန် အချိန်အဆမှားယွင်းခဲ့ရင် အိုးတွေအကုန်လုံး အဖတ်မတင်ဖြစ်တတ်ပါတယ်။ 
မေး    ။    ။    ဘယ်လိုအိုးအမျိုးအစားတွေကို ပြုလုပ်ပါသလဲ။
ဖြေ    ။    ။    အဓိကလုပ်တာကတော့     သောက်ရေအိုးလို့ခေါ်တဲ့             ရေထည့်အိုးပေါ့။   နောက်ထပ်ကတော့     ခပ်အိုး၊ ကျောင်းသားထမ်းအိုး၊ ထမင်းအိုး၊ ဟင်းအိုး၊ မြူအိုး၊ ကောက်ညှင်း ပေါင်းအိုး၊ မုန့်ပြားသလပ်အိုး၊ သင်္ကြန်အတာအိုး၊ ညောင်ရေသွန်းအိုး၊ ဆီမီးခွက်နဲ့ ကလေးကစားစရာအိုးပုတ်လေးတွေလည်း လုပ်ပါတယ်။
မေး    ။    ။    တစ်နေ့စာနှပ်ပြီး မြေကြီးပုံကို အိုးလုပ်ရင် အိုးအလုံးရေ             ဘယ်လောက်ရပါသလဲ။
ဖြေ    ။    ။    တစ်နေ့စာမြေကြီးပုံကို   မြေကြီးတစ်ချီစာလို့ ခေါ်ပါ             တယ်။ မြေကြီးတစ်ချီစာကို သောက်ရေအိုးဆိုရင် ၂၅ လုံး၊ ခပ်အိုးဆိုရင် အလုံး ၃၀၊ ကျောင်းသားထမ်းအိုးဆိုရင် ၄၅ လုံး၊ ထမင်းအိုးတို့၊ မြူအိုးတို့ဆိုရင် ၇၅ လုံး၊ သင်္ကြန်အတာအိုး၊ ညောင်ရေ သွန်းအိုးတို့ဆိုရင် ၁၂၅ လုံးရပါတယ်။ ဆီမီးခွက်ဆိုရင်တော့ ခွက်ရေ ၃၀၀၀ လောက်ရပါတယ်။ ဒါပေမယ့် မြေကြီးတစ်ချီစာကို သုံးရက် လုပ်ရပါတယ်။
မေး    ။    ။    အိုးလုပ်ငန်းက    အဆင့်ဆင့်လုပ်ရတာဆိုတော့   လူ             ဘယ်နှယောက်လောက်သုံးရပါသလဲ။    မိသားစုတွေပဲ ဝိုင်းလုပ်တာလား သိပါရစေ။
ဖြေ    ။    ။    အနည်းဆုံး       လူငါးယောက်လောက်သုံးရပါတယ်။             ကိုယ့်အိမ်ကလူနည်းရင် အပြင်လူ ငှားရပါတယ်။
မေး    ။    ။    အပြင်လူငှားရင် ဘယ်လိုတွေပေးရပါသလဲ။    
ဖြေ    ။    ။    အပြင်လူငှားရင် မြေကြီးတစ်ချီစာကို အိုးမော်ခ ကျပ်             ၂၀၀၀၊ အိုးဆွခ  ကျပ် ၃၀၀၀၊   ပန်းရိုက်ခ  ကျပ် ၃၀၀၀၊ အိုးနှိုက်ခ ကျပ် ၆၀၀၀၊ အိုးထိန်းစက်လှည့်ခ ကျပ်  ၁၅၀၀၊ မြေနင်းခ ကျပ် ၂၅၀၀ ပေးရပါတယ်။
မေး    ။     ။    အိုးလုပ်ငန်းကို ဘယ်ရာသီမှာ စလုပ်ပါသလဲ။
ဖြေ    ။    ။    သီတင်းကျွတ်လဆန်းကနေ ကဆုန်လပြည့်ကျော်အထိ             လုပ်ပါတယ်။ ဆီမီးခွက်နဲ့စပြီး ညောင်ရေသွန်းအိုးနဲ့ ပိတ်တာပေါ့။
မေး    ။    ။    အိုးအမျိုးအစားအလိုက် သွင်းရတဲ့ဈေးနှုန်းတွေကိုလည်း             သိပါရစေ။
ဖြေ    ။    ။    သောက်ရေအိုးဆိုရင် ကျပ် ၁၀၀၀၊ ခပ်အိုးဆိုရင် ကျပ်            ၅၅၀၊ ကျောင်းသားထမ်းအိုး၊  ထမင်းအိုး၊    ဟင်းအိုး၊ မြူအိုးတို့ဆိုရင် ကျပ် ၃၅၀၊ သင်္ကြန်အတာအိုး၊  ညောင်ရေသွန်းအိုး၊ ဘုရားပန်းအိုးတို့ဆိုရင် ၂၇၅ ကျပ်နဲ့ သွင်းရပြီးတော့ ဆီမီးခွက် ၁၀ ခွက်ကို ကျပ် ၃၀၀ နဲ့ ပေးသွင်းရပါတယ်။
မေး    ။    ။    ဈေးကွက်ထဲကို ဘယ်လိုဖြန့်လဲ သိပါရစေ။
ဖြေ    ။    ။    ရွာမှာရှိတဲ့ အဝယ်ဒိုင်တွေကိုပဲ သွင်းပါတယ်။ အဝယ်ဒိုင်             တွေကနေမှတစ်ဆင့် စျေးကွက်ထဲကိုပြန်ဖြန့်ပါတယ်။
မေး    ။    ။    အဝယ်ဒိုင်တွေက ဘယ်ဒေသတွေကို ပို့နေပါသလဲ။ 
ဖြေ    ။    ။    တောင်တွင်းကြီးမြို့နယ်အပြင် မကွေး၊ မင်းဘူး၊ မင်းလှ၊             အောင်လံ၊ ပြည်၊ နတ်မောက်၊ မြို့သစ်စတဲ့ မြို့တွေအထိ တင်ပို့နေရပါတယ်။
တောင်တွင်းကြီးမြို့နယ်၏အနောက်ဘက် ဗိဿနိုးမြို့ဟောင်း အနီးတွင်ရှိသည့် ကုက္ကိုခွကျေးရွာအပြင် အနီးတစ်ဝိုက်ရွာများဖြစ်သည့် ဂျုတ်ကုန်းကျေးရွာ၊ ရခိုင်စုကျေးရွာတို့တွင်လည်း   မိရိုးဖလာအိုး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။  ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်း ကာ လက်ဆင့်ကမ်းလုပ်ကိုင်လာသည့် ရိုးရာလက်မှုအတတ်ပညာ လုပ်ငန်းတစ်ခုဖြစ်သော   အိုးလုပ်ငန်းကို    ဒေသခံများအနေဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းလုပ်ကိုင်ခဲ့ရာမှ ယခုအခါတွင်လည်း အသေး စားလက်မှုလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိနေပေသည်။