
နေပြည်တော် စက်တင်ဘာ ၁၆
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၄ ရက် နံနက် ၂ နာရီတွင် နောင်ချိုမြို့နယ် မူဆယ်-မန္တလေးသွား ကားလမ်း အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမှ မန္တလေးသို့ လှစိုးဦး(ခ)လှဦး မောင်းနှင်လာသည့် ခြောက်ဘီးယာဉ်အား ရှာဖွေရာ ယာဉ်နောက်ခန်းတွင် စက္ကူချပ်ပုံး အဟောင်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာ သည့် ဆာလာအိတ် ၃၈ အိတ်အတွင်းမှ ဒေသ ကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၈၉ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၁၈ ဒသမ ၃၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀ သိမ်းဆည်းရမိခဲ့သည်။ ကွင်းဆက်အရ နံနက် ၅ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ အနီးတွင် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေနှင့် အောင်စိုး တို့အား Honda Airwave ယာဉ်တစ်စီး နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်း ရမိမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်မှ မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့ သုံးဦးကို ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်