
နေပြည်တော် ဩဂုတ် ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဓာတ်အားစနစ်မှ ရယူသုံးစွဲလျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင်ဓာတ်အားပေးစက် တပ်ဆင်အသုံးပြု ဆောင်ရွက်လျက်ရှိသော ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ်ဓာတ်အားရယူသုံးစွဲဆောင်ရွက်မည့်အစီ အစဉ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ် ဓာတ်အားရရှိရေးသည် များစွာအရေးပါသဖြင့် မိမိတို့ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ရရှိနိုင်သမျှသော စွမ်းအင်အရင်း အမြစ်မျိုးစုံကိုအသုံးပြု၍ ရင်းနှီးမြှုပ်နှံမှုနည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အား အမြန်ဆုံးတိုးတက် ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/ စက်မှုလက်မှုလုပ်ငန်းများတွင် တည်ငြိမ်သော လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဓာတ်အား ပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကိုလည်း တည်ဆောက်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဓာတ်အားစနစ်မှ ရယူသုံးစွဲ လျက်ရှိသော ဘိလပ်မြေစက်ရုံများနှင့် ကိုယ်ပိုင် ဓာတ်အားပေးစက် တပ်ဆင်အသုံးပြု ဆောင်ရွက် လျက်ရှိသော ဘိလပ်မြေစက်ရုံများ၏ လျှပ်စစ် ဓာတ်အား စနစ်တကျ ရယူ/သုံးစွဲဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ယနေ့အစည်းအဝေး ကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ ဘိလပ်မြေစက်ရုံ အသီးသီးအနေဖြင့် လိုအပ်လျက်ရှိသော လျှပ်စစ် ဓာတ်အားကို ဝန်ကြီးဌာနမှ ဖြန့်ဖြူးပေးလျက်ရှိ သကဲ့သို့ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်ဖြင့် အပူ စွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင် အစရှိသော စွမ်းအင်အရင်းအမြစ်တို့မှ လျှပ်စစ်ဓာတ်အားရယူနိုင် ရေး စီမံဆောင်ရွက်သွားနိုင်ကြောင်း၊ ထိုသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် လိုအပ် သော နည်းပညာကိုလည်းဝန်ကြီးဌာနမှ ပံ့ပိုးကူညီ ပေးသွားမည်ဖြစ်ကြောင်းနှင့် အခက်အခဲရှိပါက ပြန်လည်တင်ပြရန် လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်း၏ သက်ဆိုင်ရာနယ်မြေများရှိ ဘိလပ်မြေစက်ရုံများ၏ တာဝန်ရှိသူများက လျှပ်စစ် ဓာတ်အားရယူ/ သုံးစွဲဆောင်ရွက်လျက်ရှိသည့် အစီ အစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကားပြောကြားကြောင်း သိရသည်။
သတင်းစဉ်