
နေပြည်တော် ဇန်နဝါရီ ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (INGOs)များနှင့် ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေးတို့သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်များပင် ဖြစ်ပါကြောင်း၊ လက်ရှိအစိုးရသက်တမ်း အတွင်းမှာပင် အဆိုပါလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရန်နှင့် ငြိမ်းချမ်းပြီး သာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာစေရန် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို ရေးဆွဲထားပါကြောင်း။
အကောင်အထည်ဖော်ခဲ့
အဆိုပါ စီမံကိန်းနှင့်အညီ နိုင်ငံတော်ဒုတိယသမ္မတ ဦးဆောင်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်း စီမံချက်ပါ ဦးစားပေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်တွင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စီမံချက်အကောင်အထည်ဖော် တိုးတက်မှုအခြေအနေကို စောင့်ကြည့်အကဲဖြတ်ခဲ့ပါ ကြောင်း၊ အကဲဖြတ်မှုများအရ စီမံချက်ပါဦးစားပေးစီမံကိန်း ၃၂ ခုအနက် ၂၈ ခုကို အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့အတူ နိုင်ငံတော် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကာလအလွန် ပြန်လည် ထူထောင်ရေးအတွက် ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်ကို အကောင်အထည်ဖော်လျက်ရှိပါ ကြောင်း၊ ထို့အပြင် Myanmar Economic Resilience and Reform Plan (MERRP)ကိုလည်း ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း။
ပူးပေါင်းဆောင်ရွက်လျက်ရှိ
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အဖွဲ့အစည်းထူထောင် နိုင်ရန် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု ကဲ့သို့ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှု များ၊ ကွာဟချက်များနှင့် အကြံပြုချက်များကို ဖော်ထုတ်နိုင် မည့် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် အဖွဲ့အစည်းများ၏ စီမံကိန်းလုပ်ငန်းများကို ဟန်ချက်ညီညီ ချိတ်ဆက် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီမံကိန်းများရေးဆွဲရာတွင် စီမံကိန်း အကောင်အထည်ဖော်သည့်နေရာရှိ ဒေသခံ ပြည်သူလူထုအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေရန် အလေးထားဆောင်ရွက်သည့် ရန်ပုံငွေခွဲဝေသုံးစွဲခြင်းမျိုး ဖြစ်ရန်လည်း လိုအပ်ကြောင်း ပြောကြားသည်။
ဦးစားပေးလုပ်ငန်းစဉ်များ
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ညှိနှိုင်းအစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ် ချက်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ၂၀၂၁ ခုနှစ်အတွင်းဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသော အဖွဲ့အစည်း များမှ တာဝန်ရှိသူများက ဦးစီးဌာန၊ ဝန်ကြီးဌာနနှင့်ပူးပေါင်း ၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ကိစ္စရပ်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းလုပ်ငန်းများ စသည်တို့တွင် ပူးပေါင်းဆောင်ရွက်သွား ကြမည်ဖြစ်ကြောင်းနှင့် ညှိနှိုင်းပေါင်းစပ်မှုများကို ခံစားရရှိ မည့် ပြည်သူလူထု အကျိုးရှိစေရန် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ ကြသည်။
အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်း ၂၃ ဖွဲ့မှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး JICA နှင့် INGO Forum တို့မှ တာဝန်ရှိသူ များကလည်း လေ့လာသူများအဖြစ် တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်