ဘောကထ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး KNU ၏ အဆိုပြုမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၁၈

 

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်အတွင်း ဘောကထရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာလုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစိုးရနှင့် ကေအဲန် ယူ-ကရင် အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

 

ညှိနှိုင်းအစည်းအဝေးသို့ ငြိမ်းချမ်း ရေးကော်မရှင်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေနှင့်  ဦးမိုးဇော်ဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင်နှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘောကထ ရေအား လျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံး၏ အဆိုပြုချက်များနှင့် လက်ရှိ အခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသည့် ဦးဟိန်းထက်၊ ဒေါ်မိမိခိုင် တို့က ဘောကထရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေ များ၊ နိုင်ငံတော်အစိုးရက အကောင် အထည်ဖော် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ မူဝါဒ များ၊ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမည့် Hydropower Projects for Peace လျာထားချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ အကြံပေးအဖွဲ့ ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦးတို့က ငြိမ်းချမ်းရေးနှင့် ဆက်စပ်၍ ရှင်းလင်းဆွေးနွေးကြ သည်။

ဆက်လက်၍ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး၏ တင်ပြချက် အပေါ် ဆောင်ရွက်နိုင်မည့် အစီအစဉ် များအား ဆွေးနွေးကြပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်