
ဘားအံ နိုဝင်ဘာ ၁၈
ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ ပညာရေး ဝန်ကြီးဌာန ဘားအံပညာ့ရိပ်သာ အိမ်ရာဝင်းစီမံကိန်း ဖွင့်ပွဲကို နိုဝင်ဘာ ၁၇ ရက်က ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေရှိ အဆိုပါရိပ်သာ လူထုအခြေပြုဗဟို ဌာနခန်းမ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက နိုင်ငံ၏အနာဂတ်အတွက် အလွန်အရေးကြီး သည့် ပညာရေးကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြ သည့် ဆရာ ဆရာမများအား နိုင်ငံတော်အစိုးရက အလေးအနက်ထား ပံ့ပိုးလျက်ရှိရာ ဆရာ ဆရာမများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်နေပြီး ကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် အဆင့်မြင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့တွင် ဘားအံပညာ့ ရိပ်သာအိမ်ရာဝင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး အဆင့်မြင့် တိုက်ခန်းများတွင် ပရိဘောဂအပြည့်အစုံဖြင့် ဆရာ ဆရာမများ အဆင်ပြေပြေနေထိုင်နိုင်မည်ဖြစ်သည့် အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ စံနမူနာပြ ဆရာ ဆရာမများ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံပညာ့ရိပ်သာအိမ်ရာဝင်းစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး Myanmar Imperial Vega ကုမ္ပဏီလီမိတက်က ဘားအံတက္ကသိုလ် ပါမောက္ခချုပ်ထံ အိမ်ရာသာယာ ရေး မတည်ငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ပညာ ရေးဝန်ကြီးဌာန ဘားအံပညာ့ရိပ်သာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ရာဝင်းအတွင်း အိပ်ခန်း တစ်ခန်းပါ အခန်းပေါင်း ၃၂ ခန်းပါဝင်သော လေးထပ် တိုက် တစ်လုံး၊ အိပ်ခန်း နှစ်ခန်းပါ အခန်းပေါင်း ၃၂ ခန်း ပါဝင်သည့် လေးထပ်တိုက် သုံးလုံး၊ အိပ်ခန်း သုံးခန်းပါ အခန်းပေါင်း ၃၂ ခန်းပါဝင်သည့် လေးထပ် တိုက် တစ်လုံး စုစုပေါင်း အိမ်ခန်းပေါင်း ၁၆၀၊ ရေ၊ မီး၊ မိလ္လာနှင့် အရေးပေါ် မီးငြှိမ်းသတ်ရေးစနစ်များ၊ Gym ခန်းမနှင့် Community Centre ခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ဘားအံတက္ကသိုလ်အဝင်လမ်း၌ တစ်ဖက်လျှင် ၁၂ ပေအကျယ် လမ်းလယ်ကျွန်းနှင့် တစ်ဖက်လျှင် ပလက်ဖောင်း ငါးပေစီပါဝင်သော အရှည် ပေ ၅၈၀ ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)