
ဘားအံ ဧပြီ ၂၄
ကရင်ပြည်နယ်အတွင်း သားငါး ကဏ္ဍ ဖူလုံပိုလျှံစေရေးအတွက် ဘားအံမြို့နယ် သမ္ဘာန်ကျေးရွာ အုပ်စုတွင် အောင်ငွေဖူးကုမ္ပဏီ လီမိတက်က ငါးမွေးမြူရေးဇုန် ဆောင်ရွက်ရန် လျာထားသောမြေ နေရာကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ က ဧပြီ ၂၃ ရက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် သမ္ဘာန်ကျေးရွာ စိုက်ပျိုးရေးသုတေသနမျိုးပွားခြံ တာဝန်ခံ ရုံးခန်း၌ ငါးမွေးမြူရေးဇုန်လုပ်ကိုင် ဆောင်ရွက်ရန် အဆိုပြုတည် နေရာနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ပြည်နယ် ငါး လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစုံမိုင်းနှင့် အောင်ငွေဖူးကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူများက ခန့်မှန်းအဆိုပြုဧရိယာ ၂၇၇ ဒသမ ၇၂ ဧကခန့်၌ ငါးမွေးမြူရေးဇုန် လုပ်ကိုင်ဆောင်ရွက်မည့်အစီအမံ များ၊ အဆိုပါ မြေဧရိယာအတွင်း တောင်သူများ၏ စိုက်ပျိုးလုပ်ကိုင် မှုအခြေအနေ၊ တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေး သုတေသန မျိုးပွားခြံအတွင်း ကုန်ထုတ်လမ်းနှင့် Pipe Culvert ငါးစင်း တည်ဆောက်ခြင်း လုပ်ငန်း၊ အုတ်တံတိုင်းတည်ဆောက်ခြင်းလုပ်ငန်း၊ အတွင်း လမ်းခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနမျိုးပွားခြံရှိ ခြွေလှေ့ စက်၊ အခြောက်ခံစက်၊ မျိုးစေ့ သန့်စင်စက်များကို တောင်သူများ လာရောက်အသုံးပြုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည် များကို မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲ မြို့နယ် ရွာသာအေးမွေးမြူရေးဇုန် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး မွေးမြူရေး တောင်သူများနှင့် တွေ့ဆုံရာ ဘားအံခရိုင် အုပ်ချုပ် ရေးမှူး ဦးအောင်လွင်က မွေးမြူ ရေးဇုန်အကွက်ချထားမှုနှင့် မွေးမြူ သည့် တိရစ္ဆာန်အမျိုးအစားများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးဇုန် ကော်မတီဥက္ကဋ္ဌက ဇုန်အတွင်း မွေးမြူထားရှိမှု၊ ရေပိုက်လိုင်းများသွယ်တန်းပေးနိုင်ရေး၊ လျှပ်စစ် မီတာရရှိရေး၊ ချေးငွေရရှိရေး နှင့် မွေးမြူရေးတောင်သူများ ကြုံ တွေ့နေရသည့်အခက်အခဲ၊ လိုအပ် ချက်များကို တင်ပြဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ရွာသာအေးမွေးမြူရေးဇုန်တွင် ဥစားကြက်ကောင်ရေ ၂၃၁၀၀၊ အသားစားကြက်ကောင်ရေ ၁၅၀၀၊ ဆိတ်ကောင်ရေ ၁၄၀၊ ဝက် ၁၆၉ ကောင်၊ နွား ၃၅ ကောင်၊ တိုင်းရင်း ကြက်ကောင်ရေ ၂၀၀ တို့ကို မွေးမြူထားရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)