ဘားအံမြို့၊ မုံရွာမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ   ၁၆ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ဘားအံမြို့ အမှတ်(၆)ရပ်ကွက် ကမ္ဘောဇလမ်းနေ ကျော်စည်သူနိုင်(ခ)ကျော်ရဲနိုင် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကြမ်းပြင် ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ည ၇ နာရီခွဲတွင် ဘားအံ-ဇာသပြင်သွား ကားလမ်း  ဇာသပြင်(အနောက်) ကျေးရွာအနီးတွင်  မောင်ငယ်ကို ဆိုင်ကယ် တစ်စီး၊   စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၀၀  ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း။


ထို့နောက် ဘားအံမြို့နယ် ကော့ဒိုက်ပြင်ကျေးရွာနေ စောခင်ဇော် ၏နေအိမ်သို့  ဆက်လက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၈၀၀  သိမ်းဆည်းရမိခဲ့သဖြင့်  ကျော်စည်သူနိုင်(ခ) ကျော်ရဲနိုင်၊ မောင်ငယ် နှင့် စောခင်ဇော်တို့ကိုလည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင် များပါဝင်သော   ပူးပေါင်းအဖွဲ့သည်  မုံရွာမြို့  အောင်ချမ်းသာရပ်ကွက်   ပြည်ထောင်စုလမ်းအနီးတွင် သိုင်းထက်စိုး(ခ)သိုင်းထက် မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်လက်ကိုင် တွင် ချိတ်ထားသည့် ဘိန်းဖြူ သုည ဒသမ ၀၉၉၈ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် သိုင်းထက်စိုး(ခ)သိုင်းထက်ကို လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင်   ဇော်နိုင် မောင်းနှင်ပြီး မထိပ်ထားလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ 


ရဲပြန်ကြား