
ဘားအံ ဧပြီ ၁၂
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့၌ မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဧပြီ ၁၁ ရက် ညနေ ၆ နာရီက ယိမ်းအကနှင့် တစ်ပင် တိုင်အကပြိုင်ပွဲဖွင့်ပွဲကို
ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရိကွင်းရှိ ဗဟို မဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တစ်ပင်တိုင်အက ၁၂ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
ကရင်ပြည်နယ်ရှိ သမီးပျိုလေးများ၊ ကိုယ်ပိုင် သံစဉ်ရေးစပ်သီကုံးသော ဂီတစာဆိုများ၊ အဆိုရှင် များက သင်္ကြန်ယိမ်းအကအလှများ၊ တစ်ပင်တိုင် သင်္ကြန်အကများဖြင့် အပြိုင်အဆိုင်ပါဝင်ယှဉ်ပြိုင် ကြရန်နှင့် အကဲဖြတ်ဒိုင်များက အမှတ်ပေးရွေးချယ်၍ ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအဖွဲ့များ၊ တစ်ပင် တိုင်အကများက တက်တက်ကြွကြွဖြင့် အကောင်း ဆုံး ယှဉ်ပြိုင်ကြပြီး မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကို ပျော်ရွှင်စွာဆင်နွှဲ၍ နှစ်သစ်တွင် ကောင်းကျိုး လိုအင်ဆန္ဒများ ပြည့်စုံကြပါစေကြောင်း ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြော ကြားသည်။
ဖျော်ဖြေယှဉ်ပြိုင်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာ့ရိုးရာမဟာသင်္ကြန်ယိမ်းအကနှင့် တစ်ပင်တိုင် အကပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲ ကို စတင်ကျင်းပရာ ကိုယ်ပိုင်သံစဉ်ယိမ်းအဖွဲ့ သုံးဖွဲ့၊ ကော်ပီသံစဉ် ယိမ်းအဖွဲ့ ၁၀ ဖွဲ့၊ တစ်ပင်တိုင်အက ခြောက်ဖွဲ့တို့က ပြိုင်ပွဲပထမညအနေဖြင့် သီဆိုကပြ ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၊ ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ပတ်ဝန်းကျင် ဒေသများမှ တိုင်းရင်းသားပြည်သူများ ကြည့်ရှု အားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်မိသားစုနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စေတနာရှင်/ ဝါသနာ ရှင်များက ပြိုင်ပွဲဝင်သင်္ကြန် ယိမ်းအကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ရှင်းလင်းတင်ပြ
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် ဒုတိယအကြိမ် ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်အား ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲနိုင်ရန်နှင့် အောင်မြင်စွာ ကျင်းပနိုင်ရန် ဧပြီ ၁၂ ရက် နံနက်ပိုင်းက ဘားအံ မြို့ အမှတ်(၄)ရပ်ကွက် ကမ်းနားလမ်း(ဘားအံ-ထုံးအိုင် ကားလမ်းမကြီး) ခေမာလမ်းထိပ်မှ အင်ကုန်း လမ်းထိပ်အထိ စုစုပေါင်း ပေ ၁၀၀၀ ကျော်အား မုခ်ဦး အလှ၊ ပုသိမ်ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်း အလှများဖြင့် တန်ဆာဆင် ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ဘားအံမြို့ လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)