နေပြည်တော် မေ ၁၆
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရတနာခန်းမ၌ ကျင်းပသည်။
တတိယအကြိမ်မြောက် ဖွင့်လှစ်
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ က ယခုသင်တန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထားများ ပိုမိုကောင်းမွန်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ သိရှိရမည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ရန်၊ ပြည်တွင်း/ပြည်ပနိုင်ငံရေး၊ စီးပွား ရေးနှင့် လူမှုရေးအခြေအနေများကို လေ့လာသိရှိစေရန်၊ ကောင်းမွန် သော အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှုသဘောတရားများကို သိရှိနားလည် စေရန်နှင့် ပြည်သူကို ဝန်ဆောင်မှုပေးရာတွင် အားကောင်းစွာ၊ အဂတိ တရားကင်းရှင်းစွာ၊ ခွဲခြားဆက်ဆံမှုကင်းရှင်းစွာဖြင့်၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ဆောင်မှု ပေးနိုင်စေရန်ရည်ရွယ်၍ တတိယအကြိမ်မြောက် ဖွင့်လှစ်သည့်သင်တန်း ဖြစ်ကြောင်း။
အထူးဂရုပြုလေ့လာမှတ်သား
သင်တန်းတွင် တက္ကသိုလ်ရှိ ပညာဌာနကြီး ရှစ်ခုမှ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြားဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးမှ ၎င်းတို့၏ လုပ်ငန်းဆိုင်ရာများနှင့် သိသင့်သိအပ်သည့် အကြောင်းအရာများကိုလည်း လာရောက်ပို့ချပေးမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ အသိပညာရှင် ကျွမ်းကျင်ပညာရှင်များကလည်း လာရောက်ဆွေးနွေးပို့ချပေးမည်ဖြစ်၍ အထူးဂရုပြုလေ့လာ မှတ်သား ကြရန် မှာကြားလိုကြောင်း။
အစွမ်းကုန်ကြိုးစားအားထုတ်
သင်တန်းအတွက် သတ်မှတ်ထားရှိသည့် ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး သတ်မှတ်ထားသော စည်းကမ်းများ၊ သင်တန်း ဆိုင်ရာ စည်းကမ်း၊ တည်မြဲအမိန့်၊ ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များ ကို တိကျစွာ လိုက်နာပြီး မိမိဌာနအဖွဲ့အစည်း၏ ဂုဏ်သိက္ခာ မြှင့်တင် နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်ကြရန် မှာကြားသည်။
အဆိုပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းသား ၁၁၉ ဦး၊ သင်တန်းသူ ၁၂၉ဦး စုစုပေါင်း ၂၄၈ ဦးတို့ တက်ရောက်ပြီး သင်တန်းကာလမှာ မေ ၁၆ ရက်မှ ဇူလိုင် ၂၂ ရက် အထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေသည် တက္ကသိုလ်ပင်မရုံး အစည်းအဝေးခန်းမတွင် တက္ကသိုလ်ရှိ ဆရာ ဆရာမ များ၏ လေ့ကျင့်သင်ကြားမှု၊ တွေးခေါ်မြော်မြင်နိုင်မှု၊ နိုင်ငံတကာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့အတွက် လေ့ကျင့်သင်ကြားမှု စွမ်းရည်မြှင့်တင်ရန် ဆောင်ရွက်သွားမည့် အစီအမံ များကို တက္ကသိုလ်မှ တာဝန်ရှိသူများကို တွေ့ဆုံမှာကြားပြီး ဆွေးနွေး တင်ပြချက်များအရ ကြုံတွေ့ရသော အခက်အခဲများအပေါ် ပြန်လည် ဆွေးနွေးဖြည့်ဆည်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



