
ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ခ) မှ နောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့ရာ အင်္ဂလန်နှင့် အမေရိကန်တို့ အနိုင်ရရှိပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့သည်။
ဝေးလ်နှင့် အင်္ဂလန်အသင်းတို့ပွဲစဉ်တွင် အင်္ဂလန်အသင်းက ပွဲချိန် မိနစ် ၅၀ ၊ ၅၁ မိနစ်နှင့် ၆၈ မိနစ်တို့တွင် ရက်ဖို့ဒ်နှင့် ဖိုဒင် တို့၏ သွင်းဂိုး များနှင့်အတူ သုံးဂိုးပြတ် အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် အင်္ဂလန်အသင်း သည် သုံးပွဲကစားပြီး ရမှတ် ၇ မှတ်နှင့်အတူ အုပ်စုပထမဖြင့် ရှုံးထွက် အဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အီရန်နှင့် အမေရိကန်အသင်းတို့ပွဲစဉ်တွင် အမေရိကန်အသင်းက ပွဲချိန် ၃၈ မိနစ်တွင်ရရှိခဲ့သော ပူလီဆစ်၏ တစ်လုံးတည်းသော သွင်းဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုအနိုင်ပွဲကြောင့် အမေရိကန်အသင်းသည် သုံးပွဲကစားပြီး ရမှတ် ငါးမှတ်နှင့်အတူ အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
နိုဝင်ဘာ ၃၀ ရက် ည ၉ နာရီခွဲတွင် အုပ်စု(ဃ)မှ အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သည့် ဩစတြေးလျနှင့် ဒိန်းမတ်၊ တူနီးရှားနှင့် ပြင်သစ်တို့ ပွဲစဉ်များ ယှဉ်ပြိုင်ကြရာ ဩစတြေးလျနှင့် တူနီးရှားတို့က ပြိုင်ဘက် များကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိကြသည်။
ဩစတြေးလျနှင့် ဒိန်းမတ်ပွဲတွင် နှစ်သင်းစလုံး အုပ်စုမှတက်ရန် အခွင့်အရေးရှိသဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြပြီး ဩစတြေးလျ အတွက် အနိုင်ဂိုးကို ဒုတိယပိုင်း မိနစ် ၆၀ ၌ မက်သရူးလက်ကီက သွင်းယူပေးသည်။ တူနီးရှားနှင့် ပြင်သစ်တို့ပွဲတွင် ပြင်သစ်တို့က နှစ်ပွဲ နိုင်ထား၍ အုပ်စုမှတက်နေပြီး တူနီးရှားက ဩစတြေးလျနှင့် ဒိန်းမတ် တို့ပွဲရလဒ်ပေါ်မူတည်၍ အနိုင်ရပါက မျှော်လင့်ချက်ရှိခဲ့သည်။ တူနီးရှား အတွက် အနိုင်ဂိုးကို ပွဲချိန် ၅၈ မိနစ်တွင် ခါဇရီက သွင်းယူပေးခဲ့သည်။ အုပ်စု(ဃ)ပွဲစဉ်များအပြီးတွင် ပြင်သစ်နှင့် ဩစတြေးလျ ခြောက်မှတ်စီ တူသော်လည်း ဂိုးကွာခြားချက်ဖြင့် ပြင်သစ်က အုပ်စုပထမ၊ ဩစတြေးလျ က အုပ်စုဒုတိယဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
ဇော်ဇော်