အုန်းဆံများအသုံးပြုပြီး လူသုံးကုန်ပစ္စည်းများထုတ်လုပ်သည့် နည်းပညာသင်တန်းများ ပို့ချပေးသွားမည်

 

နေပြည်တော်   ဧပြီ   ၂၁


သမဝါယမနှင့်     ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင်         ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့   ရောက်ရှိပြီး   အသေးစား စက်မှုလက်မှုလုပ်ငန်းများ     ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 


ဦးစွာ   ဒုတိယဝန်ကြီး  ဦးမြင့်စိုးနှင့် အဖွဲ့သည် ကိုကိုးကျွန်းမြို့နယ် မြို့တော်ခန်းမ၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊   သင်တန်းသားများနှင့် တွေ့ဆုံပြီး အုန်းထွက်ပစ္စည်းများကို ယခုထက်ပိုမို စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးနှင့် ထုတ်ကုန်များအား ဈေးနှုန်း သက်သာစွာရောင်းချနိုင်ရေး ဆောင်ရွက် သွားရန်   လမ်းညွှန်ထားကြောင်း၊  အုန်းအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ် သည့် သင်တန်း၊ အုန်းလက်မှုထည် ထုတ်လုပ်သည့် သင်တန်းများကို  နှစ်ပတ်ကြာ  သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းများအနက်      ကိုယ်ပိုင်လုပ်ငန်း ထူထောင်သည့်သူများရှိသည်ဟု   သိရသည့်အတွက် ဝမ်းမြောက်ကြောင်း၊  သင်တန်းပြီးစီး၍  လုပ်ငန်း ထူထောင်နေသူများ၏   ထုတ်ကုန်များ  ဈေးကွက် ရရှိရေး၊ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊      တစ်နိုင်တစ်ပိုင် ဆောင်ရွက်သည်ထက် အသင်းအဖွဲ့ဖြင့် ဆောင်ရွက် ပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်သဖြင့် သမဝါယမ စနစ်ဖြင့်   စုပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အုန်းဆံများ    အသုံးပြုပြီး  လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် နည်းပညာသင်တန်းများ ပို့ချပေး သွားမည်ဖြစ်ပါကြောင်း၊   ကိုကိုးကျွန်းဒေသဖွံ့ဖြိုး လာစေရန်အတွက်   မိမိတို့ဝန်ကြီးဌာနက  ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊   ကိုကိုးကျွန်းဒေသကဲ့သို့ အခြား  တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း အကောင်အထည်ဖော်    ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍   ဒုတိယဝန်ကြီးနှင့်  အဖွဲ့သည် ကိုကိုးကျွန်းဒေသ အုန်းဆံကြိုးစက်ရုံ တည်ဆောက် နေမှုကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စားသောက်ကုန် သင်တန်း      တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်ပိုင်တစ်နိုင်   ဆောင်ရွက်နေသည့်  “ပြည့်စုံ” စားသောက်ကုန်လုပ်ငန်း      ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

 


ဆက်လက်၍ ရေတပ်အခြေစိုက်စခန်းမှ ဖွင့်လှစ် ထားသော အုန်းဆံကြိုးစက်ရုံ၊ အလှဆင်ပစ္စည်းများ နှင့်   အိမ်သုံးပစ္စည်းများ   ထုတ်လုပ်မှုလုပ်ငန်းနှင့် ဆေးဖက်ဝင်     အဆီကျအုန်းဆီသန့်ထုတ်လုပ်မှု စက်ရုံကို ကြည့်ရှုလေ့လာသည်။

 


ထို့နောက်   ဒုတိယဝန်ကြီးသည်  ရန်ကုန်မြို့ ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံ၍ ယခုဘဏ္ဍာ နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော   လုပ်ငန်းများအား  အချိန်မီပြီးစီးရန်နှင့် ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှုအားကောင်း စွာဖြင့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက် သွားကြရန်    မှာကြားပြီး   မိုးဦးပန်းအထွေထွေ ရောင်းဝယ်ရေး     သမဝါယမအသင်းလီမိတက်၏ ဒေသထွက်ကုန်   အရောင်းဆိုင်အား   လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းပေး ခဲ့သည်။ 

သတင်းစဉ်