
ရန်ကုန် ဒီဇင်ဘာ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် နိုင်ငံ တော် သံဃမဟာနာယက ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် သာသနာ ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်သာသနာရေးမှူးများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာ တော်၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသက ဆောင်ရွက်တော်မူ ပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒ ဝံသာလင်္ကာရာဘိဝံသက ဆောင်ရွက်တော်မူသည်။
ဝေဖန်ဆွေးနွေးတော်မူ
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန် ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်အပေါ် အဂ္ဂမဟာ ပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တပညာ သီဟာလင်္ကာရာဘိဝံသက လည်းကောင်း၊ သာသနာ ရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များအပေါ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိလာသာဘိဝံသက လည်းကောင်း ဝေဖန်ဆွေးနွေး တော်မူကြသည်။
ဆက်လက်၍ ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်တော်မူကြပြီး အစည်းအဝေးကို နံနက် ၉ နာရီခွဲတွင် ရပ်နားသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ထို့နောက် ပြည်တောင်စုဝန်ကြီးသည် မဟာ နာယကကျောင်းတော်ကြီးသို့ သွားရောက်၍ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ အား အလှူရှင်မိသားစုများနှင့်အတူ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ဥပ္ပါတသန္တိဝတ်ရွတ်စဉ်ကျမ်း နှင့် ဗုဒ္ဓရုပ်ပွားပုံတော်များကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမအစည်းအဝေး ဒုတိယနေ့ ဒုတိယပိုင်းကို မွန်းလွဲပိုင်းတွင် ဆက်လက် ကျင်းပပြီး ဝိနိစ္ဆယရေးရာကိစ္စများ၊ သာသနာရေးရာ ကိစ္စများ၊ ပညာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်တော်မူကြသည်။
ဆက်လက်၍ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင် ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးဆုံးဖြတ်ချက်များ အပေါ် ဝိနိစ္ဆယရေးရာ ဆောင်ရွက်ချက်ကို အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဝိသုဒ္ဓါစာရာဘိဝံသက လည်းကောင်း၊ သာသနာရေးရာဆောင်ရွက်ချက်များကို အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဥတ္တရက လည်းကောင်း၊ ပညာရေးရာ ဆောင်ရွက်ချက်များကို အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒဝရ က လည်းကောင်း ပြန်ကြားလျှောက်ထားတော်မူကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် တာဝန် ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင်ဆရာတော်၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသက အတည်ပြုချက်ရယူပြီး အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ပန္နရသမ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။
တစ်နေ့တာ ဆက်ကပ်
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာ ကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော် ကြီးများအား သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဝေဠုဝန် (ရွှေကျင်) ကျောင်းတိုက်ဆရာတော်၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တမာနိတဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမ ဓမ္မမိတ်ဆွေများက သတ္တတိံ သတိမ (၃၇) ကြိမ်မြောက် အရုဏ်ဆွမ်းနှင့် နေ့ဆွမ်း တစ်နေ့တာ ဆက်ကပ်လှူဒါန်းကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မဟာ ပါသာဏလိုဏ်ဂူတော်ကြီး ပြုပြင်ဆောင်ရွက်ပြီးစီးမှု နှင့် လက်ရှိထိန်းသိမ်းဆောင်ရွက်ထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးကာ ပျက်စီးချို့ယွင်းမှု မရှိစေရေး၊ ယခုလက်ရှိအခြေအနေထက် လျော့ကျမှု မရှိစေရေး စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ ပန္နရသမအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံ များနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့ တက်ရောက်ပြီး (၄၇) ပါးစုံညီအစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သော သာသနာရေးရာ၊ ဝိနိစ္ဆယ ရေးရာ၊ ပညာရေးရာဆုံးဖြတ်ချက်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ယင်းတို့ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များထံ တင်ပြညှိနှိုင်း၍ ဆောင်ရွက်ရေး မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်သာသနာ ရေးမှူးများက သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာကိစ္စရပ်များ ဆောင်ရွက်မှုနှင့် ဒေသ အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်