အတွင်းပူ အပြင်ပူ

Type

 

သိန်းထွန်း (IR)

မိုးကုန်တာနဲ့ ဆောင်းအငွေ့အသက်တွေ ကို   တွေ့ထိလာရပြီ။   မနက်အစောပိုင်း ဆိုရင်  အေးစိမ့်စိမ့်အရသာလေး ထိတွေ့ လိုက်ရင်          စိတ်ကိုလန်းသွားတာပဲ။ မြောက်ပြန်လေဝင်လာတော့       အအေး ဓာတ်လေးလည်းပါလာတယ်။      နေ့ခင်း တော့   မအေးသေးပါဘူး။   မနက်ပိုင်းနဲ့ ညပိုင်းလောက်ပဲ အေးသေးတယ်။ 
အအေးဓာတ်လေးဝင်လာရင်   အပူ ဒဏ်လျော့ကောင်းပါရဲ့လို့ မျှော်နေရတာ။ မိုးအကုန်၊       ဆောင်းအကူးဆိုပေမယ့် နေကပူလိုက်တာ။    မိုးလေးရွာတုန်းက တော့ ဒီလောက်ပူတယ်လို့  မခံစားရဘူး။ ညပိုင်းမှာ    မိုးရွာထားရင်    နေ့ခင်းအထိ အအေးဓာတ်လေးရနေတော့ အပူဒဏ်က သိပ်မသိသာဘူး။    အခုဆို    မိုးကုန် သလောက်ရှိပြီ။ မိုးအကုန်  ဆောင်းအကူး မှာတင်ပဲ    အပူဒဏ်က   လက်စွမ်းပြနေ လိုက်တာ။  ဒါတောင်  နွေမရောက်သေး ဘူး။      နွေရောက်ရင်    ဘယ်လောက် ပူလိုက်မလဲ စဉ်းစားမရဘူး။   အပူဒဏ်က တစ်နှစ်ထက်တစ်နှစ် တိုးလာလိုက်တာ လျော့သွားတယ်လို့ကို  မတွေ့မိသေးဘူး။ ကိုယ့်ဆီမှာ    ပိုပူလာလို့သာ      ပြောရတာ အေးတဲ့နေရာတွေမှာကျပြန်တော့ အအေး လွန်ကဲနေလို့တဲ့။ ရာသီဥတုတွေ  ဖောက် ပြန်နေလိုက်တာ။
ကမ္ဘာ့အပူချိန် 
တစ်နှစ်ထက်တစ်နှစ်စံချိန်ချိုး  
ပြီးခဲ့တဲ့ရက်ပိုင်းက   သတင်းတစ်ပုဒ် ဖတ်ရတယ်။  ရာသီဥတုဆိုင်ရာ  အချက် အလက်တွေအရ      ၂၀၂၃   ခုနှစ်ဟာ တစ်ကမ္ဘာလုံး  ပျမ်းမျှအပူချိန်  အမြင့်ဆုံး ဖြစ်နေတယ်လို့   ဆိုပါတယ်။  ၂၀၂၃ က မကုန်သေးဘူး။   နိုဝင်ဘာလ   လဝက်နဲ့ ဒီဇင်ဘာ ကျန်သေးတယ်။ နှစ်မကုန်သေး ပေမယ့်  လက်ရှိမှတ်တမ်းတွေအရ အပူဆုံး နှစ်ဖြစ်ဖို့ သေချာသလောက်ပဲတဲ့။ ကမ္ဘာ့ အပူချိန်မြင့်တက်နေတာက       တစ်နှစ် ထက်တစ်နှစ်       စံချိန်ချိုးနေလိုက်တာ     လျော့ကျမယ့်အခြေအနေ  မရှိသေးဘူး။ 
အခု  ၂၀၂၃  ကလည်း   စံချိန်ချိုးမယ် ဆိုတဲ့သဘောပေါ့။  မှတ်တမ်းတွေအရ အပူချိန်စံချိန်ချိုးနေသလို    လက်တွေ့ ခံစားရတာလည်း   စံချိန်တင်ရော။  အပူ ဒဏ်ခံနိုင်ပါတယ်ဆိုတဲ့     အညာသား တောင် ဒီအပူဒဏ်ကို ကျောကော့အောင် ခံနေရတယ်။   နေ့လယ်နေ့ခင်း  အပြင် ထွက်လိုက်ရင်     အပေါ်ပူ  အောက်ပူနဲ့။ အထက်မီး  အောက်မီး မုန့်လုပ်တဲ့ အိုးထဲ ရောက်နေသလား မှတ်ရတယ်။ ထီးလေး၊ ဦးထုပ်လေးလို အဆောင်းတစ်ခုခုမှ  မပါ ရင်    အပြင်မထွက်ရဲဘူး။     ပူချက်က ကမ်းကုန်ရော။
အပြင်ထွက်လို့     နေပူတာကိုသာ ပြောရတာပါ။   အိမ်ထဲလည်း   မထူးဘူး ရယ်။   တစ်ရှိန်ရှိန်နဲ့။    နေစရာမရှိဘူး။ လေတိုက်တဲ့အချိန်ဆို    အပူသက်သာ တယ်။  ညဘက်လေမတိုက်ရင်  အပူရှိန် တွေက အိမ်ထဲလှောင်နေရော။ ကျွန်တော် တို့ငယ်ငယ်က နွေညတွေမှာဆို မအိပ်နိုင် ဘူး။  ပူလို့ဆိုပြီး ခြင်ထောင်မပါဘဲနဲ့လည်း အိပ်လို့ကမရ။    ခြင်က     ခွေးဆွဲသလိုပဲ ဝိုင်းဆွဲတာ။ အဲဒီတော့ ခြင်ထောင်ထဲမှာ ယပ်တောင်ခတ်ရင်း       အိပ်ရတာပဲ။ ယပ်ခတ်လို့အေးသွားရင်  အိပ်ပျော်သွား လိုက်၊ ပူလာရင် နိုးလာလိုက်နဲ့ ချွေးတဒီးဒီး ကျရင်း တစ်ညကုန်ရတာ။  တစ်ခါတလေ ပူလွန်းလို့  အိပ်ခါနီးရင် ရေချိုးပြီး အိပ် တယ်။    ရေချိုးပြီးလို့    ခန္ဓာကိုယ်က အေးနေရင် အိပ်လို့ရသေးတယ်။ အသက် ငယ်သေးတဲ့အချိန်တုန်းကတော့ ညဘက် ရေချိုးအိပ်ရဲတယ်။  သိပ်ပြဿနာမရှိဘူး။ အသက်ကြီးလာတော့   အဲဒီလို   မလုပ်ရဲ တော့ဘူး။ အသက်ဉာဏ်စောင့်ပြီး နေနေ ရတယ်။    ကျွန်တော့်အဖေက    အညာ ဘက်မှာ  နေတွေအရမ်းပူတဲ့အချိန်တုန်း က heat stroke  ဖြစ်ပြီးဆုံးသွားခဲ့တာ။ အညာဘက်မှာ နွေရောက်ရင်  သက်ကြီး ရွယ်အိုတွေအတွက်  အန္တရာယ်များတယ်။ ဒါကြောင့်   နေပူတဲ့အချိန်မှာ   သက်ကြီး ရွယ်အိုတွေနဲ့  ကျန်းမာရေးမကောင်းတဲ့ သူတွေက  အနေအထိုင်၊ အသွားအလာနဲ့ အစားအသောက်ကအစ    သတိထားရ တယ်။ ဒီအပူချိန်ဒဏ်ကို  အသက်ငယ်တဲ့ သူတွေတောင်      အံကြိတ်ခံနေရတာ။ သူတို့ ဘယ်လိုလုပ်ခံနိုင်မလဲ။ 
အခုလို       နေပူတာကိုတွေ့တော့ ဦးဘရွှေကို သတိရမိတယ်။  ဦးဘရွှေ ဆို တာ ကျွန်တော်တို့အိမ်နဲ့  နှစ်အိမ်ကျော် မှာနေတဲ့သူပါ။ ကျွန်တော်တို့ ၁၀ နှစ်သား လောက်က   ဦးဘရွှေရဲ့အသက်က ၅၀ ကျော်နေပြီ။  သူက လူပျိုကြီးပါ။ ဦးဘရွှေ က   သောက်ရေ  (ရေချို)  ထမ်းရောင်းပါ တယ်။   အဲဒီအချိန်က   သောက်ရေသန့် ဆိုတာ မရှိသေးဘူး။  သောက်ရေအတွက် ရေချိုထွက်တဲ့   ရေတွင်းကရေကို    သုံးရ တယ်။ ထမင်းချက်ဖို့အတွက်တော့ ရေချို ဖြစ်ဖြစ်၊  မြစ်ရေဖြစ်ဖြစ်  သုံးကြပါတယ်။ မိုးရွာရင်တော့  မိုးရေခံထားပြီး   သုံးတဲ့သူ တွေလည်းရှိတယ်။ ကျွန်တော်တို့ အိမ် ရေတွင်းက   နဲနဲငန်တော့   ရေချိုးဖို့နဲ့ ဆေးကြောဖို့ပဲ သုံးလို့ရတယ်။ သောက်ရေ ကို ဦးဘရွှေဆီကဖြစ်ဖြစ်၊  ရေစည်လှည်း ကဖြစ်ဖြစ်   ဝယ်သုံးရတယ်။  ဦးဘရွှေက သံပုံးနှစ်ပုံးကို   ထမ်းပိုးနဲ့ထမ်းပြီး   ရေမှာ တဲ့အိမ်တွေကို   လိုက်ပို့ပါတယ်။   သူက တစ်နေ့လုံး ရေချိုမထမ်းပါဘူး။ မနက်ပိုင်း တစ်ပိုင်းပဲပို့တယ်။  မနက် ၆ နာရီလောက် ကနေ ၁၀ နာရီ အထိလောက်ပဲ။ အဲဒါပြီး ရင် ဦးဘရွှေ  နားပါပြီ။  အဲဒီဦးဘရွှေမှာ အခြားထူးခြားချက်တွေ အများကြီးပဲ။
 ဦးထုပ်နဲ့ဖိနပ် ချွတ်ရမယ်မထင်
အဲဒီထူးခြားတွေထဲက     တစ်ခုက ဦးဘရွှေဟာ    အင်္ကျီဝတ်လေ့မရှိတာနဲ့ ဖိနပ်စီးလေ့မရှိတာပါပဲ။   ဦးဘရွှေဟာ စွပ်ကျယ်တောင်     ဝတ်လေ့မရှိပါဘူး။ ကျောပြောင်ကြီးပဲ   နေတယ်။  ဒါပေမယ့် ဦးဘရွှေ အင်္ကျီဝတ်တဲ့အချိန်၊  ဖိနပ်စီးတဲ့ အချိန်နဲ့    ဦးထုပ်ဆောင်းတဲ့အချိန်တွေ ရှိပါတယ်။ ဘုန်းကြီးကျောင်း  သီလသွား ယူရင်  ဦးဘရွှေ   အင်္ကျီဝတ်ပါတယ်။ ဖိနပ်စီးပါတယ်။  ဘုန်းကြီးကျောင်းသွား တာမဟုတ်ဘဲ  ကျန်တဲ့အချိန်မှာ ဦးဘရွှေ အင်္ကျီဝတ်ပြီဆိုရင်    သေချာတယ်  ရာသီ ဥတု  တော်တော်အေးလို့ပဲ။    နောက်ပြီး ဦးဘရွှေ ဖိနပ်စီးပြီး  ဦးထုပ်ဆောင်းထား ပြီဆိုရင် အဲဒီနေ့က ချစ်ချစ်တောက် နေပူ လို့ပဲ။ ဖေဖေနဲ့မေမေက ဦးဘရွှေ ဖိနပ်စီး ပြီး     ဦးထုပ်ဆောင်းထားတာ   တွေ့ရင် ဟဲ့ နေအရမ်းပူနေပြီ ဦးဘရွှေ ဖိနပ်စီးပြီး ဦးထုပ်ဆောင်းထားတာ     တွေ့လားလို့ ကျွန်တော်တို့ကို   ပြောပါတယ်။    အဲဒီ ဦးဘရွှေကြီး ဆုံးသွားတာကြာပါပြီ။ အခု နေ ဦးဘရွှေကြီး  ရှိနေသေးတယ်ဆိုရင် သူ့ခမျာ ဦးထုပ်နဲ့ ဖိနပ်ကို ချွတ်ရမယ်ကို မထင်ဘူး။     ထီးတွေ ဘာတွေတောင် ဆောင်းချင်ဆောင်းနေဦးမှာ။
ကျွန်တော်တို့ကတော့    အပူဒဏ် ကာကွယ်နိုင်ဖို့    အရိုးတံရှည်နှီးယပ် တောင်လေး  တဖျပ်ဖျပ်နဲ့  နတ်ကတော် လိုလို  ဘာလိုလို။  အဲဒီလောက်ပူတာက ကိုယ့်နေရာ တစ်ခုတည်းတော့  မဟုတ် ဘူး။ နေရာအနှံ့ပဲ။  ပူတာလည်း မပြောနဲ့။ ပူအောင်လုပ်နေကြတာကိုး။    အပူချိန် မတက်ဖို့၊ ထိန်းသိမ်းဖို့ အော်တဲ့သူတွေမှာ အသံပြာအောင်     အော်နေတဲ့ကြားက အပူချိန်တက်ရတဲ့  အကြောင်းရင်းတွေက လျော့မကျတဲ့အပြင် တိုးတောင် နေလိုက် သေး။ မှတ်ကရော။ 
ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက  ထုတ်ပြန်ထား
၂၀၂၁  ခုနှစ်ကဆိုရင်  ကမ္ဘာကြီး ပူနွေးလာစေတဲ့  ကာဗွန်ဒိုင်အောက်ဆိုက်၊    မီသိန်းနဲ့     နိုက်ထရိုက်အောက်ဆိုက် ထုတ်လွှတ်တာ  စံချိန်သစ်တင်ခဲ့ပါတယ် တဲ့။ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုရင်  ၂၀၂၀   ကနေ   ၂၀၂၁  အတွင်း   တိုးလာတဲ့ ပမာဏာက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း    ပျမ်းမျှနှစ်စဉ်     တိုးတက်နှုန်းထက်      ပိုများနေတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ ကြီးက  ထုတ်ပြန်ထားတာ     တွေ့ရတယ်။    တိုးမှာပေါ့။   ကျောက်မီးသွေး၊  ရေနံနဲ့ သဘာဝဓာတ်ငွေ့        သုံးနေတာတွေက  လျော့မှမလျော့ဘဲကိုး။  အဲဒီကျောက်ဖြစ် ရုပ်ကြွင်းလောင်စာတွေ    သုံးတဲ့အတွက်   တစ်ကမ္ဘာလုံး       ဖန်လုံအိမ်ဓာတ်ငွေ့ရဲ့ ၇၅ ရာခိုင်နှုန်း၊   ကာဗွန်ဒိုင်အောက်ဆိုက် တွေရဲ့ ၉၀ ရာခိုင်နှုန်းကို  ထုတ်လွှတ်နေ တယ်ဆိုပဲ။   အဲဒါတွေကပဲ    ကမ္ဘာ့ရာသီ ဥတုကို   ပြောင်းလဲအောင် လုပ်နေတယ်။
ခက်တာက    အဲဒီရုပ်ကြွင်းလောင်စာ တွေက    မသုံးလို့လည်း   မဖြစ်ပြန်ဘူး။ သူ့တို့ကို  အစားထိုးမယ့် နည်းပညာတွေ  တိုးတက်လာပေမယ့်  အဲဒါတွေအကုန်လုံး ကို   အစားမထိုးနိုင်သေးဘူး။   အချို့ နည်းပညာတွေက   စရိတ်စကများနေ တော့     နိုင်ငံတိုင်း  လက်လှမ်းမမီနိုင်ဘူး ဖြစ်နေတယ်။    အဲဒါ   ဒီကွာဟချက်က ကမ္ဘာကြီးပူနွေးလာတာနဲ့   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ကြီးမား တဲ့ အခက်အခဲ ဖြစ်နေတာတွေ့ရတယ်။ ဒါပေမယ့်  ဘယ်လိုပဲဖြစ်ဖြစ်  ဒီအတိုင်းကြီး ဆက်သွားဖို့က မဖြစ်နိုင်ဘူး။ နောက်ပိုင်း  ဒီထက်ပိုဆိုးလာရင်းနဲ့ ပြန်ပြင်လို့မရတဲ့      အခြေအနေရောက်တော့မယ်။ အခုတောင်    ကမ္ဘာ့အပူချိန်တွေ       မြင့်မြင့်လာလို့  ပျောက်ကွယ်သွားတဲ့    သတ္တဝါမျိုးစိတ် တွေ  ရှိနေပြီ။  သဘာဝပတ်ဝန်းကျင်နဲ့  ဂေဟစနစ်တွေ   ပျက်စီးနေပြီ။ အချို့ ပျက်စီးတာတွေနဲ့ ပျောက်ကွယ်သွားတာ တွေက ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး။  သဘာဝလောကကြီးက    သက်ရှိတွေ အချင်းချင်း၊ သက်ရှိနဲ့သက်မဲ့တွေအကြား    တစ်ခုနဲ့တစ်ခု    ချိတ်ဆက်ပြီး     ရှင်သန် ရပ်တည်နေကြတာ။     အဲဒီ ချိတ်ဆက် ထားတဲ့     ကွင်းဆက်တွေ ပြတ်သွားရင်   လူသားတွေ   ဘယ်လိုများ  ရပ်တည်ကြ မလဲ။ ပြင်ဖို့  အခုအချိန်မီနေသေးတယ်။
ဟန်ချက်ညီလိုက်နာဖို့လိုနေသေး
နောက်ထပ် သတင်းတစ်ပုဒ်က ကမ္ဘာ့ ရာသီဥတုမှာ  အရေးကြီးတဲ့ ဝင်ရိုးစွန်းက ရေခဲမြစ်တွေ အရည်ပျော်တာ  အရေးကြီး အခြေအနေရောက်နေပြီဆိုပဲ။    အပူချိန် တွေ မြင့်လာလို့ဖြစ်လာတဲ့ နောက်ဆက် တွဲပြဿနာတွေက     တစ်ခုပြီးတစ်ခု မီးခိုးကြွက်လျှောက်ပဲ။     အဲဒါကြောင့် ကမ္ဘာကြီးပူနွေးလာတာကို     တားဆီးဖို့ အတွက်  ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ် တာကို  သုညအထိလျှော့ချဖို့  ကမ်ပိန်း တွေ ကုလသမဂ္ဂက လုပ်နေတာ တွေ့ရပါ တယ်။  အဲဒီကမ်ပိန်းမှာဆိုရင်   ရုပ်ကြွင်း လောင်စာအသုံးပြုနေကြတာတွေကနေ ကာဗွန်ထုတ်လွှတ်တာနည်းအောင်  လုပ် ဖို့    အစီအစဉ်လည်းပါတယ်။    အဲဒါက လည်း   လုပ်တော့လုပ်ပါရဲ့၊     လိုက်နာမှုနဲ့ ထိရောက်မှုက  နှောင့်နှေးနေသေးတယ် လို့ သိရပါတယ်။   အချို့ကလည်း  သူတို့ အကျိုးစီးပွားနဲ့ အမြတ်အစွန်းကို ထိခိုက် မှာစိုးလို့ ထိထိရောက်ရောက်  မလုပ်ကြ တာလည်းရှိနေတုန်းပဲ။   အားလုံးဟန်ချက် ညီလိုက်နာဖို့
လိုနေသေးတဲ့သဘောပေါ့။        
ကမ္ဘာကြီးပူနွေးလာစေတဲ့ အကြောင်း ရင်းထဲမှာ   သစ်တောတွေပျက်စီးတာနဲ့ တောမီးလောင်တာတွေလည်းပါတယ်။ နောက်ပြီး   သစ်တော၊   သစ်ပင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်ကို   စုပ်ယူကြတဲ့ အတွက်     လူတွေရဲ့ အပြုအမူကြောင့် ထွက်လာတဲ့   ကာဗွန်ဒိုင်အောက်ဆိုက် တွေကို    လျော့ကျအောင်    တစ်ဖက် တစ်လမ်းက     အကျိုးပြုနေပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို      ပင်လယ် သမုဒ္ဒရာတွေ၊ မြေဆီလွှာတွေနဲ့ သစ်တော  တွေက အဓိကစုပ်ယူတာကိုး။  သစ်ပင် တွေက    လူသားတွေ    အသက်ရှူနေတဲ့ အောက်ဆီဂျင်ကို ထုတ်ပေးပြီး ကာဗွန်ဒိုင် အောက်ဆိုက်ကို   စုပ်ယူတာမို့  လူသား တွေအတွက်  အရေးပါတဲ့  အစိတ်အပိုင်း တွေပါ။ သစ်တောတွေဟာ  မြေပေါ်မှာရှိ တဲ့ သတ္တဝါနဲ့ သစ်ပင်တွေ ၈၀ ရာခိုင်နှုန်း ရဲ့ မှီခိုအားထားရာ  နေအိမ်ကြီးတွေလည်း ဖြစ်တယ်။   လူသားတွေလည်း  အသက် မွေးဝမ်းကျောင်းဖို့နဲ့     နေ့စဉ်စားဝတ် နေရေး လိုအပ်ချက်အတွက် သစ်တော တွေကို အားထားနေကြရတယ်။
သစ်ပင်တွေ    အကျိုးပြုတာတော့ အခြားမကြည့်နဲ့။     ကိုယ့်ပတ်ဝန်းကိုပဲ ကြည့်ကြည့်လိုက်။   သစ်ပင်ရှိတဲ့နေရာနဲ့ သစ်ပင်မရှိတဲ့နေရာ။  ဘယ်လောက်များ ကွာသလဲလို့။  ကျွန်တော်တို့ ငယ်ငယ်က အဒေါ်ဖြစ်သူ  ရွာကနေ မြို့တက်လာရင် ပြောရှာတယ်။ ငါ့တူရယ်   မင်းတို့ဆီလာ ရတာ လူကို အရှင်လတ်လတ်  ကျပ်တိုက် ထားသလိုပါလားကွယ်တဲ့လေ။  ပြောမှာ ပေါ့    ပူတာကိုး။   နေပူတာချင်းအတူတူ ရွာမှာက   မန်ကျည်းပင်လို   သစ်ကြီး ဝါးကြီးတွေနဲ့ အေးနေတယ်။ ကျွန်တော် တို့ဆီမှာက သစ်ပင်ကြီးတွေ   မရှိဘူးလေ။ လေတိုက်ရင်တောင် လေပူတွေဆိုတော့     ဘယ်နေနိုင်မလဲ။  နေပူတာချင်းအတူတူ  သစ်ပင်ရှိတာနဲ့  မရှိတာ  အဲဒီလိုကွာတာ။
သစ်ပင်တစ်ပင်ဟာ ကာဗွန်ဒိုင်
အောက်ဆိုက် ၁၅၀ ကီလိုဂရမ် စုပ်ယူထားနိုင်
နောက်ပြီး သစ်ပင်တစ်ပင်ဟာ တစ်နှစ် ကို ကာဗွန်ဒိုင်အောက်ဆိုက် ၁၅၀ ကီလို ဂရမ်အထိ    စုပ်ယူထားနိုင်တယ်လို့ ဆိုတယ်။ ကမ္ဘာ့သစ်တောတွေက ကာဗွန် ၂၉၆   ဂစ်ဂါတန်လောက်ကို    မြေပြင် အထက်နဲ့    မြေအောက်ဇီဝလောင်စာ အဖြစ်နဲ့ ထိန်းထားနိုင်ပါတယ်တဲ့။ သစ်ပင် တစ်ပင်နဲ့တစ်ပင်တော့     စုပ်ယူနိုင်တဲ့ ပမာဏ    မတူဘူးပေါ့။    သစ်တော၊ သစ်ပင်တွေက     အဲဒီလိုအဘက်ဘက်က အကျိုးပြုနေပေမယ့်  သစ်တောပြုန်းတီး တာတွေနဲ့      သစ်တောအရည်အသွေး ကျဆင်းနေတာတွေက   ကြောက်ခမန်း လိလိ ပါပဲလို့  ကုလသမဂ္ဂအစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီးက   ပြောထားတာ တွေ့ရပါတယ်။   အဲဒီထဲမှာ    လူဦးရေ တိုးလာလို့    မြို့ပြတွေ   ကျယ်ပြန့်လာတာ၊ စိုက်ပျိုးမြေ       ချဲ့ထွင်လာတာတွေက လည်း      သစ်တောပြုန်းတီးတာတွေ    ဖြစ်လာတယ်။  တစ်ဖက်မှာ    သစ်တော ပြုန်းတီးတာတွေရှိနေလို့    တစ်ဖက်မှာ သစ်တောတွေကို      ထိန်းသိမ်းတာ၊ စိုက်ပျိုးတာတွေကိုရှိနေရင်      ခုသာခံသာ ရှိနိုင်ပါသေးတယ်။      အဲဒီထိန်းသိမ်းတာ တွေ     မရှိရင်တော့       ပျက်စီးတာတွေက တစ်နွယ်ငင်     တစ်စင်ပါ     အတောသတ် နိုင်မယ်မထင်ဘူး။
လတ်တလောအထိတော့    ကမ္ဘာ့ အပူချိန် လျှော့ချနိုင်အောင် အပြင်းအထန် ကြိုး စားနေရဆဲပဲ။    ကမ္ဘာ့အပူချိန်မြင့်ရတဲ့ အကြောင်းရင်းတွေကို       ကာကွယ် ထိန်းသိမ်းဖို့နဲ့    ပြည့်ဖြိုးမြဲစွမ်းအင်လို သဘာဝနဲ့      လိုက်လျောညီထွေရှိတဲ့ နည်းပညာနဲ့နေထိုင်မှုပုံစံတွေ  အစားထိုး ဖို့ ကြိုးစားနေကြတာ ကြာပါပြီ။ အဲဒီထဲ မှာ ထိန်းသိမ်းဖို့ခက်နေတာက လူတွေရဲ့ လောဘဆိုတဲ့   အရင်းခံအကြောင်းတရား ပါပဲ။ ရလေ လိုလေဆိုတဲ့  လူတွေရဲ့ မဆုံး နိုင်တဲ့    လောဘပြိုင်ဆိုင်မှုက     ကမ္ဘာ လောကတစ်ခုလုံးကို     ယိုယွင်းပျက်စီး စေတဲ့ အဓိကတရားခံလို့ပြောရင် လွန်မယ် မထင်ဘူး။ ကိုယ်ကျိုးစီးပွားနှင့်   အများ အကျိုး စီးပွားယှဉ်ရင် အများအကျိုးစီးပွား က နောက်ကောက်ကျနေတယ်။ ကိုယ်စီ ကိုယ်စီရဲ့  အကျိုးစီးပွားတွေ ထိပ်တန်း တင်လာကြတော့   အများကောင်းကျိုး ဆိုတာ    နေပူပူအောက်က    တံလျှပ်လို ဖြစ်နေတယ်။  အများအကျိုးစီးပွားတွေ လုပ်ကြတဲ့အခါ    တာဝန်တစ်ရပ်ဆိုတာ ထက် အသိတရားနဲ့  လိုက်နာစောင့်ထိန်း အပ်တဲ့   စိတ်သဘောထား၊  ကျင့်ဝတ်နဲ့ အမူအကျင့်တွေအပေါ်  အများကြီးမူတည် ပါတယ်။   အချို့လည်း  ကျင့်ဝတ်တွေကို အသိတရားရှိရှိ လိုက်နာကြတယ်။ အချို့ ကလည်း အသိတရားမဲ့စွာနဲ့ ဖောက်ဖျက် ကြတယ်။ 
လူမှုပတ်ဝန်းကျင်တစ်ခုမှာ   အသိ တရားမြင့်မားပြီး  ကျင့်ဝတ်တွေလိုက်နာ ကြရင်     အဲဒီပတ်ဝန်းကျင်ဟာ   ရေရှည် တိုးတက်မြင့်မားလာမှာပါ။      အဲဒီလို မဟုတ်ဘဲ အသိတရားမဲ့ပြီး   ဖောက်ဖျက် တဲ့သူများလာရင်တော့   ပျက်စီးယိုယွင်း တဲ့ဘက်ကို   ဦးတည်သွားမှာပဲ။ တိုးတက် တယ်ဆိုရင်တောင် တစ်ဖက်မှာ ပေးဆပ် လိုက်ရတဲ့   ကြီးကြီးမားမား  ဆုံးရှုံးတာ တွေ၊ ထိခိုက်တာတွေ ရှိလာပါလိမ့်မယ်။   
လူအများနဲ့  နေထိုင်လုပ်ကိုင်ကြတဲ့ အခါ        လူ့သဘောသဘာဝတွေကို ရှောင်လွှဲဖို့   အခက်သား။   လူ့သဘော သဘာဝတွေထဲမှာ  လောဘရှိတတ်တဲ့ သဘာဝလည်း  ပါပါတယ်။   ဒါပေမယ့် လောဘတွေက ရှိသင့်တာ၊  ဖြစ်သင့်တာ ထက် အတိုင်းအဆမဲ့      မီးတောက်လို  လောင်မြိုက်နေရင်တော့  သူတစ်ပါးတွေ ကိုပါ ထိခိုက်စေပါတယ်။  အခုဆို  လူတွေ ရဲ့ လောဘကြောင့် ကမ္ဘာကြီးရဲ့အပူချိန်ကို တိုးပြီးရင်းတိုးနေတာ  လက်တွေ့မြင်တဲ့ အတိုင်းပဲ။ လူတွေရဲ့အဇ္စျတ္တအတွင်းကလောဘအပူတွေ ထပ်ပြီးများနေရင်တော့ အပြင်လောကရဲ့      အပူရှိန်တွေက ဆက်ပြီးမြင့်နေဦးမယ်ထင်ပါရဲ့။       ။