အထူးကုဆေးရုံကြီး ခုတင်-၅၀၀ ရန်ကုန်၌ (၅၅) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁


၂၀၂၃    ခုနှစ် ဇန်နဝါရီ   ၄ ရက်တွင်   ကျရောက်မည့် (၇၅)       နှစ်မြောက်      စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်  ဖေဖော်ဝါရီလ နောက်ပိုင်း     ရပ်နားထားခဲ့ရသော    ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုကို  အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်  တာဝန် ရှိသူများသည်    ၂၀၂၂   ခုနှစ်    နိုဝင်ဘာလအတွင်း အထူးကုဆေးရုံကြီး   (ခုတင်-၅၀၀)  -ရန်ကုန်မြို့၌ ဆေးရုံအုပ်ကြီး၊    ဘာသာရပ်ဆိုင်ရာ    ပါမောက္ခ/ဌာနမှူး၊    အထူးကုဆရာဝန်ကြီးများ၊    အငြိမ်းစား ဆေးပညာရှင်ကြီးများ၊   ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကျောက်ကပ်အစားထိုးကုသမှု  ဆောင်ရွက် မည့် အစီအစဉ်အတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေး ကာ    လိုအပ်ချက်များကို   ဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။  

 


ကျန်းမာရေးဝန်ကြီးဌာန၏  ဦးဆောင်လမ်းညွှန်မှု၊ ကုသရေးဦးစီးဌာန၏      အနီးကပ်ကြီးကြပ်ပံ့ပိုးမှုနှင့် ဘာသာရပ်ဆိုင်ရာ    ပါမောက္ခ/ဌာနမှူး၊    တာဝန်ခံ ဆရာဝန်ကြီးများ၊   သူနာပြုများ၏   ပူးပေါင်းပါဝင်မှု ဖြင့်    အထူးကုဆေးရုံကြီး    ခုတင်-၅၀၀   ရန်ကုန်၌ နိုဝင်ဘာ    ၂၉   ရက်တွင်    ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို            ပြန်လည်ဆောင်ရွက်နိုင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ်   ဦးစိုးသိန်းနှင့်   အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊        ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ     မြတ်ဝဏ္ဏစိုး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ် (ဆေးရုံ အုပ်ကြီး/ကုသရေး) ဒေါက်တာ သီတာလှနှင့် တာဝန် ရှိသူများက   သွားရောက်ကြည့်ရှုကာ   ခွဲစိတ်ကုသမှု ဆောင်ရွက်သူများ၊ လူနာနှင့်   မိသားစုဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က   လူနာအတွက်    အလှူ ငွေကျပ်  ၁၀  သိန်းကိုလည်းကောင်း၊   ကျန်းမာရေး ဝန်ထမ်းများအတွက်    ငွေကျပ်သိန်း    ၅၀   ကို လည်းကောင်း ပေးအပ်သည်။

 


အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)-ရန်ကုန်မြို့ တွင်   လူနာ မခင်ညိုညိုထွေး    အသက်(၂၃)နှစ်၊ အလှူရှင်   မသင်းပြည့်ပြည့်မိုး     အသက် (၂၅)နှစ် ညီအစ်မအတွဲအား ကျောက်ကပ်အစားထိုး  ခွဲစိတ် ကုသခြင်းကို နိုဝင်ဘာ၂၉ ရက်၊  နံနက် ၈ နာရီ ၄၅ မိနစ်မှစတင်၍    ဆောင်ရွက်ခဲ့ရာ  မွန်းလွဲ ၁ နာရီ  ၁၅ မိနစ်တွင်   ခွဲစိတ်ကုသမှုအောင်မြင်စွာ ပြီးစီးခဲ့ပြီး လူနာနှင့်ကျောက်ကပ်အလှူရှင်တို့၏   ကျန်းမာရေး အခြေအနေကောင်းမွန်ပြီး      အထူးကြပ်မတ်ကုသ ဌာန၌ထားရှိ၍   စောင့်ကြည့်ကုသမှု ဆောင်ရွက်ပေး လျက်ရှိသည်။

 


အဆိုပါ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အထူးကုဆေးရုံကြီး  (ခုတင်-၅၀၀) - ရန်ကုန်မြို့မှ ပါမောက္ခ/ဌာနမှူး  (ဆီးနှင့်ကျောက်ကပ်ခွဲစိတ်) ပါမောက္ခဒေါက်တာကျော်စိုးကျော်  ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ခွဲစိတ်မှုဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပါမောက္ခ/ဌာနမှူး  (ဆီးနှင့်  ကျောက်ကပ်ဆေးကု) ပါမောက္ခဒေါက်တာဝင်းဝင်းလှိုင်    ဦးဆောင်သော ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ   လုပ်ငန်း အဖွဲ့၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခ/ဌာနမှူး (မေ့ဆေး) ပါမောက္ခ ဒေါက်တာမူမူနိုင် ဦးဆောင်သော မေ့ဆေးပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်   ပါမောက္ခ/ဌာနမှူး (ဓာတ်မှန်) ပါမောက္ခဒေါက်တာ အောင်ချို ထွန်း   ဦးဆောင်သော ဓာတ်မှန်ဆိုင်ရာလုပ်ငန်းအဖွဲ့၊ အမျိုးသား သွေးဌာန-ရန်ကုန်မြို့မှ  ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသီတာအောင်  ဦးဆောင်သော သွေးနှင့်    သွေးပစ္စည်းဆိုင်ရာ   အထောက်အကူပြု လုပ်ငန်းအဖွဲ့၊     အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန   -  ရန်ကုန်မြို့မှ     ညွှန်ကြားရေးမှူး (ရောဂါဗေဒ)   ဒေါက်တာဆွေဆက် ဦးဆောင်သော ရောဂါရှာဖွေရေး လုပ်ငန်းအဖွဲ့တို့က အငြိမ်းစားဆေးပညာရှင်များဖြစ်သည့်  ပါမောက္ခဒေါက်တာသန်းအေး၊ ပါမောက္ခ ဒေါက်တာကျော်စွာလှိုင်၊ ပါမောက္ခ ဒေါက်တာ ဘုန်းမြင့်၊  ပါမောက္ခဒေါက်တာခင်မောင်ဌေး၊ ပါမောက္ခ ဒေါက်တာကြည်ကြည်စန်း၊   ကျွမ်းကျင်သူနာပြုများ၊ အထူးကုဆေးရုံကြီး   (ခုတင်-၅၀၀) -  ရန်ကုန်မှ ဆေးရုံအုပ်ကြီး   ဒေါက်တာအောင်လင်းအေးနှင့် ဆေးရုံစီမံခန့်ခွဲမှုကော်မတီဝင်များ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

 


အထူးကုဆေးရုံကြီး ( ခုတင်-၅၀၀)ရန်ကုန်တွင် ဆေးရုံကြီးစတင်ဖွင့်လှစ်သည့်  ၂၀၁၄ ခုနှစ်မှ စတင်၍ ကျောက်ကပ်အစားထိုး    ခွဲစိတ်ကုသမှုများစတင်၍ ဆောင်ရွက်ခဲ့ရာ   ၂၀၁၄ ခုနှစ်တွင် (၄) ကြိမ်၊ ၂၀၁၅ ခုနှစ်တွင် (၁၀)ကြိမ်၊   ၂၀၁၆ ခုနှစ်တွင်  (၁၀)ကြိမ်၊ ၂၀၁၇ ခုနှစ်တွင် (၉)ကြိမ်၊  ၂၀၁၈ ခုနှစ်တွင် (၉)ကြိမ်၊ ၂၀၁၉    ခုနှစ်တွင်   (၁၀)ကြိမ်နှင့်   ၂၀၂၀   ပြည့်နှစ် ဖေဖော်ဝါရီလအထိ  (၂)ကြိမ်   စုစုပေါင်း (၅၄)ကြိမ် အောင်မြင်စွာခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် (၅၅) ကြိမ်မြောက်  ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်