အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ရာတွင် အာဆီယံ၏အခြေခံမူများ၊ အာဆီယံပဋိညာဉ်နှင့် အာဆီယံစိတ်ဓာတ်တို့ကိုအခြေခံပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်မည်ဟု ပြောကြားထားသည်ကို ကြိုဆို

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
 

၂၄-၄-၂၀၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ပြုလုပ် ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း သဘော တူညီခဲ့သည့် တူညီဆန္ဒ(၅)ရပ်  အကောင်အထည်ဖော်မှုကို မြန်မာ နိုင်ငံသည် အပြုသဘောဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွား မည် ဖြစ်ပါသည်။ အဆိုပါတူညီဆန္ဒ(၅)ရပ်အပေါ် မြန်မာနိုင်ငံ၏ သဘောထားကို      ၂၆-၄-၂၀၂၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်ပြီး အသိပေးပြီးဖြစ်ပါသည်။

 


တူညီဆန္ဒ (၅) ရပ်တွင်ပါရှိသည့် အထူးကိုယ်စားလှယ် ခန့်အပ်ခြင်း ကိစ္စကို ၄-၈-၂၀၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးခဲ့ရာ ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး(၂) ဒါတိုဆရီအီရဝန်ပီဟင်ယူဆွတ်အား ခန့်အပ်ခြင်းကို   မြန်မာ နိုင်ငံက အပြုသဘော ပူးပေါင်းဆောင်ရွက်သည့်အနေဖြင့် သဘောတူ လက်ခံခဲ့ပါသည်။

 


ထို့အပြင် တူညီဆန္ဒ(၅)ရပ်တွင်ပါရှိသည့်  အာဆီယံမှတစ်ဆင့် ပေးအပ်မည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို မြန်မာနိုင်ငံမှ လက်ခံပြီး လိုအပ်သူများထံ ဖြန့်ဖြူးရေးကိစ္စကိုလည်း မြန်မာနိုင်ငံက ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 

 


၄-၈-၂၀၂၁ ရက်နေ့ အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး(၂)အား   အာဆီယံဥက္ကဋ္ဌ၏  အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးနောက် မြန်မာနိုင်ငံသည် အထူးကိုယ်စားလှယ်နှင့် ပုံမှန် ထိတွေ့ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါသည်။ 

 


အထူးကိုယ်စားလှယ်သည် ၁၁-၁၀-၂၀၂၁ မှ ၁၄-၁၀-၂၀၂၁ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်လိုကြောင်း၊ အဆိုပါခရီးစဉ် တွင် ၎င်းတွေ့ဆုံလိုသူများ၏အမည်နှင့် မြန်မာဘက်က ဆောင်ရွက် ပေးရမည့်ကိစ္စများကို ဖော်ပြသည့် ပေးစာကို မြန်မာဘက်သို့    ၂-၁၀-၂၀၂၁ ရက်နေ့တွင် ပေးပို့ခဲ့ပါသည်။ 

 


မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၇-၁၀-၂၀၂၁ ရက်စွဲပါ စာဖြင့် မြန်မာဘက်မှ စီစဉ်ဆောင်ရွက်ပေးနိုင်မည့် ခရီးစဉ်ကို အထူး ကိုယ်စားလှယ်ထံသို့ ပြန်လည်ပေးပို့ခဲ့ပါသည်။ အထူးကိုယ်စားလှယ် က ၈-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်ပါအတိုင်း မြန်မာဘက်မှ   ဆောင်ရွက်ပေးရန်  စာပြန်လည်ပေးပို့ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ၉-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့်   မြန်မာဘက်က  လိုက်လျောမှုအချို့  ပြုလုပ်ပြီး ပြန်လည်ပြင်ဆင်ပေးထားသည့်   ခရီးစဉ် အစီအစဉ်သစ်တစ်ခုကို အထူးကိုယ်စားလှယ်ထံ ပေးပို့ခဲ့ပါသည်။ အထူးကိုယ်စားလှယ်က ၁၁-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်များအတိုင်း သာ ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သောကြောင့် မြန်မာဘက်က ၁၁-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ခရီးစဉ်ဖြစ်မြောက်ရေးအတွက် အတတ် နိုင်ဆုံး   ဆောင်ရွက်ပေးထားကြောင်းကို   ရှင်းလင်းဖော်ပြသည့် ပြန်ကြားစာပေးပို့ခဲ့ပါသည်။ 

 


အထူးကိုယ်စားလှယ်က ၁၂-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် ၎င်း၏ မူလတောင်းဆိုချက်များအတိုင်း ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သော ကြောင့် မြန်မာဘက်က ၁၂-၁၀-၂၀၂၁ ရက်စွဲပါစာဖြင့် မိမိဘက်မှ လိုက်လျောပေးထားမှုနှင့် အခြေအနေများကို အထူးကိုယ်စားလှယ် ဘက်သို့ ပြန်ကြားခဲ့ပါသည်။

 


၁၂-၁၀-၂၀၂၁ ရက်နေ့တွင်  အထူးကိုယ်စားလှယ်က  သတင်း ထုတ်ပြန်ချက်တစ်ရပ်ပြုလုပ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရာတွင် သက်ဆိုင်သူများအားလုံးနှင့်  တွေ့ဆုံခွင့်ရရန်  လိုအပ်ကြောင်းကို ဖော်ပြခဲ့ပါသည်။

 


မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက်ရေးအတွက်    လိုက်လျောမှုများကို   အတတ်နိုင်ဆုံး ဆောင်ရွက်ပေးခဲ့ပါသည်။ 
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးကို အလေးပေးဆောင်ရွက်နေရချိန် ဖြစ်သောကြောင့် အချို့ကိစ္စရပ်များကို  ဆောင်ရွက်ပေးရန်မှာ  အခက်အခဲရှိသကဲ့သို့ အချို့ကိစ္စရပ်များသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်သောကြောင့် ယင်းတို့ကို အထူးကိုယ်စားလှယ် နှင့် အခြားနိုင်ငံများမှ နားလည်ပေးရန် လိုအပ်ပါသည်။

 


အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံး ခရီးစဉ်တွင် နှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးကိစ္စကိုသာ အထူး ကိုယ်စားလှယ်မှ အလေးပေးဆောင်ရွက်သင့်ပြီး မြန်မာနိုင်ငံဘက် ကလည်း ၎င်းနှင့် အစိုးရတာဝန်ရှိသူများအပြင် တွေ့ဆုံသင့်သူများ ကို တွေ့ဆုံနိုင်ရန် စီစဉ်ပေးထားပြီးဖြစ်ပါသည်။ 
သို့ပါ၍ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ မကြာမီ ကာလအတွင်း လာရောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။ 

 


အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံခရီးစဉ် ဖြစ်မြောက် ရေးအတွက် ဆောင်ရွက်ရာတွင် အာဆီယံ၏အခြေခံမူများ၊ အာဆီယံ ပဋိညာဉ်နှင့် အာဆီယံစိတ်ဓာတ်တို့ကို အခြေခံပြီး ဘက်လိုက်မှုမရှိဘဲ ဆောင်ရွက်မည်ဟု  ပြောကြားထားသည်ကို ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအပေါ်   နိုင်ငံရေးဦးတည်ချက်နှင့်  ဖိအားပေးသည့် နည်းလမ်းများဖြင့် ဆောင်ရွက်လိုသူများ၏ လုပ်ဆောင်မှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ဖော်ပြအပ်ပါသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်