
နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရဲရွာရေအားလျှပ်စစ်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ စီမံကိန်းရှင်းလင်းဆောင်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် သန်းဦးက ဓာတ်အားပေးစက်ရုံဆိုင်ရာ အကျဉ်းချုပ် အချက်အလက်များ၊ နှစ်အလိုက် ရဲရွာတမံရေသိုလှောင် မှုအခြေအနေ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်နိုင်မှု အခြေအနေ၊ ရဲရွာရေလှောင်တမံ နှစ်အလိုက် ရေဝင် ရောက်မှုအခြေအနေ၊ ရေလှောင်တမံ ရေအမြင့် အလိုက် စက်တစ်လုံးထုတ်လုပ်နိုင်မှု စွမ်းအား၊ ဝန်ထမ်းအင်အားနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင် ဆောင်ရွက်နေမှု အခြေအနေ၊ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စက်အမှတ်(၄)အကြီးစား ပြုပြင်ခြင်းဆောင်ရွက်ခဲ့မှု အခြေအနေ၊ မြစ်ငယ်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် အရင်းအမြစ်များ၏ လျှပ်စစ်စီမံကိန်းများ၏ အခြေ အနေ၊ နမ္မတူ (သီပေါ) ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊ အထက်ရဲရွာစီမံကိန်းဆိုင်ရာ အချက် အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေ၊ အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ ၊ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၂၂ ခုနှစ်အတွင်း ရေအားနှင့် နေရောင် ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နေမှုအခြေအနေနှင့် နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲမှု အခြေအနေ၊ ဓာတ်အားလိုအပ်ချက်၊ ထုတ်လုပ်နိုင်မှုနှင့် ဝန်အား လျှော့ချရမည့်အခြေအနေ၊ ဓာတ်အားလိုင်းများ ဖျက်ဆီးခံရမှုနှင့် ပြန်လည်ပြုပြင်နေမှုအခြေအနေ၊ သဘာဝဓာတ်ငွေ့ဖြင့် လက်ရှိ ဓာတ်အားထုတ်လုပ် နေမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ဦးစားပေးဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စီမံကိန်းသည် ရေရှည်ဆောင်ရွက်ရ သည့် စီမံကိန်းများဖြစ်ကြောင်း၊ အထက်ရဲရွာနှင့် အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သကဲ့သို့ ဒီးဒုတ်ရေအားလျှပ်စစ်စီမံကိန်းကို လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားရန်လိုကြောင်း၊ LNG ဓာတ်ငွေ့များ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ကုန်ကျစရိတ် ကြီးမြင့်ကြောင်း၊ ထို့ကြောင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအားလျှပ်စစ်နှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဆောင်ရွက်ရာတွင်လည်း ပြည်ပကုမ္ပဏီများကို သာမက ပြည်တွင်း ကုမ္ပဏီများမှလည်း ဆောင်ရွက် နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရန်လိုကြောင်း။
စီးပွားရေးအရ တွက်ခြေကိုက်
“လျှပ်စစ်ဖြင့် လောကနိဗ္ဗာန်တည်ဆောက်ရန်” ဟု ယခင်က သတ်မှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းသည် စီးပွားရေးအရ တွက်ခြေကိုက်ကြောင်း၊ လမ်းစဉ်ပါတီအစိုးရနှင့် တပ်မတော်အစိုးရလက်ထက်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရလက်ထက်တွင်လည်း ရေအား လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း
သဘာဝပတ်ဝန်းကျင်ကို အကြောင်းပြ၍ နိုင်ငံရေး အရ အသုံးချပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းများကို အခက်အခဲဖြစ်အောင် ဆောင်ရွက်ခဲ့ မှုများရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများ ဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှုများစွာဖြင့် အချိန်ကြာမြင့်စွာ တည်ဆောက်ရကြောင်း။
နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိ
ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးအား တိကျစွာ တွက်ချက်နိုင် သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာ တန်ဖိုးဖြတ်၍မရအောင် အတိုင်းအတာကြီးမား ကြောင်း၊ ယခုရဲရွာရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ စတင်လည်ပတ်ချိန်မှစ၍ ထွက်ရှိသော လျှပ်စစ်ယူနစ်များ၏ တန်ဖိုးကို တွက်ချက်ပါက စက်ရုံတည်ဆောက်မှု ကုန်ကျစရိတ်အား ပြန်လည် ရရှိပြီးဖြစ်သည့်အပြင် ပြည်သူများ၏ လူမှုစီးပွား ဘဝများအတွက် များစွာအထောက်အကူပြုပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ကြောင်း၊ မြန်မာနိုင်ငံ တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရန် အရင်းအမြစ် များစွာရှိကြောင်း၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းများ အပြည့်အဝ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများစွာရှိကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စီမံကိန်းများကိုလည်း လုပ်ငန်းများ ပြီးမြောက်အောင်မြင်စေရေး အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ တိုးတက်ရေးအတွက် လျှပ်စစ်မီးရရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင်လည်း မလိုအပ် သည့်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများကို လျှော့ချရန် လိုကြောင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရန်အတွက် LED ကဲ့သို့သော မီးများ ပြောင်းလဲအသုံးပြုရန် လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်မှုပိုင်း တွင် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုသကဲ့သို့ သုံးစွဲမှုအပိုင်းကိုလည်း တတ်နိုင်သမျှ လျှော့ချရန်လိုကြောင်း မှာကြားသည်။
လှည့်လည်ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရဲရွာရေအား လျှပ်စစ်စီမံကိန်း ဧည့်သည်တော်မှတ်တမ်းစာအုပ် တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှူး ဦးခင်မောင်တင့်က လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရဲရွာရေလှောင်တမံပေါ်သို့သွားရောက်၍ ရေလှောင် တမံအတွင်း ရေဝင်ရောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်