အသည်းရောင်ရောဂါပိုးများနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရှင်များ

Type
၁

ဆောင်းပါး

=======

 

အသည်းရောင်ရောဂါပိုးများနှင့် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရှင်များ

========================================

 

ဒေါက်တာဝင်းအောင်(သုတေသီ)၊ မြန်မာအသည်းဖောင်ဒေးရှင်း

 

နှစ်စဉ် ကမ္ဘာ့လူသားများအတွက် အကြီးမားဆုံး အကျိုးရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်သူများ (Greatest Benefit to Mankind) ကို ဂုဏ်ပြုချီးမြှင့်သည့် နိုဘယ်လ်ဆု ရရှိသူများစာရင်းကို ဆွီဒင်နိုင်ငံ နိုဘယ်လ် ဆု ချီးမြှင့်ရေးကော်မတီမှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လအတွင်းက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေပညာ၊ ငြိမ်းချမ်းရေးနှင့် စီးပွားရေးပညာဆိုင်ရာ နိုဘယ်လ်ဆု ခြောက်ဆုအား စွမ်းဆောင်ရှင် လူပုဂ္ဂိုလ် ၁၁ ဦးနှင့် အဖွဲ့အစည်းတစ်ခုတို့အား ချီးမြှင့်ခဲ့ပါသည်။

 

နိုဘယ်လ်ဆုအကြောင်း

 

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ၁၈၃၃ ခုနှစ်တွင် မွေးဖွားခဲ့ပြီး နောင်တစ်ချိန်တွင် ဆန်းသစ်စွန့်ဦး တီထွင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ထင်ပေါ် ကျော်ကြားလာခဲ့သည့် သိပ္ပံပညာရှင် အယ်လ်ဖရက် နိုဘယ်လ်သည် မသေဆုံးမီ သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာ ငွေကြေးများကို တရားဝင်အမွေ သေတမ်းစာဖြင့် နိုဘယ်လ်ဆုအတွက် အသုံးပြုနိုင်ရန် ၁၈၉၅ ခုနှစ်တွင် မတည်ပေးခဲ့ပါသည်။ ၁၉၀၁ ခုနှစ် ဒီဇင်ဘာလ (သေဆုံးပြီး ငါးနှစ်ကြာ)မှစတင်၍ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝကမ္မဗေဒ/ဆေးပညာ၊ စာပေပညာနှင့် ငြိမ်းချမ်းရေး ဆုများ စုစုပေါင်းဆုငါးဆု ချီးမြှင့်ခဲ့ပြီး ၁၉၆၉ ခုနှစ်မှ စတင်၍ စီးပွားရေးပညာဆိုင်ရာဆုကို ဆွီဒင် ဗဟိုဘဏ် ကြီးက ထပ်မံထည့်သွင်းချီးမြှင့်ခဲ့သဖြင့် စုစုပေါင်း နိုဘယ်လ် ဆု ခြောက်ဆုကို နှစ်စဉ် ယနေ့ထက်ထိ ဆက်လက် ချီးမြှင့်ပေးလျက်ရှိပါသည်။ နှစ်စဉ် အထက်ပါဘာသာရပ် နယ်ပယ်များတွင် စွမ်းစွမ်းတမံ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သော ကမ္ဘာတစ်ဝန်းမှ သင့်တော်သည့် စွမ်းဆောင် ပညာရှင် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို ဆွီဒင် နိုင်ငံ စတော့ဟုမ်းမြို့ရှိ ဆွီဒင်တော်ဝင်အကယ်ဒမီသိပ္ပံ အပါအဝင် အထင်ကရ တက္ကသိုလ်ကြီး သုံးခုနှင့် နော်ဝေး နိုင်ငံရှိ တက္ကသိုလ်ကြီး တစ်ခုတို့မှ ကျွမ်းကျင်ပညာရှင်ကြီး များပါဝင်သော ဆွီဒင်နိုင်ငံ နိုဘယ်လ်ဆု ချီးမြှင့်ရေး ကော်မတီက စုပေါင်းတိုင်ပင်ဆုံးဖြတ်ရွေးချယ်ကာ ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးခဲ့ပါသည်။ ကမ္ဘာ့ လူသားများအတွက် အကြီးမားဆုံး အကျိုးကျေးဇူး ရရှိအောင် အောင်မြင်စွာ စွမ်းဆောင်ပေးနိုင်သူအား ချီးမြှင့်သည့် ဂုဏ်ယူဖွယ်ကောင်းသော (the most prestigious awards for intellectual achievement in the world) အထက်ဖော်ပြပါ နိုဘယ်လ်ဆုအတွက် ချီးမြှင့်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းခန့် ချက်လက်မှတ်၊ အသိအမှတ်ပြု ဒီပလိုမာ လက်မှတ်နှင့်အတူ ၁၈ ကာရက် ရွှေတံဆိပ်တစ်ခု ဖြစ်ပါ သည်။ ၁၉၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ နှစ်ပေါင်း ၁၂၀ ကာလ အတွင်း နိုဘယ်လ်ဆု ၅၉၇ ဆု (ပုဂ္ဂိုလ် ၉၂၃ ဦးနှင့် အဖွဲ့အစည်း ၂၇ခု) စုစုပေါင်းဆုရှင် ၉၅၀ အား ချီးမြှင့် ဂုဏ်ပြုခဲ့ပြီး ဖြစ်ပါသည်။ အထက်ပါ ကာလအတွင်း ဆေးပညာနိုဘယ်လ်ဆု ၁၁၀ ကို စုစုပေါင်း ပညာရှင် ပုဂ္ဂိုလ်၂၁၉ ဦး (တစ်ဦးချင်း ၃၉ ဆု၊ နှစ်ဦးပူးတွဲ ၃၃ ဆုနှင့် သုံးဦးပူးတွဲ ၃၈ ဆု) တို့အား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယခု ၂၀၂၀ ပြည့်နှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆုကို ရောဂါပိုးအသစ်ဖြစ်သော အသည်းရောင်အသားဝါစီ ဗိုင်းရပ်စ်ပိုးကို ရှာဖွေတွေ့ရှိခဲ့သူ သိပ္ပံပညာရှင် သုံးဦးက ထိုက်တန်စွာ ပူးတွဲရရှိခဲ့ကြပါသည်။

 

အသည်းရောင်အသားဝါ စီ ဗိုင်းရပ်စ်ပိုး

ရှာဖွေတွေ့ရှိခြင်း

 

အထက်ပါ စီ ဗိုင်းရပ်စ်ပိုးသည် လက်ရှိကမ္ဘာတစ်ဝန်း လူသားများတွင် ဖြစ်ပွားမှုနှုန်းများသည့် အသည်းရောင် အသားဝါရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲ အသည်း ခြောက်၊ အသည်းကင်ဆာ၊ သေဆုံးခြင်းတို့ကို ဖြစ်စေပါ သည်။ ယခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ပူးတွဲရရှိခဲ့သူ သုံးဦးအနက်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံ မာရီလင်း အမျိုးသားကျန်းမာရေးသိပ္ပံမှ အမေရိကန် နိုင်ငံသား ဆေးပညာသုတေသီ ဒေါက်တာဟာဗေးဂျေ အော်လ်တာ (၈၅ နှစ်) သည် သွေးသွင်းကုသမှုဌာန၌ သွေးသွင်းကုသမှုခံယူခဲ့ကြသည့် လူနာများတွင်ဖြစ်ပွား သည့် အသည်းရောင်ရောဂါသည် ဗိုင်းရပ်စ်အမျိုးအစား အေ မဟုတ်၊ ဘီ မဟုတ်သော ဗိုင်းရပ်စ်စီပိုးကြောင့် ဖြစ်ကြောင်းကို ၁၉၇၀-၁၉၇၃ ခုနှစ်များတွင် လည်းကောင်း၊ ပူးတွဲဆုရှင် ကနေဒါနိုင်ငံ အယ်လ်ဘာတာတက္ကသိုလ်မှ အင်္ဂလန်နိုင်ငံသား ပါမောက္ခ ဒေါက်တာမိုက်ကယ် ဟောင်တန် (၇၁ နှစ်) သည် အထက်ပါ စီဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇဖွဲ့စည်းတည်ဆောက်ထားပုံကို ၁၉၈၀-၈၂ ခုနှစ် များတွင် လည်းကောင်း၊ တတိယပူးတွဲဆုရှင်ဖြစ်သူ အမေရိကန်နိုင်ငံ နယူးယောက် ရော့ခ်ဖဲလားတက္ကသိုလ်မှ အမေရိကန် ဗိုင်းရပ်စ်ဗေဒပညာရှင် ဒေါက်တာချားလ်အမ် ရိုက်စ် (၆၈ နှစ်) သည် အထက်ပါဗိုင်းရပ်စ်ပိုးသည် လူသား များအား အသည်းရောင်ရောဂါကို ဖြစ်စေနိုင်သော စီ ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်းကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း အသီးသီးရှာဖွေ ထုတ်ဖော်တင်ပြနိုင်ခဲ့ကြသဖြင့် ယခုနှစ်၏ ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ထိုက်တန်စွာ ပူးတွဲ ချီးမြှင့်ခံကြရခြင်း ဖြစ်ပါသည်။

 

အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး ရှာဖွေတွေ့ရှိခြင်း

 

အမေရိကန်နိုင်ငံသား ဇီဝဓာတုဗေဒနှင့် ဆေးဘက် ဆိုင်ရာ မနုဿဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာ ဘရပ်ဆင်မြူရယ် ဘလမ်းဘတ် (၁၉၂၅ -၂၀၁၁) သည် အမေရိကန်နိုင်ငံ မာရီလင်း အမျိုးသားကျန်းမာရေးသိပ္ပံ တွင် ၁၉၅၇ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ မျိုးရိုးဗီဇပညာရှင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်တာဘလမ်းဘတ်သည် သြစတြေးလျတိုက်ရှိ နယ်မြေများတွင် နေထိုင်ကြသော အာဘိုရီးဂျင်း ဒေသခံလူများ၌ တွေ့ရှိခဲ့သော သြစတြေးလျ ပဋိလုံပစ္စည်းသည် ဗိုင်းရပ်စ်ပိုးတစ်မျိုး၏ အပေါ်ယံအခွံ ပဋိလုံပစ္စည်းဖြစ်ကြောင်းကို ၁၉၆၃ ခုနှစ်တွင် စတင် တွေ့ရှိခဲ့ပြီး အဆိုပါပိုးသည် အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်းကို ၁၉၆၅ ခုနှစ်တွင် ဖော်ထုတ် သတ်မှတ် တင်ပြနိုင်ခဲ့ပါသည်။ အထက်ပါ ဘီ ဗိုင်းရပ်စ်ပိုး သည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုနှုန်းများသည့် အသည်းရောင် အသားဝါရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲ အသည်း ခြောက်၊ အသည်းကင်ဆာ၊ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါ သည်။ ဆက်လက်၍ ဒေါက်တာဘလမ်းဘတ်သည် ၁၉၆၇ ခုနှစ်တွင် သွေးတွင်းမှ ဘီပိုးကို ပထမဆုံး စစ်ဆေး နိုင်သည့် စမ်းသပ်နည်းပညာဖြင့် ပစ္စည်းများထုတ်လုပ် နိုင်ခဲ့၍လည်းကောင်း၊ သွေးသွင်းကုသမှု ခံယူမည့်လူနာများ အတွက်လည်း သွေးသွင်းခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်ပွားရသည့် အသည်းရောင်အသားဝါရောဂါ မဖြစ်ရ လေအောင် ကြိုတင်စစ်ဆေးနိုင်ခြင်းနှင့် ကာကွယ်မှုပေးနိုင် ခဲ့ခြင်းကြောင့်လည်းကောင်း၊ ၁၉၆၉ ခုနှစ်တွင် ဘီပိုးရောဂါ ကို ကာကွယ်နိုင်သည့် ပထမဆုံး ဘီပိုးကာကွယ်ဆေးကို သွေးရည်ကြည်မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် လည်းကောင်း ဆေးပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ၁၉၇၆ ခုနှစ်တွင် ထိုက်တန်စွာချီးမြှင့်ခြင်းခံရပါသည်။

 

ဘီနှင့်စီ ဗိုင်းရပ်စ်ရောဂါပိုးများကို

ရှာဖွေတွေ့ရှိခြင်း၏ အကျိုးကျေးဇူးများ

 

ယခုကဲ့သို့ အသည်းရောင်အသားဝါ ဘီနှင့် စီ ဗိုင်းရပ်စ် ရောဂါပိုးများကို ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ကြသဖြင့် ယနေ့အချိန်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရောဂါပိုးများကို စမ်းသပ်စစ်ဆေး ဖော်ထုတ်နိုင်သည့် စမ်းသပ်နည်းပညာ၊ ပစ္စည်းနှင့် စက်ကိရိယာအမျိုးမျိုးတို့တီထွင်အသုံးပြုလာနိုင်ပါသည်။ အထက်ပါစမ်းသပ်ပစ္စည်းများကိုအသုံးပြု၍ ရောဂါပိုးများကို ကြိုတင်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လာနိုင်သဖြင့် လိုအပ်၍ သွေးသွင်းကုသမှုခံယူမည့် လူနာများအတွက်လည်း ရောဂါပိုးကူးစက်မှု လုံးဝမရှိ ရလေအောင်နှင့် ပိုးရှိကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးငယ် သို့ ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ခြင်း လျော့ပါး ရလေအောင် ကာကွယ်လာနိုင်ပါသည်။ မိမိကိုယ်မိမိ ဘီနှင့်စီ ရောဂါပိုးများ ကူးစက်ခံ/သယ်ဆောင်ထားသည် ကို မသိရှိကြသေးသော ရောဂါပိုး ရှိနေကြသည့် လူများကိုလည်း စစ်ဆေးစမ်းသပ် ရှာဖွေဖော်ထုတ် လာနိုင်ပါသည်။ ထို့အပြင် ဘီပိုးရောဂါ ကူးစက်ခြင်းကို ရာနှုန်းပြည့်နီးပါး ကာကွယ်မှုပြုနိုင်သည့် အစွမ်းထက် သော အဆင့်မြင့်မျိုးရိုးဗီဇမှထုတ်လုပ်သည့် ဘီပိုး ကာကွယ်ဆေးနှင့် ဘီပိုးဖြေဆေးများကို စမ်းသပ်ထုတ်လုပ် ဖြန့်ဖြူးနိုင်ခဲ့ခြင်းကြောင့် မွေးကင်းစကလေးငယ်များကို မွေးပြီး ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးများ ထိုးနှံ ပေးခြင်း၊ တစ်နှစ်အောက်ကလေးများတွင် ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ်တွင် ဘီပိုးကာကွယ် ဆေး သုံးကြိမ်ထိုးနှံမှုခံယူရန် ထည့်သွင်းထားခြင်းနှင့် ဘီပိုးကူးစက်နိုင်ခြေများသည့် လူတိုင်းကိုလည်း ဘီပိုး ကာကွယ်ဆေး ကြိုတင်ထိုးနှံမှုပေးခြင်းတို့ကို ဆောင်ရွက် ပေးလာနိုင်ပါသည်။ ထို့အတူ ရောဂါပိုးများ ကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်မှုပြုနိုင်သည့် နည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များကို ပြည်သူများ သို့ ကျန်းမာရေးအသိပညာပေးခြင်းဖြင့် ပြည်သူများ ကလည်း လိုက်နာဆောင်ရွက်ခြင်းတို့ ပြုလုပ်လာနိုင်ပါ သည်။ ထို့အပြင် ရောဂါပိုးရှိနေသူများကို ကုသပေးရန် အတွက် အန္တရာယ်ကင်း၍ အစွမ်းထက် တိကျထိရောက် သော ဆေးဝါးများကိုလည်း ထုတ်လုပ်ပေးလာနိုင်ပါသည်။

 

ဘီပိုး၊ စီပိုးနှင့်

လက်ရှိရောဂါကုသမှုအခြေအနေ

 

လက်ရှိကာလတွင် အဆင့်မြင့်နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြု၍ ပိုးကောင်ပမာဏ အတိအကျကိုလည်းကောင်း၊ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကွဲ အမျိုးမျိုးကိုလည်းကောင်း၊ ရောဂါကုသဆေးဝါးများကို ခံနိုင်ရည်ရှိနိုင်သော ပိုး၏ မျိုးရိုးဗီဇများကိုလည်းကောင်း ရှာဖွေဖော်ထုတ်လာနိုင်ခဲ့ပါသည်။ ထို့အတူ ရောဂါပိုး များ၏ မော်လီကျူးဖွဲ့စည်းမှုနှင့် လုပ်ဆောင်ချက်များ ကိုလည်း တိကျစွာ စမ်းသပ်သုတေသနပြု ဖော်ထုတ်နိုင် ခဲ့သဖြင့် ဘီပိုးနှင့် စီပိုးအတွက် ထိရောက်သော၊ အစွမ်း ထက်၍ အန္တရာယ်ကင်းသော အဆင့်မြင့်ကုသဆေးများကို ထုတ်လုပ်ဖြန့်ဖြူးလာနိုင်ခဲ့ပါသည်။ ဘီပိုးကို လုံးဝ ပျောက်ကင်းအောင် ကုသမှု မပြုလုပ်နိုင်သေးသော်လည်း ဖော်ပြပါဆေးများကို ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါပိုး ပွားများမှုကို လုံးဝထိန်းချုပ်ထားနိုင်ပြီး ရောဂါ၏ နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဆက်လက်ဖြစ်ပွားခြင်းတို့ကို ရာနှုန်းပြည့်နီးပါး ကာကွယ် နိုင်ပြီဖြစ်ပါသည်။ အသည်းရောင်အသားဝါ စီပိုးအတွက်မူ ယနေ့အထိ ရောဂါကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မှု မရှိသေးသော်လည်း အချိန်တို (၃ လမှ ၆ လ) အတွင်း ရာနှုန်းပြည့်နီးပါး စီပိုးပျောက်ကင်းအောင် ကုသမှု ပေးနိုင်သည့် စီပိုးသေဆေးများကို ထုတ်လုပ်ပေးနိုင်နေပြီ ဖြစ်ပါသည်။ အဆိုပါ ဘီပိုးနှင့် စီပိုး သေဆေးများသည် ထိုးဆေးများမဟုတ်ဘဲ သောက်ဆေးများဖြစ်၍ လွယ်လင့် တကူရရှိသောက်သုံးနိုင်ပါသည်။ တစ်နေ့လျှင်တစ်ကြိမ် သာ သောက်ရသည့်အပြင် ကုန်ကျစရိတ်မှာလည်း လွန်စွာကြီးမြင့်မှုမရှိသဖြင့် လူနာများအတွက် လွန်စွာ သင့်တော်အကျိုးရှိသည့်ဆေးများ ဖြစ်လာပါသည်။

 

ဘီပိုး၊ စီပိုးနှင့်

လက်ရှိ ရောဂါကာကွယ်၊ ထိန်းချုပ် ဆောင်ရွက်မှု

 

လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ အထက်ပါ နိုဘယ်လ်ဆုရှင်ပုဂ္ဂိုလ် လေးဦး ရှာဖွေဖော်ထုတ်ပေးခဲ့သော ဘီ နှင့် စီ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူပေါင်း ၃၂၅ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ၁ ဒသမ ၄ သန်းခန့် သေဆုံးလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုင်ငံတစ်ဝန်း သုတေသနပြု လေ့လာချက်အရ ဘီပိုး ကူးစက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီပိုးကူးစက်မှုနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိပါသည်။ လက်ရှိ ဖြစ်ပွားနေသော အသည်းရောင်အသားဝါ ဘီ နှင့် စီ ရောဂါများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အပါအဝင် နိုင်ငံတကာ အစိုးရများက သတိမူအလေးထားလျက် ရှိလာကြပါသည်။ အသည်းရောင်အသားဝါရောဂါများသည် ကမ္ဘာပေါ်တွင် အလေးထား တိုက်ဖျက်ရသည့်ရောဂါအဖြစ် ၂၀၁၁ ခုနှစ်တွင် WHO က အသိအမှတ်ပြုခဲ့ပြီး အသည်းရောင် အသားဝါရောဂါ ဘီပိုးကို စတင်တွေ့ရှိခဲ့သည့် ၁၉၇၆ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရှင် ဒေါက်တာဘလမ်းဘတ် ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ ဇူလိုင်လ ၂၈ ရက်နေ့ကို ကမ္ဘာ့အသည်းရောင် ရောဂါနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့ကြပါသည်။ ကမ္ဘာတစ်ဝန်းရှိ လူသား များအားလုံးက အသည်းရောင်ရောဂါများကို သတိပြု အလေးထားလာကြစေရန်နှင့် အသည်းရောင်ရောဂါများကို ကမ္ဘာပေါ်တွင် လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ချက် များဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အခမ်းအနားများကို WHO ကဦးဆောင်၍ ဆောင်ပုဒ်များ ချမှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ် လာခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်တွင်ချမှတ်ခဲ့သည့် WHO ၏ ရည်မှန်းချက်ဖြစ်သော “အသည်းရောင်ရောဂါများကို ၂၀၃၀ ပြည့်နှစ်တွင် ပြည်သူလူထု၏ ကျန်းမာရေးကို ခြိမ်းခြောက် ခံနေရမှုမှ ဖယ်ရှားပစ်နိုင်ရေး” (To Eliminate Viral Hepatitis as Public Health Threat by 2030) နှင့် ယခုနှစ် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့၏ ဆောင်ပုဒ်ဖြစ်သော အသည်းရောင်ရောဂါ ကင်းစင်ရာ အနာဂတ်ကမ္ဘာ (Hep Free Future) တို့အရ ၂၀၃၀ ပြည့်နှစ် တွင် အသည်းရောင်ရောဂါကင်းစင်သော အနာဂတ် ကမ္ဘာကြီး ပေါ်ထွန်းလာရေးအတွက် ယခုအချိန်တွင် WHO နှင့် ကမ္ဘာ့အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့ (World Hepatitis Alliance- WHA) တို့၏ ဦးဆောင်မှုဖြင့် ကမ္ဘာ့နိုင်ငံတိုင်းသည် အသည်းရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စစ်ဆေး၊ ကုသရေးလုပ်ငန်းများကို အရေးပေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မကြာမီ ကာလများအတွင်း ဘီ နှင့် စီ ဗိုင်းရပ်စ်ပိုးတို့ကြောင့် ဖြစ်ပွားရသည့် အသည်းရောင် အသားဝါရောဂါများနှင့် နောက်ဆက်တွဲရောဂါများကြောင့် သေဆုံးမှုများသည် သိသာစွာ လျော့နည်းပပျောက်သွားတော့မည် ဖြစ်ပါ သည်။

 

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

 

အထက်ဖော်ပြပါ WHO ၏ ရည်မှန်းချက်ကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ပြည်သူများနှင့်အတူ မြန်မာ ပြည်သူများကလည်း တက်ကြွစွာပါဝင်ဆောင်ရွက်ကြ ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ သို့မှသာလျှင် WHO ၏  ရည်မှန်းချက်အတိုင်း ၂၀၃၀ ပြည့်နှစ်တွင် အသည်းရောင်အသားဝါရောဂါကင်းစင်သော အနာဂတ် ကမ္ဘာကြီး ပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ ဘီ နှင့် စီ ဗိုင်းရပ်စ်ပိုးများကို ရှာဖွေဖော်ထုတ်ပေးခဲ့ကြခြင်းဖြင့် လူသားသန်းပေါင်းများစွာတို့၏ အသက်များကို ကယ်တင်ပေးနိုင်ခဲ့ကြသော အထက်ပါ ဆေးပညာ ဆိုင်ရာ နိုဘယ်လ်ဆုရှင် ပုဂ္ဂိုလ် လေးဦးအား လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။