
ပူတာအို စက်တင်ဘာ ၂၁
မြန်မာပြည်မြောက်ဖျားပိုင်းရှိ ကချင်ပြည်နယ် ပူတာအိုဒေသသည် ရှားပါးသည့် သဘာဝဆေးမြစ်၊ဆေးဥများထွက်ရှိသည့် ဒေသဖြစ်ပြီး ပူတာအိုဒေသရေခဲတောင်များတွင် ရှီးပတီး၊ခမ်းတောက်မြစ်၊ ရှားချီ စသည့် အဖိုးတန်သဘာဝဆေးမြစ်၊ ဆေးဥများထွက်ရှိသည့်အပြင် သဘာဝအလျောက် ပေါက်ရောက်သည့် “ဘေချီဥ” များအား အသက် နှင့်ရင်းပြီးရှာဖွေခြင်းဖြင့် မိသားစုဝင်ငွေရှာဖွေကြရသည်။
ကျောက်ဖျာများတွင်တွေ့ရှိ
အဆိုပါ“ဘေချီ ”အား ဒေသခံ ရဝမ် ဘာသာစကားအားဖြင့် “လန်ပါ့”ဟုလည်း ခေါ်ဆိုကြပြီး ဘေချီကို ရေခဲတောင်ဖြစ်သည့် ခါကာဘိုရာဇီ၊ ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီနှင့် မဒွယ်ရာဇီ စသည့် ရေခဲတောင်များ၏ ကျောက် ဆောင်၊ ကျောက်ကမ်းပါးယံနှင့် ရေခဲတောင်ဒေသရှိ စမ်းချောင်း များ၏ ကျောက်ဖျာများတွင် ရှာဖွေတွေ့ရှိရသည့် ဆေးဥ တစ်မျိုးဖြစ်သည်။
၎င်း“ဘေချီဥ”များကို အများ အားဖြင့် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလ များတွင် သွားရောက်ရှာဖွေကြ ရပြီး ရေခဲတောင်ဒေသမှ ရရှိလာ သည့် “ဘေချီဥ”များကို တရုတ် နိုင်ငံဘက်မှ အများအားဖြင့် ဈေးကောင်း ပေးဝယ်လျက်ရှိ သည်။ ယင်း “ဘေချီဥ” များကို တရုတ်နိုင်ငံတွင် တရုတ်တိုင်းရင်း ဆေး ထုတ်လုပ်ရာတွင် အသုံးပြု လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ကျပ် ၁၀ သိန်း ဝန်းကျင်အထိ ဈေးရ
“ဘေချီဥ” များသည် ကြက်သွန်နီဥကဲ့သို့ရှိပြီး အဖြူ ရောင်၊ ခရမ်းရောင်နှင့် အစိမ်း ရောင်ဟူ၍ အရောင်သုံးမျိုး ထွက်လျက်ရှိကြောင်း၊ အဆိုပါ အသက်နှင့်ရင်းပြီး ရှာဖွေရသည့် “ဘေချီဥ”များကို အခြောက်လှန်း ကာ ပိဿာချိန်နှင့် ရောင်းကြရ ကြောင်း သိရှိရပြီး ၎င်းအခြောက် ခံပြီးရရှိလာသည့် “ဘေချီဥ” များ ကို ၂၀၂၁ ခုနှစ်တွင် တစ်ပိဿာ လျှင် ငွေကျပ်သုံးသိန်း၊ ၂၀၂၂ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ကိုးသိန်းနှင့် ယခုနှစ်တွင် ကာလပေါက်ဈေးအရ တရုတ် ငွေ အတက်အကျပေါ် မူတည်ပြီး ကျပ် ၁၀ သိန်း ဝန်းကျင်အထိ ဈေးရရှိကြောင်း သိရသည်။
အဆိုပါ “ဘေချီဥ”များသည် ပင်လယ်ရေမျက်နှာပြင် ၆၀၀၀ အထက်ရေခဲတောင်ရှိ ကျောက် ကမ်းပါးယံများတွင် ပေါက်ရောက် သောဆေးဥတစ်မျိုးဖြစ်ကြောင်း၊“ဘေချီဥ” များကို အဖွဲ့လိုက်စု ဖွဲ့ကာ ရှာဖွေကြရကြောင်း၊ အဆိုပါ “ဘေချီဥ” များသည် ကျောက်ဆောင် ကမ်းပါးယံ တွင်သာ ပေါက်ရောက်ခြင်း ကြောင့် ရာသီဥတုနှင့် လမ်းခရီး ကြမ်းတမ်းသဖြင့် “ဘေချီဥ” ရှာဖွေချိန်တွင် ကျောက်ဆောင် ကျောက်ကမ်းပါးယံမှ ပြုတ်ကျ သေဆုံးမှုများလည်း ရှိကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)