
နှင်းမိုးအိမ်
တွန်ဂါနိုင်ငံတွင် ရေအောက်မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည် မှာ အချိန်တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကြိုးစားနေကြ
ယင်းသို့ မီးတောင်ပေါက်ကွဲမှုအပြီးတွင် တွန်ဂါနိုင်ငံမှ ပြည်သူ များသည် ၎င်းတို့၏ နေ့စဉ်လှုပ်ရှားရုန်းကန်နေရသည့် လူနေမှုဘဝ မူလအတိုင်း ပြန်လည်ဖြစ်ပေါ်လာစေရေးအတွက် ကြိုးစားနေ ကြသည်။ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရစဉ် ကိုဗစ် -၁၉ ကူးစက်မှုကြောင့်လည်း အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။ မီးတောင်ပေါက်ကွဲမှုအပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဖြည်းဖြည်းနှင့်မှန်မှန် လုပ်ဆောင် လျက်ရှိသည်။
စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်လာမည်ကိုစိုးရိမ်
တွန်ဂါနိုင်ငံရှိ ကျွန်းအများစုတွင် ယခုအချိန်ထိတိုင်အောင် မီးတောင်ပြာများနှင့် အပျက်အစီးများ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားများ၏စိုက်ပျိုးရေးလုပ်ငန်းတွင် ကာလရှည်ကြာ ထိခိုက်မှု ရှိလာမည်ကို အစိုးရအာဏာပိုင်များက စိုးရိမ်လာကြသည်။
တွန်ဂါနိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်းမှာ နိုင်ငံသား ၈၆ ရာခိုင်နှုန်း လုပ်ကိုင်ကြသည့်လုပ်ငန်းလည်းဖြစ်သည်။ တွန်ဂါနိုင်ငံသားများ သည် ငါးလုပ်ငန်းအပါအဝင် အခြားသောလုပ်ငန်းများတွင်လည်း ပါဝင်လုပ်ကိုင်ကြသည်။ ပြည်သူအများစုမှာ ပင်လယ်သမုဒ္ဒရာအပေါ် မှီခိုနေရသည်။ ဆူနာမီလှိုင်းကြောင့် ၎င်းတို့၏ ကိရိယာတန်ဆာ ပလာများနှင့် ရေယာဉ်များပျက်စီးခဲ့ရသည်။
ပင်လယ်ရေညစ်ညမ်းမှုမရှိစေရန်လိုအပ်
နောက်ထပ်အကြီးမားဆုံးပြဿနာတစ်ခုမှာ ရေ ပြဿနာပင်ဖြစ် သည်။ ဆူနာမီကြောင့် စိုက်ခင်းများပျက်စီးခဲ့ရသည်ဟု တွန်ဂါ နိုင်ငံတွင် နေထိုင်သူတစ်ဦးက ပြောသည်။ ၎င်း၏ ရေညှိစိုက်ခင်းမှာ တွန်ဂါနိုင်ငံမြို့တော် နူကူလိုဖာတွင် ရှိသည်။
နှစ်စဉ် ပြည်ပသို့ ရေညှိတန်ချိန် ၁၀၀ နီးပါးပေးပို့ရသည်။ ၎င်းမှာ ရေညှိစိုက်ပျိုးထုတ်လုပ်မှုကို ဇူလိုင်လတွင်စတင်ပြီး ယခုနှစ်အတွက် မူ ပြာများနှင့် အပျက်အစီးများကြောင့် လုပ်ငန်းစတင်ရန် အခက် အခဲများနှင့်ကြုံတွေ့ရမည်ဖြစ်သည်။ ပင်လယ်ရေညစ်ညမ်းမှု မရှိရန် လိုအပ်ပြီး ယင်းမှသာ ရေညှိစိုက်ပျိုးထုတ်လုပ်မှုကို ပြည်ပသို့ တင်ပို့နိုင်ရေး ပြန်လည်ကြိုးပမ်းနိုင်မည်ဖြစ်သည်။
ကူးစက်မှုများပြားလာ
တွန်ဂါနိုင်ငံရှိအာဏာပိုင်များသည် ပြီးခဲ့သည့်နှစ်နှစ်တာကာလ အတွင်း တွန်ဂါနိုင်ငံသို့ ကိုဗစ် -၁၉ ကပ်ရောဂါ မကျရောက်စေရေး အစွမ်းကုန်ကြိုးပမ်းခဲ့ကြသည်။ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုမှာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့သော်လည်း ယခုအချိန်တွင်မူ အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ ရေအောက်မီးတောင်ပေါက်ကွဲမှုအပြီးတွင် ကူးစက်မှုများမှာ ပို၍ပို၍ များပြားလာခဲ့သည်။
အသွားအလာပိတ်ဆို့ကန့်သတ်မှုပြုလုပ်
ဒေသတွင်းကူးစက်မှုကို ပထမဆုံးအကြိမ် တွေ့ရှိပြီးနောက် ဖေဖော်ဝါရီလအတွင်း အသွားအလာပိတ်ဆို့ကန့်သတ်မှုကိုပြုလုပ်ခဲ့သည်။ ဒေသခံများနှင့် အပြည်ပြည်ဆိုင်ရာမှ အကူအညီပေးရေး လုပ်သားများကို လူချင်းထိတွေ့မှုမရှိစေရေးအတွက် အာဏာပိုင်များ က အမိန့်ထုတ်ခဲ့သည်။
ယင်းသို့အမိန့်ထုတ်ပြန်ထားမှုကြောင့် ရေအောက်မီးတောင် ပေါက်ကွဲမှုဒဏ်ခံစားရပြီးနောက် နိုင်ငံအတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်များတွင် အနှောင့်အယှက်အဟန့်အတားများ ဖြစ်လာ မည်ကိုလည်း အချို့သော အကူအညီပေးရေးအဖွဲ့များက စိုးရိမ်နေ ကြသည်။
အချိန်ယူရဦးမည်
အထူးသဖြင့် ဝေးလံခေါင်ဖျားသည့် ကျွန်းများသို့ လိုအပ်သည့် အကူအညီများမရောက်ရှိမည်ကို စိုးရိမ်နေကြရသည်။ အသွား အလာ ပိတ်ဆို့ကန့်သတ်မှုများကြောင့် လိုအပ်သည့်နေရာသို့ သွားလာနိုင်ရန် အခက်အခဲများရှိလာသည်ဟု ကုလသမဂ္ဂ အစားအသောက်နှင့် စိုက်ပျိုးရေးဆိုင်ရာအဖွဲ့အစည်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် အကဲဖြတ်ရန် လိုအပ်သည်။ ငါးဖမ်းလုပ်ငန်းအတွက်မူ လုပ်ငန်းများ ပြန်လည်ထူထောင်ရေးအတွက် အနည်းဆုံးသုံးနှစ်ကျော်ကြာ အချိန်ယူရဦးမည်ဖြစ်သည်။
အိမ်ကိုပြန်ရန်မဖြစ်နိုင်သေး
ဝေးလံခေါင်ဖျားကျွန်းများတွင် နေထိုင်ကြသည့် လူပေါင်း ၁၅၀ ကျော်မှာ ယခုအချိန်အထိ ကယ်ဆယ်ရေးစင်တာများတွင် နေထိုင် နေရဆဲဖြစ်သည်ဟု တွန်ဂါနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှု အဖွဲ့ အစည်းမှ ဒုတိယအမြင့်ဆုံး အရာရှိတစ်ဦးဖြစ်သူ ပေါ်လာမာ က ပြောသည်။ ၎င်းတို့၏ နေအိမ်များ ပြန်လည်တည်ဆောက်၍ မပြီးသရွေ့ အိမ်ကိုပြန်ရန် မဖြစ်နိုင်သေးချေ။
ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်
အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်ရန် လိုအပ်နေသေးသည်ဟု ၎င်းကပြောသည်။ ဘဏ္ဍာရေးအရထောက်ပံ့ ပေးမှုသာမက နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမှုများပါ လိုအပ်နေသေးသည်ဟု ၎င်းကဆက်ပြောသည်။ တွန်ဂါနိုင်ငံအတွက် အခက် အခဲဆုံးကာလအတွင်း အလိုအပ်ဆုံးမှာ လူသားချင်းစာနာ ထောက်ထား မှု အကူအညီများပင်ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ကိုဗစ် - ၁၉ ကူးစက်မှုအခြေအနေများ
ဖေဖော်ဝါရီ ၂၃ ရက်က တွန်ဂါနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်ခံရသူ ၅၅ ဦး ထပ်မံတွေ့ရှိခဲ့ရာ လက်ရှိရောဂါခံစားနေရသူ ဦးရေမှာ ၁၃၃ ဦး ရှိသည်။ ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ကူးစက် ခံရသူ စုစုပေါင်းမှာ ၂၈၇ ဦး ရှိခဲ့သည်။
ကာကွယ်ဆေးထိုးပြီးသည့်အခြေအနေ
တွန်ဂါနိုင်ငံတွင် လူဦးရေ ၁၀၀၀၀၀ ကျော်ရှိပြီး နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနိုင်ခွင့်ရှိသူ၏ ၉၉ ရာခိုင်နှုန်းမှာ အနည်းဆုံး ကိုဗစ် - ၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးဖြစ်သည်။ တတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူဦးရေမှာ ၂၆ ရာခိုင်နှုန်းရှိသည်ဟု သိရ သည်။
ကိုးကား - အင်န်အိတ်ချ်ကေ၊
ဆင်ဟွာ