အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများကို ကျေးလက်ဒေသအရောက် ဖွင့်လှစ်မည်

 

မြစ်ကြီးနား   နိုဝင်ဘာ  ၁၄ 


ကချင်ပြည်နယ်     အသေးစား   စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့   ပူးပေါင်း၍ ကျေးလက် ဒေသအရောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာကာလတိုသင်တန်းများကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။ 

 


အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ပို့ချခြင်းဖြင့် ကျေးလက် နေပြည်သူများ အိုးမကွာအိမ်မကွာ ကိုယ်ပိုင်စီးပွားရေး ထူထောင်နိုင်စေ ရန်၊    အလုပ်လက်မဲ့များပပျောက်ပြီး   အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်း၍ ကျေးလက်ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက် မပြတ် ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

 


သင်တန်းများအနေဖြင့် ဒေသခံများတောင်းဆိုသော အမျိုးအစား များဖြစ်သည့် ဆွမ်ဘရာဘွမ်၌   ဆိုင်ကယ်    ပြုပြင်ထိန်းသိမ်းနည်း၊ ပူတာအို၊ ဗန်းမော်၊  ဝိုင်းမော်နှင့်  မိုးညှင်းမြို့နယ်၌ အခြေခံစက်ချုပ် သင်တန်း၊ စားသောက်ကုန်နှင့်လူသုံးကုန်   ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့် ဝါးလက်မှုထည်သင်တန်းများ ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းတစ်ကြိမ်လျှင်   သင်တန်းသား   ၂၀ ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ လေ့ကျင့်သင်ကြားမည်ဖြစ်ပြီး   ဘတ်ဂျက်ကို ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနက ကျခံပြီး နည်းပညာကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တာဝန်ယူ သင်ကြာပေးမည်ဖြစ်ကာ အဆိုပါသင်တန်းများကို တက်ရောက်လိုသူများ၊ စိတ်ပါဝင်စားသူများ သည်   သက်ဆိုင်ရာ   ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနသို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။          

 ပြည်နယ်(ပြန်/ဆက်)