
ဆီဆိုင်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမူရေးပင်စင် ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၇ ရက်က ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခုနစ်ရွာမှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ခုနစ်ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ရာတွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများအတွက် နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ဆီဆိုင် မြို့နယ်တွင် ရပ်ကွက်ခြောက်ခုနှင့် ကျေးရွာအုပ်စု ၁၃ အုပ်စုအတွင်း ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၂၉ ဦးရှိကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)
ငပုတော
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်ပင်စင်ထောက်ပံ့ပေးအပ် ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၈ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ ပေးအပ်သည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ ငပုတောမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် သုံးလစာငွေကျပ် သုံးသောင်းနှုန်း ဖြင့် စုစုပေါင်းဘိုးဘွား ၁၇၇၇ ဦးအတွက် ငွေကျပ် ၅၃၃၁၀၀၀၀ ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအား တစ်လလျှင်ငွေကျပ် ၁၅၀၀၀ နှုန်းဖြင့် စုစုပေါင်း ၅၇၁ ဦးအတွက် သုံးလစာငွေကျပ် ၂၅၇၀၈၅၀၀ဝကို ထောက်ပံ့ပေးပြီးဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
သုံးခွ
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှလူမှုရေး ပင်စင်များ ထောက်ပံ့ ငွေများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၇ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
လူမှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းသက်ကြီး ဘိုးဘွား ၇၈၇ ဦးတို့အတွက် ငွေကျပ် ၂၃၆၁၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးက ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များက သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
ရွှေဘို
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွား ၂၀၈၄ ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ရွှေဘိုမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၇ ရက်က ရွှေဘို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ပေးအပ်ခဲ့ပြီး သက်ကြီးဘိုးဘွား များအား ထောက်ပံ့ပေးမည်ဖြစ်သည်။
ရွှေဘိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၇၆ အုပ်စုမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၂၀၈၄ ဦး ရှိကြောင်း၊ ၎င်းတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေသုံးလစာ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၆၂၅၂၀၀၀၀ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)