
နေပြည်တော် စက်တင်ဘာ ၈
အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia Pacific Joint Group– AP JG) ၏ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(Anti-Money Laundering and Countering the Financing of Terrorism-AML/CFT) လုပ်ငန်းစဉ်များအပေါ် အကဲဖြတ်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်ချက်များ ဆွေးနွေးခြင်းဆိုင်ရာအစည်းအဝေးကို စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ငွေကြေးဆိုင်ရာအရေးယူ ဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) နှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါ ချမှုတိုက်ဖျက် ရေးအဖွဲ့(Asia Pacific Group-APG) အတွင်းရေးမှူးအဖွဲ့မှ ပုဂ္ဂိုလ်များနှင့် AP JG အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေ ဦးဆောင်၍ ဥပဒေရေးရာဝန်ကြီးဌာန၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် AP JG အဖွဲ့၏ Co chair ဖြစ်သူ အိန္ဒိယနိုင်ငံသား Mr. Yogpal Singh နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေတို့က အဖွင့်အမှာစကားများ ပြောကြား ကြသည်။ မြန်မာနိုင်ငံ၏ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများအား ဆွေးနွေးပြောကြား ရာတွင် ငွေကြေးခဝါချမှုဆိုင်ရာအန္တရာယ်များကို နားလည်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင် များနှင့် ညှိနှိုင်းအစည်းအဝေးများပြုလုပ်ခြင်း၊ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများ နှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးရေး အစီအမံ များပြုလုပ်ခြင်း၊ ပြည်ပငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများအား လိုင်စင်ထုတ်ပေးမှုနှင့် ကြီးကြပ်စစ်ဆေး ရေးဆောင်ရွက်ထားရှိမှု၊ တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်သူများအား အရေးယူဆောင်ရွက်မှုများ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ငွေကြေးခဝါချမှုဆိုင်ရာပြစ်မှုများအား စုံစမ်းစစ်ဆေးခြင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိသည့် ငွေကြေးနှင့်ပစ္စည်း များအား နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်း၊ အကြမ်းဖက် မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များနှင့်အညီ လူအများအပြား သေကျေစေသော လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး နှင့်သက်ဆိုင်သည့် အသိပညာပေးရေးဆိုင်ရာ တိုးတက် ဆောင်ရွက်မှုများအား နှစ်ဖက်အပြန်အလှန် ဆွေးနွေး ကြသည်။
သတင်းစဉ်