အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှောက်ထားနိုင်

 

 

ရန်ကုန်  ဖေဖော်ဝါရီ  ၉


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  အသေးစားစက်မှုလက်မှုလုပ်ငန်းများအနေဖြင့်   မိမိတို့လုပ်ငန်းများအတွက်၊    မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီး ခိုင်မာသည့်လုပ်ငန်းရှင်အဖြစ် ရပ်တည်လိုပါက ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ အမှတ်     (၁၃၇)   သုဓမ္မာလမ်းမကြီး၊     မြောက်ဥက္ကလာပမြို့နယ်၊   ဖုန်း ၀၁- ၆၆၅၈၀၆ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 


လုပ်ငန်းရှင်များအနေဖြင့် မိသားစုဝင်များဖြင့် သော်လည်းကောင်း၊ အလုပ်သမားငှားရမ်းအသုံးပြု၍သော်လည်းကောင်း၊     စုပေါင်း၍ သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်သည့်  သို့မဟုတ်   ပြုပြင် မွမ်းမံသည့် မြင်းကောင်ရေ ၀ ဒသမ ၂၅ နှင့်အထက်၊ ငါးကောင်အား နှင့်အောက်  အသုံးပြုသည့်    အလုပ်သမားကိုးဦးထက်မပိုသော    အိမ်တွင်းစက်မှုလုပ်ငန်းနှင့် အလုပ်သမားသုံးဦးနှင့် အထက်ရှိသော အိမ်တွင်းလက်မှုလုပ်ငန်းများ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

 


လျှောက်ထားရာတွင် လျှောက်လွှာပုံစံ (၁) သုံးစုံ၊  လိုင်စင်ဓာတ်ပုံ ငါးပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူသုံးစောင်၊ လူသုံးကုန်၊ အလှကုန် နှင့်   စားသောက်ကုန်လုပ်ငန်းအတွက် လျှောက်ထားခြင်းဖြစ်လျှင် ဓာတ်ခွဲစမ်းသပ်မှုရလဒ်များ၊  တိုင်းရင်းဆေးဝါးဖြစ်ပါက  သက်ဆိုင်ရာ တိုင်းရင်းဆေးပညာဦးစီးဌာနက ထုတ်ပေးသော လိုင်စင်နှင့် မှတ်ပုံတင် လက်မှတ်၊  သစ်အခြေပြု   အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းတွင် အသုံး ပြုသည့် ပြန်စိတ်စက်ငယ်လုပ်ငန်းနှင့် ပရိဘောဂလုပ်ငန်းများဖြစ်ပါက သစ်စက်နှင့်  သစ်ဆိုင်များမှ ဝယ်ယူသော တရားဝင်သစ်ပြေစာများ၊ သက်ဆိုင်ရာ    တိုင်းဒေသကြီး/   ပြည်နယ်    သစ်တောဦးစီးဌာန၏ ထောက်ခံစာ၊    အခြားထုတ်ကုန်ပစ္စည်းများအတွက်    သက်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ၊       သက်ဆိုင်ရာရပ်ကွက်ထောက်ခံစာများနှင့်အတူ        ပူးတွဲတင်ပြရမည်ဖြစ်ပြီး      လုပ်ငန်း မှတ်ပုံတင်ကြေးမှာ ကျပ် ၁၀၀၀၀ ဖြစ်ကြောင်း သိရသည်။

 


လုပ်ငန်းမှတ်ပုံတင်      လျှောက်ထားလိုသူသည်     လျှောက်လွှာပုံစံ (၁) ကို  မိမိလုပ်ငန်းတည်ရှိရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနများ၌ ဝယ်ယူနိုင်ပြီး မိမိ လျှောက်ထားလိုသည့်   ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   လုပ်ငန်း နယ်နိမိတ်ကိုဖော်ပြ၍  ရန်ကုန်တိုင်းဒေသကြီး   အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လျှောက်လွှာတင်သွင်း၍  လျှောက်ထား နိုင်သည်။

 


လျှောက်လွှာတင်သွင်းပြီးပါက       လုပ်ငန်းတည်နေရာများသို့ သက်ဆိုင်ရာ       ရန်ကုန်တိုင်းဒေသကြီး     အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန   (ရုံးချုပ်)   နေပြည်တော်သို့     ထောက်ခံတင်ပြ၍   မှတ်ပုံတင်လုပ်ငန်းများ   ကြီးကြပ်စစ်ဆေးရေးအဖွဲ့   အစည်းအဝေးမှ အတည်ပြုဆုံးဖြတ်ချက်ဖြင့်          လုပ်ငန်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။                        

ကိုရိုး