အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး . . .

Type
77

 

 

ဇင်ငြိမ်း
 

ကလေးသူငယ်များဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု၏ အနာဂတ်မျိုးဆက်သစ်များ ဖြစ်ကြသည်။ ကလေးသူငယ်များသည် အသက်အားဖြင့်၊  ဉာဏ်ရည်အားဖြင့်၊ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအားဖြင့် ပြည်စုံသေးကြသည့် အရွယ်မဟုတ်သေးချေ။  အသက်အရွယ်အားဖြင့် အသက် ၁၈ အောက်ကို ကလေးသူငယ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားသည်။ အသက် ၁၈ အောက် ကလေးသူငယ်များဆိုသည်က ပညာသင်ကြားရမည့်အရွယ်၊ ကျောင်းသို့ သွားရမည့်အရွယ်၊ မိဘ အုပ်ထိန်းသူနှင့် ရင်အုပ်မကွာရှိ၍ ကာယ၊ ဉာဏ ပြုစုပျိုးထောင်ပေးကြရမည့်အရွယ် ဖြစ်သည်။
အလေးထားရမည့်လုပ်ငန်းစဉ်
ကလေးသူငယ်များသည် ပုံမှန်အတိုင်း  ကလေး သူငယ်ဘဝကို ကြီးပြင်းခွင့်ရှိကြပြီး သူတို့၏ လူသား ဘဝအနာဂတ်များ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အရေး များ ရှိကြပါသည်။ သို့သော်လည်း ပဋိပက္ခများ၊ စစ်ပွဲ များနှင့် ကျပ်တည်းသော အခြေအနေများ အောက် တွင် ကလေးသူငယ်များသည် အကူအညီမဲ့လျက်ရှိ ကြပါသည်။ ကလေးသူငယ်များသည် အကျဉ်းကျ ခံရခြင်း၊ ဒဏ်ရာရရှိခြင်း သို့မဟုတ်  သေဆုံးခြင်း သို့မဟုတ် ၎င်းတို့၏   မိသားစုများနှင့်   အကြောင်း အမျိုးမျိုးဖြင့် ခွဲခွာနေရခြင်းများ ရှိနေကြပါသည်။  ထိုသို့သော အရွယ်မရောက်သေးသူ ကလေးသူငယ် များမှာ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုများတွင်       ပါဝင်နေကြရသကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်မှုများ၏   ဒဏ်ကိုလည်း ခံစားနေကြရသည်ကို တွေ့ရပါသည်။  
ကလေးသူငယ်များအား      စစ်သားအဖြစ် စုဆောင်းခြင်း အဆုံးသတ်ရန်နှင့် ကလေးသူငယ် များအား   ပဋိပက္ခများ၊   လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် လက်နက်အုပ်စုများတွင်  ပါဝင်မှု   မရှိစေ ရေး ကာကွယ်တားဆီးရန် ကမ္ဘာတစ်ဝန်းကြိုးပမ်း အားထုတ်လျက်ရှိသော်လည်း     စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည့်အပြင်     ကလေးသူငယ်များ အတွက်  အရေးပါသော  အခြေခံအခွင့်အရေးများ လည်း ဆုံးရှုံးနေကြောင်း သိရပါသည်။  
ယင်းသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအရဖြစ်စေ၊ လူသားချင်း စာနာမှုဆိုင်ရာအရဖြစ်စေ ထိထိရောက်ရောက်    ကာကွယ်တားဆီးရမည့် လုပ်ငန်းတစ်ရပ်အဖြစ်   တွေ့ရပါသည်။    ကလေး သူငယ်များအခွင့်အရေး    ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်မှာ  ကြီးမားကျယ်ပြန့်လှပြီး   နောက်ခံ အခြေခံအကြောင်းတရားများ ရှိနေကြသော်လည်း အရေးထားလုပ်ဆောင်ရန်   လိုအပ်သည့်   လုပ်ငန်း တစ်ရပ်အဖြစ် တွေ့ရပါသည်။
ကလေးစစ်သား အဓိပ္ပာယ်ဖွင့်ဆိုမှု
လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် လက်နက်ကိုင် အဖွဲ့နှင့် ဆက်စပ်နေသည့် ကလေးသူငယ်ဆိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု သို့မဟုတ် လက်နက် ကိုင်အုပ်စုတစ်ခုက   မည်သို့အသုံးပြုရန်ဖြစ်စေ လူသစ်စုဆောင်းခံရသော သို့မဟုတ် အသုံးပြုခံရ သော အသက် ၁၈ အောက်ရှိသူ မည်သူကိုမဆို ရည် ညွှန်းသည်။ ၎င်းတို့တွင် တိုက်ခိုက်ရေးသမားများ၊ ထမင်းချက်များ၊ ပေါ်တာများ၊ စပိုင်များ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြု သော ယောက်ျားလေးနှင့် မိန်းကလေးများ အပါအဝင် ကလေးသူငယ်များကို ကန့်သတ်ချက်မရှိဘဲ အကျုံး ဝင်သည်။ (Source: Paris Principles on the Involvement of Children in Armed Conflict 2007)
ကလေးသူငယ်များဆိုင်ရာ       ကုလသမဂ္ဂ  ကွန်ဗင်းရှင်း (CRC) နှင့် ဂျီနီဗာကွန်ဗင်းရှင်းများ ဆိုင်ရာ သီးခြားသတ်မှတ်ချက်များအရ အသက် ၁၅ နှစ်အောက်   လူသားများကို   စုဆောင်းခြင်း သို့မဟုတ် အသုံးပြုခြင်းကို တားမြစ်ထားပြီး ယင်းလို လုပ်ဆောင်ခြင်းသည်   စစ်ရာဇဝတ်မှုဖြစ်ကြောင်း နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ  တရားရုံး၏  ရောမ ဥပဒေအရ    သတ်မှတ်ထားပါသည်။   ထို့အပြင် လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးသူငယ်များ ပါဝင်ခြင်းဆိုင်ရာ CRC ၏ မဖြစ်မနေ  လိုက်နာရန် မလိုသော သတ်မှတ်ချက်သည် အသက် ၁၈ အောက် ကလေးသူငယ်များကို လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် နိုင်ငံမဟုတ်သော လက်နက်ကိုင်တပ်ဖွဲ့ များ သို့မဟုတ် ပဋိပက္ခများတွင် တိုက်ရိုက်ပါဝင် ပတ်သက်ခြင်းအတွက်  အတင်းအကျပ်   စုဆောင်း ခြင်းကို တားမြစ်ထားပါသည်။
စုဆောင်းခံရမှု
လမ်းပေါ်    အကြမ်းဖက်မှုများ၊    အလွန်အမင်း ဆင်းရဲမှုများ၊ နေထိုင်ရန် အခက်အခဲများကဲ့သို့သော လူမှုရေးအခြေအနေများ   ဖြစ်ပေါ်နေပြီး စစ်ပွဲများ ဖြစ်ပွားနေသည့်    နိုင်ငံများနှင့်    ဒေသများတွင် ကလေးသူငယ်များမှာ လက်နက်ကိုင်အုပ်စုများတွင် အတင်းအကျပ် စုဆောင်းခံရမှုများ မြင့်တက်လျက် ရှိကြောင်း ICRC ကဆိုပါသည်။ အကြောင်းအမျိုးမျိုး ကြောင့်    မိဘမရှိသော   ကလေးသူငယ်များမှာ မိသားစုနှင့် နေထိုင်နေကြသောသူများထက် ပိုမို၍ ထိခိုက်ခံစားနေကြရပါသည်။ 
၎င်းတို့သည် ကျင်လည်ရာဝန်းကျင်နှင့် အဆက် ဖြတ်ခံထားရပြီး ၎င်းတို့၏အနာဂတ်မှာ မသေချာ မရေရာမှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ထိုသို့ သော အခြေအနေတွင် လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ်   လက်နက်ကိုင်အုပ်စုများသို့   ဝင်ရောက် ခြင်းသည် ကာကွယ်မှုအချို့နှင့် လူမှုအဆင့်အတန်း တစ်ခုရရှိနိုင်သည့်    နည်းလမ်းတစ်ခု  ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ 
ယင်းသည်ပင်  ၎င်းတို့အသက်ရှင်ရပ်တည်ရေး အတွင် တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်နိုင် ပါသည်။     အချို့သော      ကလေးငယ်များသည် အကြောင်းတစ်ခုခုကြောင့် လက်နက်ကိုင်အုပ်စုများ သို့ ရောက်ရှိနေသော်လည်း အချို့မှာ ၎င်းတို့၏ မိသားစုထံမှ   အတင်းအကျပ်   စုဆောင်းခံရမှုများ လည်းရှိကြောင်း ICRC ၏ အစီရင်ခံစာတွင် ဖော်ပြ ထားပါသည်။
ကုလသမဂ္ဂ အစီရင်ခံစာ
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်           လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာအထူးကိုယ်စားလှယ်၏ ၂၀၂၂ ခုနှစ် ဧပြီလ အစီ ရင်ခံစာအရ ၂၀၂၁ ခုနှစ်အတွင်း ပဋိပက္ခဇုန်များ တွင် နေထိုင်သော ကလေးသူငယ်များအား အကာ အကွယ်ပေးရာတွင် မကြုံစဖူး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း  ဆိုပါသည်။  ယခုနှစ် ပထမ ကိုးလအတွင်း   ကလေးများအပေါ်   ဆိုးရွားစွာ ချိုးဖောက်မှုအရေအတွက် ဆက်တိုက်များပြားနေ ကြောင်း သိရပါသည်။ 
အတည်ပြုထားချက်များအရ  ကလေးသူငယ် များအား သတ်ဖြတ်ခြင်းနှင့်  နှိပ်စက်ညှဉ်းပန်းခြင်းမှာ အများဆုံးဖြစ်နေပြီး    ၎င်းနောက်တွင်    ကလေး စစ်သားစုဆောင်း၊   အသုံးချခြင်းနှင့်   လူသားချင်း စာနာထောက်ထားမှု အခွင့်အလမ်းများ ဆုံးရှုံးခြင်း များ ရှိနေပါသည်။ နိုင်ငံရေး၊ လုံခြုံရေးနှင့် ရာသီဥတု ဆိုင်ရာ အရေးပေါ်အခြေအနေများ အပါအဝင် ကိုရိုနာဗိုင်းရပ်၏   လှိုင်းသစ်များ  ထပ်ခါတလဲလဲ ဖြစ်ပွားနေခြင်းများသည်   ကလေးသူငယ်များ၏ အားနည်းချက်များကို  တိုးမြင့်စေပြီး ပဋိပက္ခနှင့် ဆက်စပ်နေသူများနှင့်   ပူးပေါင်းဆောင်ရွက်ရေး သာမက ဆိုးရွားသောချိုးဖောက်မှုများ စောင့်ကြည့် ခြင်း၊ အတည်ပြုခြင်းများတွင် စိန်ခေါ်မှုများ ဖြစ်ပေါ် စေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
ကိုဗစ်ဆိုင်ရာ ဂယက်ရိုက်ခတ်မှု
ကိုဗစ်-၁၉  ကပ်ရောဂါဖြစ်ပွားသည့်  နှစ်နှစ် အတွင်း ပဋိပက္ခဖြစ်ပွားသည့်ဒေသများမှ ကလေး သူငယ်များ၏ ရှင်သန်ရပ်တည်ရေးအပေါ် ဆိုးကျိုး များ ဆက်တိုက်သက်ရောက်စေပြီး ဆိုးရွားသော ချိုးဖောက်မှုများ  မြင့်တက်လာစေပါသည်။  ကပ် ရောဂါသည် လူထုကျန်းမာရေးစနစ်အပေါ် ပြင်းထန် စွာ   သက်ရောက်စေပြီး  ကျောင်းများကိုလည်း ပိတ်ထားရသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ပါ သည်။ ထို့အပြင် ကပ်ရောဂါ ကာကွယ်တားဆီးရေး လုပ် ဆောင်မှု အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော လူမှုစီးပွား အကျပ်အတည်းများသည် မိသားစုများ နှင့် ကလေးသူငယ်များအား လိင်ခေါင်းပုံဖြတ်ခြင်း အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များသို့  ဝင်ရောက် ခြင်း    သို့မဟုတ်    လုပ်အားခေါင်းပုံဖြတ်ခံရသော နည်းလမ်းများကဲ့သို့သော     ဆိုးကျိုးဖြစ်စေသည့် အခြားနည်းလမ်းများကို   အားကိုးရန် တွန်းအားဖြစ် စေလျက်ရှိပါသည်။
ပူးပေါင်းဆောင်ရွက်မှု
အရွယ်မရောက်သေးသော ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမှ   ကာကွယ်တားဆီးရေး အတွက် ကုလသမဂ္ဂက ဦးဆောင်၍ နိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည် ကို    တွေ့ရပါသည်။    လွန်ခဲ့သော   နှစ်ပေါင်း   ၂၀ ကျော်မှစ၍ လက်နက်ကိုင်ပဋိပက္ခများတွင် ကလေး သူငယ်များ အသုံးပြုခြင်းကို အရေးယူဆောင်ရွက်ရန် အားလုံးစုစည်းလာခဲ့ကြပါသည်။   ထိုအချိန်မှစ၍ အရွယ်မရောက်သေးသူ      ကလေးသူငယ်များ စုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို အဆုံးသတ်ရန် နှင့် တားဆီးကာကွယ်ရန်  ရည်ရွယ်၍  ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ   ပြဋ္ဌာန်းထားသော  အရေးယူ ဆောင်ရွက်မှုအစီအစဉ်များကြောင့် ကလေးသူငယ် ကျား/ မ ပေါင်း ၁၃၀၀၀၀ ကျော်ကို   ပြန်လွှတ်ပေး နိုင်ခဲ့ကြောင်း တွေ့ရပါသည်။
ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခ များဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ်နှင့် ယူနီဆက်တို့က လက်နက်ကိုင်ပဋိပက္ခများတွင် ကလေးစစ်သားများ ကို   အသုံးမပြုသင့်ကြောင်း   ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုရရှိရန်   ရည်ရွယ်သော Children, Not Soldiers လှုပ်ရှားမှုကမ်ပိန်း တစ်ရပ်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပါသည်။      
ယင်းလှုပ်ရှားမှုသည် အားလုံး သဘောတူပါဝင် မှု၊ နိုင်ငံရေးစိတ်ဆန္ဒနှင့် နိုင်ငံတကာ အထောက် အပံ့များမြှင့်တင်ရန် ရည်ရွယ်ခဲ့ပါသည်။ ကုလသမဂ္ဂ ၏ လှုပ်ရှားမှု အစီအစဉ်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၊ NGO မိတ်ဖက်များ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့် ပြည်သူလူထုများ၏ ထောက်ခံမှုကို ချက်ချင်း  ရရှိခဲ့ပါသည်။ ၂၀၁၆  ခုနှစ်တွင်  ယင်း လှုပ်ရှားမှုကမ်ပိန်း ပြီးဆုံးခဲ့သော်လည်း မျှော်မှန်း ထားသည့် သဘောတူညီမှုမှာ ယခုအခါ လက်တွေ့အကောင်အထည်ဖော်လျက်ရှိပြီး ကုလသမဂ္ဂ နှင့် NGO မိတ်ဖက်များသာမက ယူနီဆက်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သို့မဟုတ် နိုင်ငံရေးမစ်ရှင်များ၏ အကူ အညီဖြင့် ကလေးစစ်သား  ထောင်ပေါင်းများစွာကို လွှတ်ပေးနိုင်ခဲ့ပြီး ပြန်လည်ပေါင်းစည်း ပေးနိုင်ခဲ့ ကြောင်း သိရပါသည်။
ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေဆဲ
အရွယ်မရောက်သေးသူ  ကလေးသူငယ်များ အား စစ်မှုထမ်းဆောင်ခြင်းမှာ ကာကွယ်တားဆီးရေး လုပ်ငန်းများကို သက်ဆိုင်ရာ  နိုင်ငံများအလိုက် အကောင်အထည်ဖော်လျက်ရှိရာ    လက်ရှိတွင် လုပ်ဆောင်မှု ၁၉ ခုရှိပြီး  နောက်ဆုံးအနေဖြင့် လတ်တလောလှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဩဂုတ်လက   မာလီတွင်   လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရပါသည်။  ကုလသမဂ္ဂ   အထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင်လည်း ကလေး သူငယ်များအပေါ် ဆိုးဆိုးရွားရွား ချိုးဖောက်မှုများ ကို ကိုင်တွယ်ဖြေရှင်းမည့် လက်တွေ့အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်ရန်     သက်ဆိုင်ရာနိုင်ငံနှင့် အဖွဲ့အစည်းများသို့ တိုက်တွန်းထားပါသည်။
CAAC (Children and Armed Conflict၊ UN) သဘောတူညီချက်   စတင်ချိန်စ၍    လက်တွေ့ လုပ်ငန်းအစီအစဉ် ၃၇ ခု လက်မှတ်ရေးထိုးထားပြီး ယင်းတို့တွင် အစိုးရတပ်ဖွဲ့ ၁၁ ခုနှင့် နိုင်ငံ မဟုတ် သော လက်နက်ကိုင်အုပ်စု ၂၆ တို့  ပါဝင်ပါသည်။ ယင်းတို့အနက် ၁၂ ခုသည် ၎င်းတို့၏ ကတိပြုချက် များကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပြီးဖြစ် ကြောင်း သိရပါသည်။ 
သို့သော်လည်း ပဋိပက္ခများအခြေအနေများနှင့် ကိုဗစ်ဆိုင်ရာ  အခြေအနေများကြောင့် လုပ်ငန်းစဉ် များတွင်    စိန်ခေါ်မှုများ   ရှိနေဆဲ   ဖြစ်ပါသည်။ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရန်     လိုအပ်နေပါ သည်။ ကလေးသူငယ်များ၏ အတိတ်ကို မပြောင်း လဲနိုင်တော့သော်လည်း ၎င်းတို့၏ အနာဂတ်ကိုမူ ပြောင်းလဲပေးနိုင်ပါသည်    ဆိုသည့်စကားကဲ့သို့ပင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ ပဋိပက္ခ များတွင် အသုံးပြုခြင်းမှ ကာကွယ်တားဆီးရေးမှာ ကလေးများအတွက်   အရေးပါသည့်   အနာဂတ် ဖော်ဆောင်ရေးလုပ်ငန်းစဉ် ဖြစ်ပါသည်။ ထိုလုပ်ငန်း စဉ် အပြည့်အဝအောင်မြင်ရန်အတွက် သက်ဆိုင်သူ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်မည်  ဖြစ် ပါသည်။
ကိုးကား
၁။    Report of the Special Representative of the Secretary-General for Children and Armed Conflict၊ Human Rights Council၊ Forty-ninth session၊ 28 February–1 April 2022
၂။    CHILD SOLDIERS AND OTHER CHILDREN ASSOCIATED WITH ARMED FORCES
    AND ARMED GROUPS၊ ICRC၊ 2012
၃။    https://childrenandarmedconflict.un.org/six-grave-violations/child-soldiers/
၄။    https://childrenandarmedconflict.un.org/tools-for-action/action-plans/
၅။    https://childrenandarmedconflict.un.org/children-not-soldiers/