အရပ်သားများကိုကာကွယ်ပေးနိုင်မည့်အစီအစဉ်မရှိဘဲ ရာဖာမြို့ကိုတိုက်ခိုက်ခြင်းမပြုရန် ဂျိုးဘိုင်ဒင် ထပ်မံတောင်းဆို

 

ဝါရှင်တန်  ဖေဖော်ဝါရီ   ၁၆


အရပ်သားများကို  ကာကွယ်ပေးနိုင်မည့်  အစီအစဉ် မရှိဘဲ ရာဖာမြို့ကို စစ်ရေးအရတိုက်ခိုက်ခြင်းမပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က  အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုထံ ထပ်မံတောင်းဆိုခဲ့သည်။


ဂါဇာကမ်းမြောင်ဒေသ တောင်ဘက် အစွန်ပိုင်း ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်ထား ချိန် ဖေဖော်ဝါရီ ၁၅ ရက်က  အစ္စရေးဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတတို့  ဖုန်းဖြင့်  ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါဒေသတွင် လူပေါင်း ၁ ဒသမ ၅ သန်း ခန့်မှာ ခိုလှုံရာနေရာများတွင် နေထိုင်နေကြရသည်။ ဂါဇာကမ်းမြောင်ဒေသတွင် ကာလရှည်ကြာ တိုက် ခိုက်မှုများကြောင့် ပါလက်စတိုင်းများမှာ ကမ်းမြောင် ဒေသ အခြားသောနေရာများကို ထွက်ပြေးကြရသည်။


ရာဖာမြို့ရှိ အရပ်သားများ၏လုံခြုံစိတ်ချရရေးနှင့်ထောက်ပံ့ပေးရေးတို့အတွက် ယုံကြည်စိတ်ချရ သော အစီအစဉ်မရှိသေးသရွေ့ စစ်ရေးအရ ထိုးစစ် ဆင်မှုများကို မလုပ်သင့်သေးကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ၎င်း၏အမြင်ကို ပြောကြားခဲ့ သည်။  ပြီးခဲ့သည့် တနင်္ဂနွေနေ့က  အမေရိကန်သမ္မတ နှင့် အစ္စရေးဝန်ကြီးချုပ်တို့ ဖုန်းဖြင့်ဆွေးနွေးရာတွင် လည်း အလားတူ ပြောကြားမှုမျိုးကိုသာ သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။ 


ဟားမားစ်က  ဖမ်းဆီးထားသည့်  ဓားစာခံများ ပြန်လွှတ်ပေးရေးအတွက်       စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန်သမ္မတဘိုင်ဒင် နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ ဆွေးနွေးခဲ့ ကြကြောင်း အိမ်ဖြူတော်က ပြောသည်။ ထို့နောက် ပါလက်စတိုင်းအရပ်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့ရန် လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


အင်န်အိတ်ချ်ကေ