အရည်အသွေးပြည့်ဝသော လယ်ယာသုံးစက်ကိရိယာများကို တောင်သူများလက်လှမ်းမီသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်     ၉


စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးတင်ထွဋ်ဦးသည်   ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးကျောက်ဆည် မြို့နယ်ရှိ  မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) ၌   မြန်မာ့လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြား  ရေးမှူးချုပ်နှင့် စက်ရုံမှူးတို့က ၂၀၂၁-၂၀၂၂ ကာလတို ဘဏ္ဍာရေးနှစ်အတွင်း   လယ်ယာသုံးစက်ကိရိယာ သုတေသနပြု စမ်းသပ်ဆောင်ရွက်နိုင်မှု၊ စမ်းသပ် ဆောင်ရွက်ထားသော  ကြက်သွန်စိုက်  ပေါင်ဖော် ကိရိယာ၊ ကြက်သွန် စိုက်ကျင်းဖော်ကိရိယာများနှင့် ဆေးဖျန်းကိရိယာများ၊   မျိုးစေ့ချကိရိယာများကို စမ်းသပ်အသုံးပြုနေမှု၊ လက်တွန်းထွန်စက် တပ်ဆင် ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန် ကျွမ်းကျင်သော လုပ်သား အင်အားနှင့်    စက်ကိရိယာ    လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လယ်ယာ လုပ်သားရှားပါးလာမှုနှင့် ရာသီဥတုပြောင်းလဲလာမှု တို့ကြောင့် ရာသီအချိန်မီ စိုက်ပျိုးထုတ်လုပ်နိုင်ရန် လယ်ယာသုံး စက်ကိရိယာများ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေးသည်လည်း      လိုအပ်လျက်ရှိရာ ယင်းလိုအပ်ချက်များ   ဖြည့်ဆည်းနိုင်ရေးအတွက် ပြည်တွင်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပ ရင်းနှီး မြှုပ်နှံမှုများကို     မိမိတို့ဝန်ကြီးဌာနက    အားပေး ဆောင်ရွက်လျက်ရှိကြောင်း။

 


 ပြည်တွင်း ပြည်ပထုတ်   လယ်ယာသုံး   စက် ကိရိယာများ    အရည်အသွေး   စစ်ဆေးပေးရေး၊ ကျွမ်းကျင်သော      လယ်ယာသုံး     စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းပြုပြင်သူများ အရည်အသွေး ပြည့်ဝစွာ  သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊      လက်ရှိ လယ်ယာသုံး စက်ကိရိယာသင်တန်းကျောင်းများတွင် စက်မှုလက်မှု အထက်တန်းအောင်မြင်ပြီးသူများ၊ အခြေခံပညာအထက်တန်း သင်ယူပြီးဆုံးသူများကို နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင် သူများ       အများအပြားမွေးထုတ်ပေးနိုင်ရေးနှင့် အရည်အချင်းပြည့်မီသူများကို   အစိုးရနည်းပညာ သိပ္ပံနှင့် ဘွဲ့ကြိုသင်တန်းများသို့ ပေါင်းကူးသင်ယူ နိုင်ရေး      ဆောင်ရွက်ထားရှိကြောင်း၊     ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်ဝသော လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ လက်လှမ်းမီ   သုံးစွဲနိုင်ရေး   ကြိုးပမ်းဆောင်ရွက် ကြရန် တိုက်တွန်းပြောကြားသည်။

 


ထို့နောက်   မြန်မာ့လယ်ယာသုံးစက်ကိရိယာ လုပ်ငန်းရှင်များအသင်း      တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်  ဆွေးနွေးတင်ပြကြ ရာ      ပြည်ထောင်စုဝန်ကြီးက    လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံရည်ကြိုပစ္စည်းများ စက်ခုတ်စားခြင်းနှင့် အင်ဂျင် တပ်ဆင်ရေး အလုပ်ရုံ၊ သံဂဟေ၊ ပုံဖိနှင့် လက်တွန်း ထွန်စက်တပ်ဆင်ရေးအလုပ်ရုံ၊  သံဂဟေ၊  ပုံဖိနှင့် လက်တွန်းထွန်စက် တပ်ဆင်ရေး အလုပ်ရုံ၊ ဂီယာ၊ ရှပ်များ  စက်ခုတ်စားခြင်းနှင့်  အမာတင်အလုပ်ရုံ၊ သံရည်ကြိုနှင့်  ဂီယာအကြမ်း  ပုံထောင်းအလုပ်ရုံ၊ ရိတ်သိမ်းခြွေလှေ့စက် တပ်ဆင်ရေးအလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကြသည်။ 

 


အင်းကုန်းစက်ရုံကို စက်မှုလယ်ယာဦးစီးဌာနက တာဝန်ယူခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လက်တွန်းထွန်စက် အစီး ၉၅၀၀ ကျော်၊ လက်ကိုင်ရှည် ထွန်စက် အစီး ၉၆၀၀ ကျော်  ထုတ်လုပ်ခဲ့ပြီး  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း   လယ်ယာသုံး   စက်ကိရိယာခြောက်မျိုးကို လျာထားချက်ပြည့်မီစွာထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး  လက်တွန်း  ထွန်စက် ၅၀၀၀      တိုးမြှင့်ထုတ်လုပ်နိုင်ရေး     ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်ရှိ ဂွတ်ဘရား သား မစ်ရှင်နရီကုမ္ပဏီ(Good Brothers Machi-neries Co.,Ltd) ၏ လယ်ယာသုံးစက်ပစ္စည်းစက်ရုံသို့ရောက်ရှိကြပြီး လက်တွန်းထွန်စက်၊ ပုစဉ်းခေါင်း ထော်လာဂျီ၊     ဝန်တင်    ထော်လာဂျီအမျိုးမျိုး၊ ရေဘောက်ဆာ၊   ကောက်စိုက်စက်၊    ရိတ်သိမ်း ခြွေလှေ့စက်များ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှုအားပေးပြီး   အရေအတွက်နှင့် အရည်အသွေး မြင့်မားသော စက်ပစ္စည်းကိရိယာများ ထုတ်လုပ်ရေး မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်