
နေပြည်တော် အောက်တိုဘာ ၃
ငါးမွေးမြူသူများ လိုအပ်သည့် သားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် သဘာဝ နည်း၊ ဆေးထိုးသားဖောက်နည်း များဖြင့် မျိုးကောင်းမျိုးသန့် ငါးသားပေါက်များ တိုးမြှင့်ထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ဈေးကွက် လိုအပ်ချက် အခြေခံသည့် ငါးမွေးမြူရေးဆိုင်ရာ သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် မည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲငါးလုပ်ငန်း စခန်း၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ဆွေးနွေး ပြောကြားသည်။
ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်ကန်များ၊ အင်းများနှင့် သဘာဝရေပြင်ကျယ်များတွင် ငါး မျိုးများ စိုက်ထည့်ပေးနိုင်ရေး အတွက် ငါးသားပေါက်များ ထုတ်လုပ်ပေးလျက်ရှိသည့် ကူမဲ ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိစဉ် မျိုးငါးကန်များ၌ ငါးမြစ်ချင်း၊ ငါး ကြင်းဖြူ၊ ငါးခုံးမကြီးနှင့် ရေချို ငါးမုတ်မွေးမြူထားရှိမှု အခြေ အနေများကို လည်းကောင်း၊ ကောင်းမွန်သော ရေသတ္တဝါ မွေးမြူရေးကျင့်စဉ် (GAqP) ငါးမွေးကန်အား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ငါးလုပ်ငန်း စခန်း သာယာလှပစေရေး၊ ငါးမွေး မြူရေးကန်များ စနစ်တကျ ထိန်းသိမ်းရေး၊ ဒေသ၏ ငါးမွေးမြူ ရေး လုပ်ငန်းဖွံ့ဖြိုးလာရေး အတွက် စည်းရုံးပညာပေး ဆောင်ရွက်ရန်၊ ငါးမျိုးကောင်း မျိုးသန့်များ တိုးချဲ့ထုတ်လုပ်ရန်၊ ဝန်ထမ်းများသက်သာ ချောင်ချိ ရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို တာဝန်ရှိသူများကို ဆွေးနွေး မှာကြားသည်။
အလားတူ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ဆည်မြို့နယ် အင်းကုန်းကျေးရွာရှိ စက်မှု လယ်ယာဦးစီးဌာန မြန်မာ့ လယ်ယာ သုံးစက်ကိရိယာစက်ရုံ သို့ ရောက်ရှိကြပြီး စက်ရုံက ထုတ်လုပ်လျက်ရှိသည့် လက်ကိုင် ရှည် ထွန်စက်များ ဖြန့်ဖြူးခြင်း၊ ဒေါင်ဖန်း လက်တွန်းထွန်စက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ လက် တွန်းထွန်စက်နှင့် တွဲဖက် အသုံးပြုသည့် သံဘီးများ ထုတ်လုပ်ဖြန့်ဖြူးခြင်းနှင့် အခြား လယ်ယာသုံး စက်ကိရိယာများ သုတေသနပြု စမ်းသပ်ခြင်း လုပ်ငန်းခွင်ကို လည်းကောင်း၊ လယ်ယာသုံး စက်ကိရိယာ သုတေသနပြု ဆောင်ရွက်နေမှုနှင့် တီထွင်ထုတ်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံ၏ ထုတ်လုပ်မှုစွမ်းအား မြှင့်တင်ရေး၊ ဒေသမြေမျက်နှာ ပြင်အခြေအနေ အပေါ်မူတည်၍ လုပ်ငန်းခွင်နှင့် ကိုက်ညီပြီး အရည်အသွေး ပြည့်မီသော လယ်ယာသုံး စက်ကိရိယာများ တီထွင်ထုတ်လုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် သုတေသနပြု ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် စက်ရုံများက ထုတ်လုပ်လိုက် သည့် စက်ပစ္စည်း အရည်အသွေး ကောင်းမွန်ရေး ဦးစားပေး ဆောင်ရွက်ကြရန် တာဝန်ရှိသူ များကို ဆွေးနွေးမှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်