အရည်အသွေးကောင်းမွန်သည့်အပြင် ဘေးဥပဒ်ကင်းစင်သည့် အစားအသောက်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန်လို

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း   အမျိုးသားအဆင့်
အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြား
 

 

နေပြည်တော်    ဧပြီ    ၂၇


အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒ  မိတ်ဆက်ခြင်းနှင့်  ဖြန့်ဝေခြင်း အခမ်းအနားကို ယနေ့နံနက်  ၉  နာရီတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၂   ၌     ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်   ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်း   တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့်       ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့်    ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများ၊    ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူး ချုပ်များ၊    နှီးနွှယ်ဆက်စပ်ဌာနများ၊   ဖိတ်ကြား ထားသူများနှင့်  တာဝန်ရှိသူများ  တက်ရောက်ကြ သည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့်     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံတော်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေ ရိက္ခာပေါများရေး        စသည့်အမျိုးသားရေး ရည်မှန်းချက်  (၂)  ခုဖြင့်     အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊  နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင် ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် အဓိကအသက် မွေးဝမ်းကျောင်းပြုကြသူများ     ဖြစ်ကြကြောင်း၊ အစားအသောက် ကနဦးထုတ်လုပ်သူများဖြစ်သည့် စိုက်ပျိုးရေး၊   မွေးမြူရေးကဏ္ဍမှစတင်၍  အရည် အသွေးစံချိန်စံညွှန်းပြည့်မီသည့်    အခြေခံအစား အသောက်များကို      ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ်    ထပ်ဆင့် ထုတ်လုပ်ရာတွင်လည်း အသေးစား၊ အလတ်စားမှ စ၍         စားသောက်ကုန်လုပ်ငန်းကြီးများအထိ အရည်အသွေးစံချိန်စံညွှန်းများနှင့်အညီ ကုန်ထုတ် လုပ်မှု တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း။   

 


 နိုင်ငံတကာဈေးကွက်တင်ပို့နိုင်ရေး


ထို့ပြင် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီစွာ စနစ်တကျထုပ်ပိုး၍ နိုင်ငံတကာဈေးကွက်များတွင် ယှဉ်ပြိုင်တင်ပို့ရောင်းချနိုင်ရေးကိုလည်း ရည်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန များအနေဖြင့်  အခြေခံအစားအသောက်ထုတ်ကုန် များ     စိုက်ပျိုး၊     မွေးမြူထုတ်လုပ်သူများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ထုတ်လုပ်မှုတိုးမြှင့် နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ်နိုင်ရေး   ကြီးကြပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အလားတူ ကောင်းမွန်သော အလေ့အကျင့် ကောင်းများ   ပါဝင်သည့်   (Good  Agriculture Practices–GAP) စံချိန်စံညွှန်းနှင့်အညီ လိုက်နာ ကျင့်သုံးရန် နည်းပညာပေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို   ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ GAP နည်းစနစ်ကို လိုက်နာဆောင် ရွက်ခြင်းအားဖြင့်  ဘေးအန္တရာယ်ကင်းပြီး  ရေရှည် တည်တံ့ခိုင်မြဲသည့်     စိုက်ပျိုးနည်းစနစ်ဖြစ်သည့် အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ရာ  ရောက်မည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးသူတောင်သူများအတွက်လည်း    ဝင်ငွေတိုးလာမည် ဖြစ်ပြီး မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးတိုးတက်မှုကို  အကျိုးများစွာရရှိမည်ဖြစ်ကြောင်း။ 

 


မြန်မာ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေး


စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်   မြန်မာ  GAP Guideline နှင့် သီးနှံ (၁၅)မျိုးအတွက် GAP Protocol ကို   ၂၀၁၇   ခုနှစ်တွင်  ပြဋ္ဌာန်းနိုင်ခဲ့ပြီး   ၂၀၂၂ ဖေဖော်ဝါရီလအထိ သီးနှံ (၅၆) မျိုးအတွက် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း ၃၆၁၆ ခု ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် “သီးနှံများအတွက် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ စံချိန်စံညွှန်း”ကို အမျိုးသားစံချိန်စံညွှန်း ကောင်စီက နိုင်ငံတော်စံချိန်စံညွှန်းအဖြစ် အတည်ပြု ခဲ့ပြီးဖြစ်သည့်အပြင် အာဆီယံအော်ဂဲနစ် စံချိန်စံညွှန်း များကို အခြေခံ၍ မြန်မာအော်ဂဲနစ် စံချိန်စံညွှန်းများ ကို ရေးဆွဲထားပြီးဖြစ်ကြောင်း။ 

 


အကျိုးကျေးဇူးများ


မွေးမြူရေးနှင့်     ကုသရေးဦးစီးဌာနအနေဖြင့် အရည်အသွေးကောင်းမွန်ပြီး       ဘေးအန္တရာယ် ကင်းရှင်းသော    မွေးမြူရေးထုတ်ကုန်များအတွက် ကောင်းမွန်သည့် မွေးမြူရေးကျင့်စဉ်များကို အခြေခံ ၍ စံချိန်စံညွှန်း (၉) မျိုး ရေးဆွဲထားရှိကာ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကောင်းမွန် သည့် တိရစ္ဆာန်မွေးမြူရေးကျင့်စဉ်များကို လိုက်နာ ကျင့်သုံးခြင်းဖြင့်     အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်      တိရစ္ဆာန်ထွက် ထုတ်ကုန်များ   မွေးမြူထုတ်လုပ်ရရှိလာနိုင်ခြင်း၊ စားသုံးသူများ ဘေးကင်းစွာစားသုံးနိုင်ခြင်း၊ မွေးမြူ ရေးခြံလုပ်သားများ     လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေ ခြင်း၊ ဇီဝလုံခြုံမှုကောင်းမွန်လာစေခြင်း၊ ကောင်းမွန် သည့် မွေးမြူရေးကျင့်စဉ်များနှင့်အညီ ထုတ်လုပ် ထားသည့် ထုတ်ကုန်ဈေးကွက် ဖြစ်ပေါ်လာစေခြင်း စသည့်    အကျိုးကျေးဇူးများ      ရရှိလာမည်ဖြစ် ကြောင်း။ 

 


နိုင်ငံတစ်ဝန်းတွင်  မွေးမြူရေးဇုန်  (၂၇) ဇုန်နှင့် ခွာနာလျှာနာ ထိန်းချုပ်ရေးဇုန် (၅)ဇုန် ဖော်ဆောင် ထားရှိပြီး    ကျင့်စဉ်များနှင့်အညီ   မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊   စစ်ဆေးခြင်းနှင့်  ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် GAHP အသိအမှတ်ပြု မွေးမြူရေးခြံ စုစုပေါင်း ၄၄ ခြံ ရှိလာပြီဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တိရစ္ဆာန် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း။ 

 


ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မြန်မာ့ရေထွက် ပစ္စည်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့    ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ    အာဆီယံအစား အသောက်ထိန်းချုပ်ရေးဆိုင်ရာစနစ်များနှင့် ကျန်းမာ သန့်ရှင်းရေးဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငါးလုပ်ငန်းနှင့်     ပတ်သက်၍    နိုင်ငံတကာနှင့် နည်းစနစ်ပိုင်းဆိုင်ရာ တစ်ပြေးညီဖြစ်စေရန်အတွက် စည်းမျဉ်းများကိုရေးဆွဲ၍   ညွှန်ကြားချက်အမှတ်၊ ၈/၂၀၁၈  ကို  ထုတ်ပြန်ကာ လိုက်နာဆောင်ရွက်      စေလျက်ရှိကြောင်း၊ အစားအသောက်ဘေးကင်းရေး ဆိုင်ရာ     စီမံခန့်ခွဲမှုစနစ်များကိုလည်း   လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။ 

 


ပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်


စိုက်ပျိုးရေး၊   မွေးမြူရေး၊  ငါးလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိလာသည့်  အရည်အသွေးကောင်းမွန် ပြီး လတ်ဆတ်သည့် အစားအသောက်များကို အများ ပြည်သူဝယ်ယူသုံးစွဲနိုင်ရေးသည် အရေးကြီးသည့် အတွက်       သယ်ယူပို့ဆောင်ရေးနည်းလမ်းများ၊ သိုလှောင်သည့် နည်းစနစ်များ၊ ဖြန့်ဖြူးရောင်းချခြင်း စနစ်များကို အလေးထားလိုက်နာ ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ကုန်စိမ်းဈေး၊ အသား/ငါးဈေး များတွင်    ဈေးရောင်းချသူများအနေဖြင့်   အစား အသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို   သိရှိလိုက်နာရန်  လိုအပ်သကဲ့သို့ တာဝန်ရှိအဖွဲ့အစည်းများအနေဖြင့် စဉ်ဆက်မပြတ် ပညာပေးကြီးကြပ်ဆောင်ရွက်ကြရန်      လိုအပ် ကြောင်း၊  အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများအနေဖြင့်လည်း ဘေးကင်းလုံခြုံစွာ စားသောက် နိုင်ရေးအတွက်    စနစ်တကျ  ကိုင်တွယ်ချက်ပြုတ် နိုင်ရန်အတွက်    ပညာပေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 

 


လက်ရှိ   လူနေမှုဘဝ   စားသောက်မှုပုံစံများ ပြောင်းလဲလာမှုအရ လတ်ဆတ်သည့် အသီးအရွက်၊ အသား/ငါး အစရှိသည်ကို ဝယ်ယူချက်ပြုတ်စားသောက်မှုများအပြင် အသင့်ထုပ်ပိုးပြီး ကြာရှည်ခံ အောင် ဆောင်ရွက်ထားသည့် အစားအသောက်များ ကိုလည်း   လူအများစု  စားသောက်နေကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အခြေခံစားသောက်ကုန် များအား စတင်ထုတ်လုပ်စဉ်မှ တန်ဖိုးမြှင့်စားသောက် ကုန်များအဖြစ် ဆက်လက်ထုပ်ပိုးထုတ်လုပ်သည် အထိ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီရှိစေရေး အမြဲအလေးအနက်ထားပြီး   ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊  မိမိတို့မြန်မာနိုင်ငံတွင် ပြည်သူများစားသုံး နေကြသည့် အသင့်ထုပ်ပိုးပြီး စားသောက်ကုန်များ သည် အသေးစားကုန်ထုတ်လုပ်ငန်းများမှ အများစု ထွက်ရှိလာပြီး   အသေးစားထုတ်ကုန်  (၁၇၂၃၄) ခု အနက် စားသောက်ကုန်လုပ်ငန်းအနေဖြင့် (၄၂၆၅)ခု ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊  အရည်အသွေး ကောင်းမွန်သည့်အပြင်   ဘေးဥပဒ်ကင်းစင်သည့် အစားအသောက်ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရန် အတွက် တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ 

 


‌ဈေးကွက်မတင်မီစိစစ်ပေးလျက်ရှိ


ကျန်းမာရေးဝန်ကြီးဌာန  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့်   ပြည်တွင်း စားသောက်ကုန်များသာမက ပြည်ပမှ တင်သွင်းလာ သည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီ ကတည်းက      စိစစ်ပေးလျက်ရှိရာတွင်   အစား အသောက်ထုတ်လုပ်ခြင်း    ထောက်ခံချက်ရရှိသည့် အစားအသောက်လုပ်ငန်းပေါင်း      (၁၀၅၆)   ခုနှင့် သောက်ရေသန့်လုပ်ငန်းပေါင်း   (၂၃၆၈)  ခု ရှိနေပြီ ဖြစ်ကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံမှ ထွက်ရှိ သည့်    ကော်ဖီ၊   ခေါက်ဆွဲ၊   လက်ဖက်စသည့် စားသောက်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊   ဌာနအနေဖြင့် ဝန်ထမ်းများကို  ခေတ်ကာလနှင့်အညီ  စွမ်းရည် မြှင့်တင်ခြင်း၊   ပြည်တွင်း   စားသောက်ကုန်စံချိန် စံညွှန်းများ ရေးဆွဲအတည်ပြုခြင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ   ဥပဒေများ၊ နည်းဥပဒေများ၊     လမ်းညွှန်ချက်များကိုလည်း ခေတ်နှင့်အညီ   ပြင်ဆင်ထုတ်ပြန်ခြင်းတို့ကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးရန် မှာကြားလိုကြောင်း။  

 


နိုင်ငံတစ်ဝန်းရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲများသည် အစားအသောက် နှင့်    ဆေးဝါးအာဏာပိုင်  အဖွဲ့ဝင်များဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊    စားသုံးသူ ရေးရာ ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းပြီး ဈေးကွက်အတွင်း အများပြည်သူစားသုံး ရန်မသင့်သည့် အစားအသောက်များကို ရှာဖွေစိစစ် ခြင်းလုပ်ငန်းများ   လစဉ်ဆောင်ရွက်နေကြောင်း၊ ထိုသို့ ဆောင်ရွက်လျက်ရှိရာ စားသုံးရန်မသင့်သည့် အစားအသောက်ကို တွေ့ရှိပါက လိုအပ်သလို ဥပဒေ အရ   အရေးယူခြင်းများကိုလည်း  တိုးမြှင့်ပြုလုပ် ဆောင်ရွက်သွားခြင်းဖြင့်       တစ်ဖက်တစ်လမ်းက စားသုံးသူများအတွက် ကာကွယ်ပေးရာရောက်မည် ဖြစ်ကြောင်း။  

 


ပါဝင်ပစ္စည်းကြည့်ရှု


စားသုံးသူပြည်သူများအနေဖြင့် ဝယ်ယူစားသုံး သည့် စားသောက်ကုန်၏ အမှတ်တံဆိပ်ရှိ ပါဝင် ပစ္စည်းကိုကြည့်ရှုပြီး     မိမိတို့ကျန်းမာရေးအတွက် သင့်လျော်သည့်    အစားအသောက်များ   ရွေးချယ် ဝယ်ယူစားသောက်နိုင်စေရန်၊ သက်တမ်းလွန်အစား အသောက်များကိုသိရှိပြီး         ရှောင်ရှားနိုင်ရန်နှင့် စားသောက်ကုန်ဖြန့်ဖြူးရောင်းချမှုနှင့် ပတ်သက်ပြီး ခြေရာခံမှုအားကောင်းရန်အတွက် “အသင့်ထုပ်ပိုး ထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ် ခြင်းဆိုင်ရာ အမိန့်(၈/၂၀၂၂)”ကိုလည်း ထုတ်ပြန်ပေး ထားပြီးဖြစ်၍   သိရှိလိုက်နာကြမည်ဆိုလျှင်လည်း မိမိနှင့်တကွ  မိသားစုတိုင်း၏ ကျန်းမာရေးထိခိုက် စေမည့် ဘေးအန္တရာယ်ကိုလည်း တစ်စိတ်တစ်ပိုင်း ကာကွယ်တားဆီးရာရောက်မည်ဖြစ်ကြောင်း။ 

 


ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း   ကျန်းမာရေးထိခိုက်စေ နိုင်သည့်    စားသောက်မှုပုံစံများနှင့်  ပတ်သက်၍ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ယခုထက်ပိုပြီး       တိုးမြှင့်ဆောင်ရွက်ပေးသွားရန် တိုက်တွန်းလိုကြောင်း။ 

 


ခေတ်အဆက်ဆက်           အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်         ပတ်သက်၍ နိုင်ငံတကာ    စံချိန်စံညွှန်းများနှင့်အညီ  ဥပဒေများ ချမှတ်နိုင်ရန်  ကြိုးစားခဲ့ကြသော်လည်း လိုအပ်ချက် တစ်ရပ်အဖြစ် ရှိနေခဲ့ကြောင်း၊ ရေရှည်အကျိုးစီးပွား ကို    ရှေးရှုသည့်     ပွင့်လင်းမြင်သာပြီး   ခိုင်မာသည့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒရှိမှသာ သက်ဆိုင်ရာကဏ္ဍအလိုက် တိကျသည့်   တာဝန်ခွဲဝေမှုရှိသည့်  စနစ်တစ်ရပ် ထူထောင်နိုင်သကဲ့သို့     မူဝါဒနှင့်လျော်ညီသည့် ခေတ်မီဥပဒေများ၊      နည်းဥပဒေများကို    ချမှတ် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊       ထို့ကြောင့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒသည်   ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ချက်သမိုင်းမှတ်တမ်း တစ်ခုဖြစ်သည်ဟု ဆိုနိုင်ကြောင်း၊ မိမိတို့ ပြည်သူ လူထု၏     ကျန်းမာရေးအတွက်   စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းနေရန်ဆိုသည့်  မျှော်မှန်း ချက်အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတကာ နှင့် လျော်ညီသည့် စံချိန်စံညွှန်းများ ပေါ်ထွက်လာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ပေါ်ထွက်လာရေး၊ ပို့ကုန် လုပ်ငန်းများမှတစ်ဆင့် နိုင်ငံတော်အတွက် နိုင်ငံ ခြားငွေ ပိုမိုရရှိနိုင်ရေးတို့ကို  ဆက်လက်လုပ်ဆောင် သွားနိုင်ရန် မျှော်မှန်းပြီး ယခုမူဝါဒကို ရေးဆွဲချမှတ် ရခြင်းဖြစ်ကြောင်း။ 

 


ယခုမူဝါဒကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ အာဆီယံ အဖွဲ့တို့၏   အမျိုးသားအဆင့်   အစားအသောက် ဘေးအန္တရာယ်ထိန်းချုပ်ရေးစနစ်ဆိုင်ရာ ဥပဒေသ များနှင့်လည်း လိုက်လျောညီထွေရှိစေရန် ချမှတ် ထားခြင်းဖြစ်သည့်အတွက် သက်ဆိုင်ရာ နယ်ပယ် အလိုက်  အကောင်အထည်ဖော်  ဆောင်ရွက်သွား ရမည်ဖြစ်ပြီး   တာဝန်ကိုယ်စီရှိသည်ကို  ပြောကြား လိုကြောင်း၊  ယခုမူဝါဒအရ  သက်ဆိုင်ရာနယ်ပယ် အလိုက် တိကျသည့် တာဝန်ခွဲဝေမှုများ ပေါ်ပေါက် လာမည်ဖြစ်ပြီး အစားအသောက်ကြောင့်ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကိုလည်း ကာကွယ်နိုင်မည် ဖြစ်သည့်အပြင်     စိတ်ချယုံကြည်ရသည့်    အစား အသောက်    ဈေးကွက်တစ်ရပ်   ထူထောင်နိုင်မည်     ဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက်  သက်ဆိုင်ရာ  နယ်ပယ်အချင်းချင်း ချိတ်ဆက်ညှိနှိုင်းအကောင်အထည်ဖော် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း။ 

 


ပြည်တွင်းတွင်  တိုးမြှင့်ထုတ်လုပ်


နိဂုံးချုပ်အနေဖြင့် နိုင်ငံ၏ လုပ်အားစွမ်းအားစု လေးပုံသုံးပုံမှ ထုတ်လုပ်နေသည့်  စိုက်ခင်းမှသည် စားသုံးသူအထိ       အစားအသောက်ကွင်းဆက် တစ်လျှောက်ရှိ         အစားအသောက်များသည် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်စုံကြွယ်ဝ နေမှသာ မိမိတို့ နိုင်ငံသူ နိုင်ငံသားများ  အားလုံးသည် ကျန်းမာကြံ့ခိုင်လာမည်ဖြစ်ကြောင်း၊    နိုင်ငံတကာ အရည်အသွေး     စံချိန်စံညွှန်းပြည့်မီပြီး  ဘေးကင်း လုံခြုံစိတ်ချရသည့်          စားသောက်ကုန်များကို ပြည်တွင်းတွင်   တိုးမြှင့်ထုတ်လုပ်ပြီး  နိုင်ငံတကာ ဈေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ပြည်ပ တင်ပို့သည့် အစားအသောက်ကုန်သွယ်မှု ဈေးကွက် တစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်လာကာ မိမိတို့နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ များပြားပွင့်လန်းလာမည်ဖြစ်ကြောင်း။ 

 


ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း များ များပြားလာသည်နှင့်အမျှ နိုင်ငံသူ နိုင်ငံသားများ ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာကာ နိုင်ငံ တကာနှင့် ရင်ပေါင်တန်း၍ ပြည်ထောင်စုအကျိုးကို လက်တွဲဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း။ 
ထို့ကြောင့် အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒကို    အကောင် အထည်ဖော်ဆောင်မည့်  အစီအမံများ ချမှတ်ဆောင် ရွက်ရာတွင်        ပါဝင်ပတ်သက်သူများအားလုံး၊ သက်ဆိုင်သူများအားလုံးက   ပူးပေါင်းဆောင်ရွက် ကြရန်၊  မိမိတို့သက်ဆိုင်ရာ  အခန်းကဏ္ဍအလိုက် တာဝန်ယူမှု၊    တာဝန်ခံမှုရှိစွာနှင့်   လုပ်ငန်းများ အောင်မြင်သည်အထိ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက်         အစားအသောက်ဘေးကင်းဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့ မှတ်တမ်း Video ပြသ ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နှင့်အခမ်းအနားသို့    တက်ရောက်လာကြသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းသည်  အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအထိမ်းအမှတ်ပြခန်း များနှင့် Food and Drug Administration Mobile Laboratory ယာဉ်များကို လှည့်လည်ကြည့်ရှုသည်။

 


ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို  ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့က ဦးဆောင်ကျင်းပကြသည်။ 
အစီအစဉ်ဒုတိယပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒနှင့်   ပတ်သက်၍   မိတ်ဆက် ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။          
 

သတင်းစဉ်