အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး

Type
4

 

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အကြိုဂုဏ်ပြုဆောင်းပါး

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် နှစ်စဉ် မတ်လ ၈ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားများ ကျင်းပလေ့ရှိသည်။ လူမျိုး၊ ဘာသာ၊ အသားအရောင်နှင့် ဆင်းရဲ၊  ချမ်းသာ ခွဲခြားမှုမရှိဘဲ အမျိုးသမီးများ၏ စွမ်းဆောင်မှုကို အသိအမှတ်ပြုသောအားဖြင့် ထိုနေ့ကို  ကျင်းပပေးခြင်းဖြစ်သည်။  ၂၀ရာစု အစောပိုင်းကာလအတွင်း မြောက်အမေရိကနှင့် ဥရောပဒေသတို့တွင်  ဖြစ်ပေါ်ခဲ့သော   အမျိုးသမီးအလုပ်သမားများ၏   လှုပ်ရှားမှုများမှတစ်ဆင့်  အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ထွန်းလာသည်ဟု ဆိုသည်။ မူလက ထိုနေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်လုပ်နေသော အမျိုးသမီးများနေ့အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ 
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကျင်းပ ရခြင်း၏ အဓိကရည်ရွယ်ချက်များသည် နယ်ပယ် အားလုံးရှိ အမျိုးသမီးများကို စိတ်ခွန်အားမြှင့်တင် ပေးရေး၊ ထောက်ပံ့ဖြည့်ဆည်းပေးရေး၊ အထူးသဖြင့် ကျား ၊ မ တန်းတူညီမျှမှုရှိရေးနှင့် အမျိုးသမီးများနှင့် မိန်းကလေးများကို လုပ်ပိုင်ခွင့်အာဏာ ပိုမိုပေးအပ် သွားရေး၊ အားလုံးအတွက်  လွှမ်းခြုံသည့်  အရည် အသွေးပြည့်မီသော ပညာသင်ကြားခွင့်ရရှိရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခွင့်ရရှိရေးတို့ပင် ဖြစ်သည်။ ၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးများနေ့ ဆောင်ပုဒ်သည်  “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး - Invest in Women: Accelerate Progress” ဖြစ်သည်။ အမျိုးသမီးများ ကဏ္ဍတွင်   ရင်းနှီးမြှုပ်နှံမှုများ  လုပ်ဆောင်သွားမှ သာလျှင် တိုးတက်မှုကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော်နိုင်မည်ဖြစ်သည်။
ကျား၊မ တန်းတူ ညီမျှရေး
ကျား၊  မ  တန်းတူညီမျှခြင်းသည် စီးပွားရေး လုပ်ငန်းများနှင့်    ဆုံးဖြတ်ချက်ချမှတ်ခြင်းများ အပါအဝင် အရင်းအမြစ်နှင့် အခွင့်အလမ်းများကို လိင်ခွဲခြားမှုမရှိဘဲ  သာတူညီမျှရရှိနိုင်ခြင်းကို ဆိုလို သည်။ ကျား၊ မ သာတူညီမျှရှိခြင်းသည် အမျိုးသမီး များ၏ အခွင့်အလမ်းကို ခိုင်မာသေချာစွာ အကာ အကွယ်ပေးထားပြီး  ယောက်ျား၊ မိန်းမ၊ ယောက်ျား ကလေးနှင့်    မိန်းကလေးတို့ကို   အခွင့်အလမ်း သာတူညီမျှ   ပေးထားခြင်းဖြစ်သည်။   ထို့အပြင် ကျား၊ မ သာတူညီမျှရှိခြင်းသည် အမျိုးသမီးများအား လိင်ကျွန်အဖြစ်  ရောင်းချခြင်း၊ စစ်မက်ဖြစ်ပွားချိန် တွင်    လိင်အကြမ်းဖက်မှုမှ    ကာကွယ်ခြင်းနှင့် လိင်အခြေခံ၍    အလုပ်ကြမ်းခိုင်းစေခြင်းများကို ကာကွယ်ထားခြင်းပင်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအတွင်း    မှီတင်းနေထိုင်သော အမျိုးသမီးအားလုံးသည်   နိုင်ငံရေး၊  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် နယ်ပယ် ပေါင်းစုံတွင်   ရရှိနိုင်မည့်အခွင့်အလမ်းမှန်သမျှကို အမျိုးသားများကဲ့သို့ပင် မပိုမလို အညီအမျှ ခံစားခွင့် ရရှိနေခြင်းကို ကျား၊ မ တန်းတူအခွင့်အရေးရရှိ သည်ဟု   ခေါ်ဆိုသည်။  ကျား၊  မ  တန်းတူညီမျှ နေထိုင်ခွင့်ရရှိခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ပင် ဖြစ်သည်။ အမျိုးသမီးများသည် သက်ရှင်နေထိုင်စဉ် ကာလအတွင်း ကြောက်လန့်စိုးရိမ်မှုမှ ကင်းဝေးပြီး လုံခြုံစိတ်ချစွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မှ သာလျှင်   ကျား ၊   မ  တန်းတူညီမျှမှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးကြီးငယ်အရွယ်အားလုံးသည် ဆိုခဲ့ပါ အခွင့်အလမ်းများ ကို အမျိုးသားများနည်းတူ အပြည့်အဝခံစားခွင့် ရရှိနေကြသဖြင့်  မြန်မာနိုင်ငံတွင် ကျား၊ မ တန်းတူ ညီမျှမှုရှိသည်ဟု အခိုင်အမာဆိုနိုင်ပါသည်။
ကျား ၊ မ ခွဲခြားဆက်ဆံခံရ
မျက်မှောက်ကာလတွင် တိုးတက်ပြောင်းလဲမှု များ မည်မျှပင်ရှိနေစေကာမူ ကမ္ဘာပေါ်ရှိ အချို့သော နိုင်ငံများ၌ အမျိုးသမီးများအား ခွဲခြားဆက်ဆံနေဆဲ ပင်ဖြစ်သည်။ ထိုနိုင်ငံများတွင်အမျိုးသမီးများကို အမျိုးသားများ၏     ရမ္မက်ဆန္ဒဖြည့်ဆည်းရန်နှင့် အိမ်မှုကိစ္စအဝဝ လုပ်ဆောင်ရန်သက်သက်အတွက် သာ သဘောထားကြသည်မှာ စိတ်မချမ်းမြေ့ဖွယ် ရာပင်ဖြစ်သည်။   ထို့အပြင်    လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့သော   အမျိုးသားများသည် အားနွဲ့သည့် အမျိုးသမီးများကို ပညာသင်ကြားခွင့် နှင့် အများပြည်သူများ၏ ရှေ့မှောက်တွင် လွတ်လပ် စွာ သွားလာခွင့်တို့ကို ကန့်သတ်တားမြစ်ပိတ်ပင် ထားကြသည်။  အထူးသဖြင့် အမျိုးသမီးတစ်ဦးသည် မိမိချစ်ခင်စုံမက်သူကို  လွတ်လပ်စွာ ရွေးချယ်ခွင့် မရှိဘဲ ဘာသာရေး၊ လူမျိုးရေး၊ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားဆက်ဆံခြင်း  ခံနေကြရသည်။  ထို့ကြောင့် အချို့သော   နိုင်ငံများတွင်   ရုပ်ဝတ္ထုပစ္စည်းများ အံ့မခန်းတိုးတက်မှုရှိနေသော်လည်း  စိတ်ဓာတ်ပိုင်း ဆိုင်ရာတွင်မူ ဆုတ်ယုတ်နေဆဲပင်ဖြစ်သည်။
မျက်မှောက် ကမ္ဘာကြီးတွင် လူဦးရေ ၈ ဒသမ ၁ ဘီလီယံကျော်ရှိနေပြီဖြစ်သည်။ အမျိုးသမီးဦးရေ သည် ၄ ဘီလီယံကျော်ရှိသည်။ သို့သော် ကျား ၊ မ ခွဲခြားဆက်ဆံမှုကြောင့် ကမ္ဘာပေါ်တွင် ဆင်းရဲသူ ၁၀ ဦး တွင် ခြောက်ဦးသည် အားနွဲ့သည့် အမျိုးသမီး များဖြစ်သလို   ကမ္ဘာ့စာမတတ်သူ   သုံးပုံ၊  နှစ်ပုံ သည်လည်း   အမျိုးသမီးများပင် ဖြစ်နေကြသည်။ ကမ္ဘာပေါ်တွင် အမျိုးသားအများစုသည် နိုင်ငံရေးနှင့် တရားရေးဆိုင်ရာ နယ်ပယ်များတွင် အဓိကကျသော နေရာများကို လွှမ်းမိုးချုပ်ကိုင်ထားကြသည်။ နိုင်ငံ အသီးသီးရှိ      ဥပဒေပြုလွှတ်တော်များတွင်လည်း အမျိုးသမီးအမတ်အရေအတွက်  ၂၂ ရာခိုင်နှုန်းသာ တွေ့ရှိရပါသည်။ ထို့အပြင် တရားဥပဒေအများစု သည်လည်း   အမျိုးသမီးများကို  အကြမ်းဖက်မှုမှ အကာအကွယ်ပေးနိုင်ခြင်းမရှိသေးပေ။
ကျား ၊ မ တန်းတူအခွင့်အရေးများရရှိနေ
မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံတွင် အမျိုး သမီးများသည်    မြတ်စွာဘုရားလက်ထက်တော် ကတည်းကပင်   အမျိုးသားများကဲ့သို့  ကျား၊ မ တန်းတူအခွင့်အရေးများ ရရှိခဲ့ကြသည်။ မျက်မှောက် ကာလတွင် အမျိုးသမီးများအား ပြောစရာမလို လောက်အောင်ကိုပင် အခွင့်အရေးပေးထားပါသည်။ မြန်မာအမျိုးသမီးများသည် လွတ်လပ်စွာ ကိုးကွယ် ခွင့်၊ ပညာသင်ကြားခွင့်၊ သွားလာခွင့်နှင့် မိမိချစ်ခင် စုံမက်သူကိုရွေးချယ် လက်ထပ်ခွင့်များရှိကြသည်။ မြန်မာနိုင်ငံတွင်    ခွဲခြားဆက်ဆံမှုနှင့်   ကန့်သတ် ချုပ်ချယ်မှုမရှိသောကြောင့်   အမျိုးသမီးများသည် ကြိုးစားလျှင် ကြိုးစားသလောက် ခံစားခွင့်ရရှိနေ ကြသည်။ အထူးသဖြင့် မျက်မှောက်ခေတ် ဒီမိုကရေစီ နိုင်ငံသစ်ကို ချီတက်ရာတွင် အမျိုးသမီးများသည် လွှတ်တော်များတွင် ဥပဒေပြုရေးလုပ်ငန်းများအား ပြည်သူကိုယ်စားပြု အမတ်များအဖြစ် အမျိုးသားများ နှင့်အပြိုင်   ပါဝင်ဆွေးနွေးလျက်ရှိကြသည့်အပြင်  အစိုးရအဖွဲ့ဝန်ကြီးများ၊     ဒုတိယဝန်ကြီးများနှင့် နိုင်ငံ့ကိုယ်စားပြု   သံအမတ်ကြီးများအဆင့်ကဲ့သို့  ကြီးလေးသော တာဝန်များကိုပင် အမျိုးသားများ နည်းတန်းတူ   တာဝန်ယူ   ထမ်းဆောင်လျက်ရှိကြ သည်။
အမျိုးသမီးအသင်းအဖွဲ့များ
မြန်မာနိုင်ငံတွင်     အမျိုးသမီးများဘဝလုံခြုံမှု ရှိစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ နှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ထိုကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာ နိုင်ငံ   အမျိုးသမီးရေးရာအဖွဲ့ချုပ်၊   မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာ နိုင်ငံ   အမျိုးသမီးများနှင့်  ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းကြီးများသည် အမျိုးသမီးများ သာတူညီမျှအခွင့်အလမ်းများ   ရရှိခံစားနိုင်စေရန် အားသွန်ခွန်စိုက်    လှုပ်ရှားဆောင်ရွက်လျက်ရှိကြ သည်။
မြန်မာနိုင်ငံသည် အာဆီယံအမျိုးသမီးရေးရာကော်မတီနှင့်   အာဆီယံအမျိုးသမီးနှင့်   ကလေး သူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး နှင့် မြှင့်တင်ရေးကော်မရှင်တွင် ပါဝင်ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် အမျိုးသမီးများကို နည်းမျိုးစုံ ဖြင့်     ခွဲခြားဆက်ဆံမှု   ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကိုလည်း   လက်မှတ် ရေးထိုးထားပြီးဖြစ်သည်။    မြန်မာနိုင်ငံသည် မဲခေါင်ဒေသတွင်း နိုင်ငံများအနက် လူကုန်ကူးမှု တားဆီးရေးဥပဒေကို     ပထမဆုံးရေးဆွဲပြဋ္ဌာန်း နိုင်သည့် နိုင်ငံလည်း ဖြစ်သည်။
အမျိုးသမီးရေးရာကော်မတီသည် အမျိုးသမီး များ  အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီရေးဆွဲရေး၊ အမျိုးသမီးများအခွင့်အရေးနှင့် ကျား ၊ မ တန်းတူညီမျှမှုဆိုင်ရာ အသိပညာပေးမှုအစီအစဉ် များ၊ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံ မှုပပျောက်ရေး ကွန်ဗင်းရှင်းတွင်ပါဝင်သည့် ပြဋ္ဌာန်း ချက်များ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သည့်ပြဋ္ဌာန်းချက် များကို  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင်မြှုပ်နှံပေး 
အိမ်တစ်အိမ်၊ လူ့အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အမျိုးသားဝါဒ၊ အမျိုးသမီးဝါဒဆိုသော ရှေးရိုးစွဲဝါဒ တွေကို စွဲကိုင်မထားဘဲ ကျား ၊ မ အားလုံး တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်သည်။ လုပ်ငန်းတာဝန်များကိုလည်း အမျိုးသားများ၏တာဝန်၊ အမျိုးသမီးများ၏ တာဝန် ဟူ၍  သေးသိမ်စွာ  ခွဲခြားနေသည်ထက် ကျရာအခန်း ကဏ္ဍကို ပီပြင်စွာထမ်းဆောင်ခြင်းဖြင့်သာ အကျိုးပြု သွားရန် လိုအပ်ပါသည်။ 
နှစ်စဉ် မတ်လ ၈ ရက်နေ့သည် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည်။ အလွှာပေါင်းစုံ မှ   အမျိုးသမီးများကို  စိတ်ဓာတ်ခွန်အား မြှင့်တင် ပေးနိုင်ရန်အတွက်  ထိုနေ့ကို ကျင်းပခြင်းဖြစ်သည်။ အချို့သော ကမ္ဘာ့နိုင်ငံများတွင် လက်ရှိအချိန်အထိ အမျိုးသမီးများကို နှိမ့်ချခွဲခြားဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သော်လည်း   မြန်မာနိုင်ငံတွင်မူ အမျိုးသမီးများ သည် ကျား၊ မ ခွဲခြားဆက်ဆံခြင်းမခံရဘဲ အမျိုးသား များနည်းတူ   သာတူညီမျှ   အခွင့်အလမ်းများရရှိ ပိုင်ဆိုင်ထားကြသည်။ ကံကောင်းကြပါသည်။ 
ထိုသို့ရရှိနေခြင်းသည် ယခုမှ ရရှိခြင်းမဟုတ်ပေ။ ရှေးယခင် အစဉ်အဆက်ကတည်းကပင်ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို မိသားစု တွင်း၌လည်း အမျိုးသားများနည်းတူ တန်းတူအခွင့် အရေးပေးထားပါသည်။ ဆိုရလျှင် အမျိုးသမီးများ သည်  အနာဂတ်၏   မိခင်လောင်းများပင်ဖြစ်ကြသည်။ မိခင်ကောင်းမှ တိုင်းပြည်ကောင်းမည် မဟုတ်ပါလား။  
အထူးသဖြင့် အမျိုးသမီးများအား  အကြမ်းဖက်မှု အန္တရာယ်မှ    ကာကွယ်နိုင်ရေးအတွက်      ခိုင်မာ အားကောင်း သက်ဝင်မှုရှိသော   တရားဥပဒေဖြင့် အကာအကွယ်ပေးသွားရန်  လိုအပ်ပေသည်။ 
အမှန်တော့ ကျား၊  မ တန်းတူညီမျှရေးသည် အခွင့်အရေးတစ်ရပ်ပင်ဖြစ်သည်။ သို့သော် စီးပွားရေး အကျပ်အတည်းမှသည် ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့လာခြင်း၊   ရာသီဥတုပြောင်းလဲလာခြင်းနှင့် ပဋိပက္ခပေါင်းစုံ  ကြီးထွားလာခြင်းတို့ကြောင့် အမျိုး သမီးများသည်  ခွဲခြားဆက်ဆံမှု ပိုမိုခံစားလာကြ ရသည်။ ထို့ကြောင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးပန်းတိုင် (၂၀၃၀) ရည်မှန်းချက် ချမှတ်ကာ အားလုံးဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း ဆောင်ရွက် လျက်ရှိသည်။ ကျား၊ မ တန်းတူညီမျှမှုရှိစေရန်နှင့် အမျိုးသမီးများအား  လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ရေး သည်  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်ရေး  မျှော်မှန်း ချက် ၁၇ ချက်တွင် ထည့်သွင်းချမှတ်ထားရှိသည်။
လက်ရှိကမ္ဘာကြီးတွင် လူမှုအသိုက်အဝန်းများ ကို ဖိအားပေးလျက်ရှိသော   ပြဿနာပေါင်းစုံကို ရင်ဆိုင်ရလျက်ရှိသည့်အတွက် ကျား ၊ မ သာတူညီမျှ ရှိခြင်းသည် အခြားသောအရာများစွာထက် အရေးပါ လျက်ရှိသည်။    အမျိုးသမီးများနှင့်   မိန်းကလေး ငယ်များ၏ အခွင့်အလမ်း ခိုင်မာသေချာအောင်ဆောင်ရွက်ပေးခြင်းသည်    မျိုးဆက်သစ်များ အတွက်    သာယာ၀ပြောသော   စီးပွားရေးနှင့် ကျန်းမာသော ကြံ့ခိုင်သော ကမ္ဘာကြီးတည်ဆောက် ပေးနိုင်မည်ဖြစ်သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကျား၊ မ သာတူညီမျှရရှိရေးအတွက်   နှစ်စဉ်  ကမ္ဘာ တစ်ဝန်းအတွက်   အမေရိကန်ဒေါ်လာ   ၃၆၀ ဘီလီယံခန့် သုံးစွဲသွားရန်လိုအပ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် လက်ရှိအချိန်တွင် အမျိုးသမီး သန်း ၃၄၀ ခန့် သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်းအောက် တွင် ရောက်ရှိနေသည်။ အထူးသဖြင့် ပဋိပက္ခများ နှင့် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုများသည် ထိခိုက် လွယ်အုပ်စုဖြစ်သည့်    အမျိုးသမီးများအပေါ် သက်ရောက်မှု   ပိုမိုဖြစ်ပေါ်စေလျက်ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုနောက်ကျသည့်  နိုင်ငံများအပါ အဝင်    ဆင်းရဲတွင်းနက်နေသော   အသိုက်အဝန်း များတွင်   အရှိန်အဟုန်ဖြင့်   ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမျိုးသမီးများကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ မှုများ    လုပ်ဆောင်သွားကြပါစို့ဟု   အကြံပြု တိုက်တွန်းလိုက်ရပါသည်။     ။