
နေပြည်တော် ဩဂုတ် ၂၅
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ JW Marriott Hanoi တွင် ယနေ့မွန်းလွဲ ၃ နာရီက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် U.S. Health Engagement in Southeast Asia: Launch of U.S. Centers for Disease Control and Preventions Southeast Asia Regional Office ဖွင့်ပွဲအခမ်း အနားကျင်းပရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Pham Binh Min နှင့် အမေရိကန်နိုင်ငံ ဒုတိယသမ္မတ Ms. Kamala Harris၊ ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီး၊ U.S. Secretary of Health and Human Services၊ အာဆီယံနိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးနှင့် U.S. CDC မှ ညွှန်ကြားရေး မှူးတို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် အတူ အာဆီယံနိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ပါပူဝါနယူးဂီနီနိုင်ငံမှ ကျန်းမာရေးဝန်ကြီး၊ U.S. CDC မှ တာဝန်ရှိသူများ၊ ဒေသအတွင်းရှိ အမေရိကန် သံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ U.S. Centers for Disease Control and Preventions, Southeast Asia Regional Office သည် အမေရိကန်ပြည်ထောင်စု U.S. Centers for Disease Control and Preventions နှင့် အာဆီယံ နိုင်ငံများအကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုပူးပေါင်းမြှင့်တင်ဆောင်ရွက်ရေး၊ ကပ်ရောဂါဗေဒဆိုင်ရာ လက်တွေ့သင်တန်းများ ပေးခြင်း (Field Epidemiology Training Program)၊ ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ကူးစက်ရောဂါများ ဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှု ခြင်း၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်