
နေပြည်တော် ဇူလိုင် ၁၀
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၉ ရက် ညနေပိုင်းတွင် ဟိုပုံးတပ်နယ် နယ်မြေခံသင်တန်းကျောင်း အားကစားခန်းမ၌ ကျင်းပရာ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည် မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် ၄၉ ကီလိုတန်း၊ ၅၂ ကီလိုတန်း၊ ၅၆ ကီလိုတန်း၊ ၆၀ ကီလိုတန်းနှင့် ၆၄ ကီလိုတန်း လူသစ်တန်းပြိုင်ပွဲနှင့် ၆၀ ကီလိုတန်း အလွတ်တန်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ ဂုဏ်ပြုဆု၊ ကီလိုတန်းအလိုက် အကောင်းဆုံးဆု ရရှိသူများ၊ လူသစ် တန်း တံခွန်စိုက်ဖလား ဆုရရှိသူများ၊ (ဂ) တန်း တံခွန်စိုက်ဖလားနှင့် တံခွန်စိုက်ဒိုင်း ဆုရရှိသော ဟိုပုံးတပ်နယ် ကိုယ်စားပြုအသင်း တို့ကို တိုင်းမှူး နှင့် အဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့် ကြသည်။
အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဖြင့် ဇူလိုင် ၅ ရက်မှ ၉ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်