အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေး ညှိနှိုင်းဆွေးနွေး

 

နေပြည်တော်    ဒီဇင်ဘာ   ၂၇


ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ယနေ့ ကျင်းပသည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ် နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။ 

 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမှန်တကယ် ဒုက္ခရောက်နေသူများကို         ခေါ်ဆောင်နိုင်မည့်  နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များ  စသည်တို့ကို   စနစ်တကျ   အကောင်အထည်ဖော် ဆောင်ရွက်၍ ကူညီပေးသွားစေလိုကြောင်း၊ မြန်မာ နိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင် နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများ  လျော့နည်းပပျောက်စေရေးနှင့် ကာကွယ်တားဆီး နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သဖြင့်  တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့်လုပ်ငန်းစဉ် များ  ချမှတ်အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရေး ဆွေးနွေးပေးရန် ထည့်သွင်းပြောကြားခဲ့သည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ အလုပ်သမားများသည် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊  ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ စသည့်  အရှေ့အလယ်ပိုင်းနိုင်ငံများသို့  အိမ်အကူ လုပ်ငန်းနှင့် အခြားအထွေထွေလုပ်သားများအဖြစ်  တရားမဝင်သွားရောက် လုပ်ကိုင်လျက်ရှိရာ အချို့ သူများသည် အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများ ကြုံတွေ့လျက်ရှိနေကြောင်း။

 


ဝန်ကြီးဌာနအနေဖြင့် တရားဝင်ပြည်ပအလုပ် အကိုင်အကျိုးဆောင်   လိုင်စင်ရ    အေဂျင်စီများမှ တစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်ပနိုင်ငံ များသို့ စေလွှတ်ခွင့်ပြုပေးလျက်ရှိသဖြင့် တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊     ပြည်ပအလုပ်အကိုင်ဆိုင်ရာ  တိုင်ကြားမှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့်  စစ်ဆေးရေးအဖွဲ့များဖြင့် ဖွဲ့စည်း၍ စစ်ဆေးဆောင် ရွက်လျက်ရှိပြီး ဥပဒေချိုးဖောက်သူများကို ၁၉၉၉  ခုနှစ်၊  ပြည်ပအလုပ်အကိုင်ဆိုင်ရာ  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

 


ကူညီဆောင်ရွက်ပေးလျက်ရှိ


အရှေ့အလယ်ပိုင်းနိုင်ငံများတွင်    ဒုက္ခရောက် နေသူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီး ဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့သည့်  အမှု များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားမဝင်  သွားရောက်လုပ်ကိုင်ခြင်းများကို ကာကွယ်တားဆီး ရာတွင် အသိပညာပေးခြင်း၊ အများပြည်သူသိရှိစေရေး  အသိပေးကြေညာပေးခြင်း၊     အပြည်ပြည်ဆိုင်ရာ လေဆိပ်ထွက်ပေါက်များတွင် အလည်ဗီဇာဖြင့် သွား ရောက် အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ သေချာစွာ စိစစ်ကြပ်မတ်၍ ၎င်းတို့ကို အသေးစိတ် မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ် ဖမ်းဆီး     အရေးယူသွားနိုင်ရေး   ဆောင်ရွက်သင့် ကြောင်းကိုလည်း ပြောကြားခဲ့သည်။

 


ထို့နောက်   လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်သက်ခိုင်က  ဝန်ကြီးဌာနရှိ   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် “မြစ်နှင့်   ပင်လယ်အတွင်း    မုန်တိုင်းဒဏ်ကြောင့် သော်လည်းကောင်း၊      အခြား    ဘေးအန္တရာယ်  တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ ပြည်တွင်း၊  ပြည်ပနယ်မြေ ရပ်ခြားများသို့ ရောက်ရှိသွားကြသည့်  ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း”ဆိုသည့်  လုပ်ငန်းတာဝန်နှင့်စပ်လျဉ်း၍    ကူညီထောက်ပံ့မှု များ ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူ များအား  ပြန်လည်လက်ခံရေး၊   ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ  လုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်၍ လူကုန်ကူးခံရသူများနှင့် ရွှေ့ပြောင်းလုပ်သား  များ      ပြန်လည်ထူထောင်ရေး   လုပ်ငန်းများကို လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 


ရပ်တည်ရန်ခက်ခဲပြီး  လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိသော မြန်မာရွှေ့ပြောင်း အလုပ် သမားများအား ပြန်လည်လွှဲပြောင်း လက်ခံပြီးနောက်  ယာယီလက်ခံစောင့်ရှောက်နိုင်ရန်    ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ် ၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံ များတွင် အခက်အခဲများကြုံတွေ့နေရသော မြန်မာ နိုင်ငံသားနှင့်စပ်လျဉ်း၍ Social Media တွင် ဒူဘိုင်း နိုင်ငံမှ live လွှင့် အကူအညီတောင်းခံခဲ့သည့် လူကုန် ကူးခံရသူ  အမျိုးသမီး  ခုနစ်ဦးကို  ကူညီထောက်ပံ့  ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို   ရှင်းလင်း  ပြောကြားသည်။

 


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက  လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကြကြောင်း  သိရသည်။                     

သတင်းစဉ်