
ဒေါက်တာမောင်ကျော် ပါမောက္ခချုပ်(ငြိမ်း)
မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကြီးအပြီး စစ်ပြီးခေတ်က စာမတတ်သူ ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ ဘယ်လောက် ကြောက်စရာကောင်းတယ်ဆိုတာ သိသူအလွန်နည်းပါးခဲ့ပါတယ်။ ၁၉၆၃-၆၄ ခုနှစ် ဝန်းကျင်လောက်က ဆရာ အတတ်သင် ပညာရေး အထူးအရာရှိ ဆရာကြီး ဦးသံဗျင်ရဲ့ နိုးကြားတိုက်တွန်းချက်ကြောင့် မြန်မာနိုင်ငံအနေနဲ့ ၁၉၆၄ ခုနှစ် ကျောင်းပိတ်ရက်ကာလ စာမတတ်သူ ပပျောက်ရေးလုပ်ငန်းကို မူလတန်းဆရာဖြစ်သင်တန်းမှ စေတနာ့ဝန်ထမ်း လုပ်အားပေး (၁) မောင်စန်းမောင်၊ (၂) မောင်အောင်သန်း၊ (၃) မောင်သိန်းနဲ့ (၄) အလယ်တန်း ဆရာဖြစ်သင်တန်းမှ မောင်သန်းရှိန်တို့ဟာ မိတ္ထီလာခရိုင် သဖန်းစံပြကျေးရွာက စာမတတ်တဲ့ သက်ကြီး ရွယ်အိုတွေကို စာသင်ပေးတဲ့လုပ်ငန်းကို စတင်ခဲ့တယ်။ ဒီ ‘အ’ သုံးလုံး ကျေသင်တန်းကို တစ်လတာ နာရီ ၈၀ အတွင်း ဆောင်ရွက်နိုင်တာမို့ သမိုင်းတွင်ခဲ့ပါတယ်။
ဒီအကြောင်းခြင်းရာတွေကို ကြားဖူးနားဝရှိခဲ့ပေမယ့် ယခုနှစ် ဩဂုတ်လကုန်လောက်မှာ မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံ သတင်းစာမှာ ဒေါက်တာမောင်သင်း ရေးသားတဲ့ “မြန်မာ့စာတတ် မြောက်ရေး သမိုင်းအစ မိတ္ထီလာခရိုင်က” စာတတ်မြောက်ရေး အထိမ်းအမှတ် ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါ - “ဟာ ဒို့နယ်က စခဲ့တာပါလား။ စာမတတ်သူတွေ ရှိနေပါလား” လို့ အံ့အားသင့်ခဲ့ရ ပါတယ်။ မိတ္ထီလာခရိုင်က စာတတ်မြောက်ဖို့ သက်ကြီး၊ သက်လတ်၊ ပျိုအိုမရွေး စိတ်အားထက်သန်ပြီး ဆောင်ရွက်ခဲ့ပါလားလို့ ဂုဏ်ယူ ရပါတယ်။ တစ်ဦးနဲ့ တစ်ဦး နှုတ်အားနဲ့ ပြောဆိုတတ်ခြင်းဟာ တစ်နေ့ တာကိစ္စတွေလောက်၊ ဈေးဝယ်ရုံလောက်၊ ကျောင်းကန်ဘုရား သွားရင်လည်း မေးထူးခေါ်ပြောအဆင့်ပဲ ဖြစ်ပါတယ်။
ဝ၊ ထ၊ က၊ လ၊ သ
အရေး၊ အဖတ်၊ အတွက်ကိုပင် လက်လှမ်းမမီသူတွေ ရှိနေပါလား၊ ဒီပြဿနာကို လွယ်လွယ်နဲ့ မြန်မြန် ဘယ်လိုဘယ်ပုံ ဖြေရှင်းခဲ့သလဲ ဆိုတော့ ဝ၊ ထ၊ က၊ လ၊ သ သင်နည်းစနစ်ကို ဆရာကြီး ဦးသံဗျင် ဦးစီးပြီး တီထွင်အသုံးပြုခဲ့တာကြောင့် ထိရောက်ခဲ့ပြီး သက်ကြီး၊ သက်လတ် ရွယ်အိုတို့ဟာ အလင်းရသွားခဲ့ကြပါတယ်။ စာတတ် မြောက်ရေးလှုပ်ရှားမှုဟာ လူထုရဲ့အရေးတကြီးကိစ္စ၊ စာမတတ်သူ၊ ‘အ’ သုံးလုံး မကျေသူ တစ်ဦးတစ်ယောက်မှ မကျန်ရလောက်အောင် ကောက်သင်းကောက်ပြီး ဆောင်ရွက်တာမို့ အလွန်ပင် မွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းစဉ်လို့တောင် အမည်နာမ တပ်လို့ရပါတယ်။ တောင်ပေါ်မြေပြန့် နယ်စွန်နယ်ဖျားထိ ဖြန့်ကြက်ကာ၊ တောနေ လှေအောင်း မြင်းဇောင်းမကျန် မြေလှန်ပြီး ‘အ’ သုံးလုံးကျေလုပ်ငန်း တွေကို တစ်သက်တာကြာ သင်ကြားသင်ယူခြင်း(Lifelong learning) စနစ်ဖြင့် ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။
လသာသာ ကမလား
“လသာသာ ကမလား” ကို အသံလည်းထွက်၊ ရေးတတ်လာတော့ သက်ကြီးရွယ်အိုများ ဖြစ်လင့်ကစား ငယ်မူငယ်သွေးပြန်ကာ အပြုံး မျက်နှာကိုယ်စီရှိနေကြမှာကို တွေးပြီး မြင်ယောင်မိပါတယ်။ ညအခါ “လသာသာ၊ ကမလား” ပျော်ပျော်မြူးမြူး ကကြစို့လား၊ တောင်ယာ လယ်လုပ်နဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုကို ညချမ်းအချိန်မှာ အပန်းဖြေနိုင်ဖို့အထိ ‘အ’ သုံးလုံးသင်တန်းက လမ်းပြလိုက်တာ ဖြစ်ပါတယ်။
လူ့ဘဝမှာ အလုပ်ကိုပဲ သဲကြီးမဲကြီးနဲ့ ငွေနောက်လိုက်နေဖို့ မဟုတ်၊ သဘာဝတရားရဲ့ အလှအပ၊ ပကတိအတိုင်း သာယာ နာပျော်ဖွယ်၊ ကြည်နူးဖွယ်တွေ ရှိနေကြောင်း၊ တရားနဲ့ သတိ ကပ်နေဖို့ စာတတ်မှ၊ ရေးတတ်၊ မှတ်တတ်၊ ဆည်းပူးတတ်မှ ကိုယ့်ဘဝ မိသားစုဘဝဟာ သာယာဝပြောပါလိမ့်မယ်။ ဖတ်တတ် ရေးတတ် တွက်ချက်တတ်ပြီဆိုရင် ဗဟုသုတစုံ၊ အမြင်ကျယ်ကာ မိမိဘဝ မိသားစုဘဝ လုံခြုံမှုဟာ တစ်သက်တာထိ တာသွားတာမို့ ဒီ ‘အ’ သုံးလုံးလှုပ်ရှားမှုကြီးဟာ သမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါး ကြာခဲ့ပြီးဖြစ်တဲ့တိုင် အောက်မေ့ဖွယ်ရာ ပညာရေး လှုပ်ရှားမှုကြီးအဖြစ်သာမက ယနေ့တက္ကသိုလ်ကောလိပ်နဲ့ အခြေခံ ကျောင်းများ ကျောင်းပိတ်ရက်ကာလမှာ စာတတ်မြောက်ရေး လုပ်အား ပေးလုပ်ငန်းဟာ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်လို့ တိုင်းပြည်နဲ့ လူမျိုးအတွက် ပညာဒါန အလှူမင်္ဂလာပွဲကြီးပဲ ဖြစ်ပါတယ်။
ကနဦးတာထွက်ခဲ့သော စေတနာ့ဝန်ထမ်း ဆရာငယ်လေးဦး မှသည် နှစ်အနည်းငယ်အတွင်း ဆရာ ဆရာမပေါင်း ကိုးသိန်းနီးပါး တို့က တစ်တိုင်းတစ်ပြည်လုံး နေရာအနှံ့အပြား သင်ကြားပေးခဲ့တာ ကြောင့် ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စာတတ်မြောက်မှု ၉၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ယခု (၂၁) ရာစု အစောပိုင်းမှာပင် စာတတ်မြောက်မှုဟာ ၉၈ ရာခိုင်နှုန်းအထိရှိလာပြီး ရာနှုန်းပြည့် ဖြစ်ဖို့ အစိုးရ-ပုဂ္ဂလိကတို့က သွက်သွက်လက်လက် ထက်ထက် မြက်မြက်၊ အမြော်အမြင်ရှိရှိနဲ့ ဆောင်ရွက်ကြပါစို့ ၊ ဆင်နွှဲကြပါစို့ဟု တိုက်တွန်းလိုပါတယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်
၂၀၁၉ ခုနှစ် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး ၂၀၃၀ အစီအစဉ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ၁၇ ချက် (17 Sustainable Development Goals Report 2019) နဲ့ စပ်လျဉ်းတဲ့ အစီရင်ခံစာအရ “ကလေးအရွယ်မှ လူလတ်ပိုင်း ရောက်နေသော ၆၁၇ သန်းသော လူတို့သည် စာကောင်းကောင်း မဖတ်တတ်၊ ဂဏန်း သင်္ချာမတွက်တတ်ဘဲဖြစ်နေကြပါတယ်။ ကမ္ဘာ့ကလေးငယ်တစ်ဝက် ကျော်ဟာ အဖတ် (Reading) နဲ့ အတွက် (Mathematics) ကို မမီ နိုင်ဘဲဖြစ်နေကြောင်း” သိရပါတယ်။
l ကမ္ဘာ့လူဦးရေ သန်း ၇၅၀ ရှိ လူကြီးတို့ဟာ စာမတတ်၊ သန်း ၅၀၀ သော အမျိုးသမီးကြီးများလည်း စာမတတ်ဖြစ်နေကြ၊ အသက် ၆-၁၇ နှစ် လူငယ် ၅ ဦးရှိရင် တစ်ဦးဟာ ကျောင်း မတက်နိုင်ဘဲ ဖြစ်နေကြောင်း၊ ပညာရေး၊ အလုပ်ခွင်မှာ သို့မဟုတ် လေ့ကျင့်မှုမှာမရှိဘဲ အဟောသိကံ ဆုံးရှုံးမှု ဖြစ်နေကြောင်း၊
l အသိပညာ၊ အတတ်ပညာ အခြေပြုတဲ့၊ ကျွမ်းကျင်မှုကို အခြေပြုတဲ့၊ အရည်အချင်း မြင့်မားမှုကို အခြေပြုတဲ့ လူ့စွမ်းအားအရင်းအမြစ်နည်းပါးတဲ့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားမှာ တစ်ရာခိုင်နှုန်းလောက်သော လူနည်းစုသာ ဝင်ငွေများများစားစား ရရှိကြကြောင်း၊
l ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆက်စပ်ယှက်နွှယ်ဖြစ်ပေါ် လာတဲ့ ဘေးဒုက္ခတို့ဟာ ဆင်းရဲနွမ်းပါးသူ၊ ပြောရမယ်ဆိုရင် ‘အ’ သုံးလုံးမကျေသူတို့အပေါ် ပိုပြီးသက်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
စာတတ်မှ ဖတ်တတ်မယ်၊ ရေးတတ်မယ်၊ အမြင်ကျယ်ကျယ်နဲ့ ဆွေးနွေး ညှိနှိုင်းစွမ်းပိုရှိလာပါမယ်။ မြန်မာနိုင်ငံအတွက် စာမတတ်သူ၊ အရည်အသွေးမီ အရည်အသွေးရှိ ပညာရေးပန်းတိုင် (Quality Education) ကို ဆက်လက်ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။
ပညာရေးညီလာခံ(၂၀၂၃)
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အောက်ပါအတိုင်း အထောက် အထားများနဲ့ အမှာစကား မြွက်ကြားခဲ့ပါတယ်။
l “ယနေ့အချိန်အခါမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးကိစ္စကို အလေးထား ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ ပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေး၏ အုတ်မြစ်ဖြစ်ပါကြောင်း၊ ပညာတတ်များ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များနှင့်သာ နိုင်ငံ တော်ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပညာမတတ်သည့် နိုင်ငံသားများပြီး ပညာရေးနိမ့်ကျ သည့် နိုင်ငံသည် အမှန်တကယ်မတိုးတက်နိုင်ဟု လက်ခံ ထားကြပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် လူသားအရင်းအမြစ် သည် အဓိကဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာကို အဓိကတည်ဆောက်ကြရ ပါကြောင်း။
l “ပညာရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မှတ်တမ်းများနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက်လူဦးရေ တစ်နည်းအားဖြင့် အလုပ် လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်း အနက် တစ်ဝက်ခန့်သာ အလယ် တန်းအဆင့်ပညာ တတ်မြောက်မှုသာရှိကြောင်း၊ နိုင်ငံလူဦးရေ ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ပြီး ၎င်းတို့ အနက် အသက် ၁၅ နှစ် အထက် ၄၅ ရာခိုင်နှုန်းသည် စိုက်ပျိုး မွေးမြူရေး အသက်မွေးဝမ်းကျောင်း၊ ၉ ဒသမ ၅ ရာခိုင်နှုန်း သည် ကုန်ထုတ်လုပ်ငန်းတွင် ပါဝင်ကြောင်း၊ ၎င်းတို့သည် စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံကောင်းများရှိရန် မဖြစ်မနေလိုပါကြောင်း၊ စက်မှု၊ စိုက်ပျိုးမွေးမြူရေးနှင့် သက်မွေးပညာသင်တန်းများ ပိုမိုတက်ရောက်နိုင်ရန် လမ်းဖွင့် ပေးကြရမည်ဖြစ်ပါကြောင်း၊”
l “အသက် ၃ နှစ်မှ ၅၀ နှစ်အတွင်း လူဦးရေ၏ ကျောင်းဆက် မတက်ရခြင်း အဓိကအကြောင်းရင်းမှာ မကျန်းမာခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ မသန်စွမ်းခြင်းကြောင့် ၁ ဒသမ ၉ ရာခိုင် နှုန်း၊ ကျောင်းထားရန် ငွေမတတ်နိုင်သည်မှာ ၂၁ ဒသမ ၅ ရာခိုင်နှုန်း၊ အိမ်အလုပ်ကူရသည်မှာ ၂၉ ဒသမ ၂ ရာခိုင်နှုန်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းကူရသည်မှာ ၇ ဒသမ ၂ ရာခိုင် နှုန်း၊ စာမေးပွဲကျခြင်း၊ စာမလိုက်နိုင်ခြင်းနှင့် စိတ်ဝင်စားစရာ မကောင်းသည်မှာ ၁၂ ဒသမ ၂ ရာခိုင်နှုန်း၊ ကျောင်းက ဝေးလွန်း သည်က ၄ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေသည်ကို တွေ့ရပါ ကြောင်း၊ အဆိုပါအချက်များအရ ဆင်းရဲမွဲတေမှုကြောင့် ဖြစ်သည်မှာ အများစုဖြစ်နေပါကြောင်း၊ ကျောင်းတက်သူ ဦးရေတိုးတက်ရေး၊ အတန်းကူးပြောင်းမှုနှုန်း မြင့်မားရေးကို အဟန့်အတားဖြစ်စေသည့် အကြောင်းရင်းများကို ယခုကျင်းပ သည့် ပညာရေးညီလာခံကြီးတွင် အဖြေရှာပြီး ဖြေရှင်းပေး ကြရမည်ဖြစ်ပါကြောင်း”
အားလုံးအတွက်ပညာရေး… အနာဂတ်ပညာရေး
အားလုံးအတွက် ပညာရေး (Education for All) ကို ပညာရေး ဝန်ကြီးဌာနက ငွေကြေးပမာဏ မြောက်မြားစွာနဲ့ အားထုတ်ဆောင် ရွက်နေတာကိုတွေ့ရပါတယ်။ ဘာကြောင့်ပါလဲ။ ယှဉ်ပြိုင်မှုကြီးမားတဲ့ (၂၁) ရာစုခေတ်မှာ ကျွမ်းကျင်လူ့စွမ်းအားအရင်းအမြစ် ရှားပါးခြင်း၊ စီမံခန့်ခွဲကြီးကြပ်မှုစွမ်းရည်မှာ အကန့်အသတ်ရှိနေခြင်း၊ မြန်မာနိုင်ငံ ရုံးအဖွဲ့အစည်းများမှာပင် စီမံခန့်ခွဲနိုင်စွမ်း အားနည်းနေခြင်းတွေကို တွေ့ရပါတယ်။
လူ့သမိုင်းစဉ် တစ်လျှောက်လုံးမှာ ပညာရေးဟာ ဖွံ့ဖြိုးတိုးတက်မှု အတွက် အရင်းအမြစ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ အသက်ဝိညာဉ် ဟာ ပညာရေးပဲ။ ပညာရေးဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့်ကဏ္ဍ မှာပဲဖြစ်ဖြစ် နိုင်ငံနဲ့လူမျိူး တစ်မျိုးသားလုံး ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက် မှုနဲ့ လူ့ဘောင်ရဲ့ ညီညွတ်မှုတည်ငြိမ်အေးချမ်းမှုရဲ့ အရင်းခံလဲ ဖြစ်ပါတယ်။
ပညာရေးဟာ တစ်ကမ္ဘာလုံး၊ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင် ကြံဆဖန်တီးပေးနိုင်ခြင်း လေ့လာစရာနယ်ပယ်သစ်တွေဘက်ကို ရွေ့လျားနေတဲ့ ပညာရေးစနစ်ကြီး ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာ ရောက်ရှိနေပါတယ်။ ဆရာဆိုတာ အသိဉာဏ်ကို မြှင့်တင် ပေးတယ်။ ကျွမ်းကျင်မှုအတတ်အညာ အရည်အသွေးတွေ မြှင့်တင် ပေးတယ်။ ဗြဟ္မစိုရ်တရား ထွန်းကားအောင် လုပ်ပေးတယ်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပေးတယ်။ လူ့ဘဝမှာ လူသားအချင်းချင်း ချစ်မြတ်နိုးအောင် လုပ်ပေးနိုင်တယ်။
မျိုးဆက်သစ်ကျောင်းသူ၊ ကျောင်းသား နဲ့ Life Long Learning Society မှာ ပါဝင်သူ မှန်သမျှဟာ ပညာရေးရဲ့ ဗဟိုချက်မပါပဲ။ လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးနေရတဲ့ ဆရာဟာ ခေတ် နောက်ကျနေခဲ့ရင် မြန်မာ့ပညာရေးမြှင့်တင်မှုဟာ မျှော်လင့်ချက် မရှိနိုင်ပါဘူး။ သူမွေးထုတ်ပေးလိုက်တဲ့ လူ့စွမ်းအားအရင်းအမြစ် ဟာလဲ ဘယ်နည်းနဲ့မှ အနာဂတ်ကို ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ‘အ’ သုံးလုံးကိစ္စ၊ ကြက်ခြေနီကိစ္စ၊ ဒေသအတွက် လူငယ်တွေရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုလဲ ဆရာ ဆရာမများနဲ့အတူတကွ ဆောင်ရွက် ပေးကြရဦးမယ်၊ ဘာကြောင့်ပါလဲ။
ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။ စာတတ်မှ၊ ပညာတတ်မှ ဖွံ့ဖြိုး တိုးတက်အောင် လုပ်နိုင်မယ်၊ အမှားအယွင်း နည်းမယ်။ လူငယ်တွေရဲ့ ဘဝခရီးတစ်လျှောက်မှာ ဖြောင့်တန်းအောင် လျှောက်လှမ်းနိုင်ဖို့၊ အမှားနဲ့ အမှန် ခွဲခြားနိုင်ဖို့၊ အကောင်းနဲ့ အဆိုး၊ အကြောင်းနဲ့ အကျိုး ကို မျိုးဆက်သစ်များရဲ့ ပညာရည်မြင့်မားဖို့လဲ မျက်ခြည်မပြတ်အား ထုတ်ကြရမယ်။ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားလေးစားမှု၊ ရိုးသား ဖြူစင်မှု၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိတဲ့ စည်းကမ်းရှိတဲ့ နိုင်ငံသား များ အနည်းဆုံးဖြစ်သွားစေရပါမယ်။ လက်ကြောမတင်းတဲ့ လူလတ် လူကြီးတွေ ဖြစ်လာမှာကို ကြိုတွက်တတ်ရပါမယ်။ မိမိနေအိမ် ရပ်ရွာ ဒေသကို ကောင်းသထက်ကောင်းအောင် တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့ အစည်း လူထုလိုအပ်ချက်၊ စက်ရုံတွေလိုအပ်ချက်၊ တစ်ဦးကိုတစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြည့်ဆည်းသွားကြ ရမှာဖြစ်ပါတယ်။ ထူးချွန်ပြောင်မြောက်တဲ့ တီထွင်ကြံဆနိုင်တဲ့လူ မဖြစ်လင့် ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရပါမယ်။
တစ်မိသားစုမှသည် တစ်နိုင်ငံလုံးအထိ သာယာဝပြောဖို့ဆိုရင် အားလုံးအတွက် ပညာရေး (Education for All) ၊ အားလုံးအတွက် သိပ္ပံပညာရေး (Science for All) ထိ မမှိတ်မသုန် ချီတက်ရပေလိမ့် မယ်။ ယနေ့နေထိုင်ရာ ကမ္ဘာကြီးလည်း ငြိမ်းချမ်းသာယာလာပေ လိမ့်မယ်။ ဤကမ္ဘာကြီးလည်း အဓွန့်ရှည်စွာ၊ ကျန်းမာသန်စွမ်း နေပါလိမ့်မယ်။
တစ်နေ့တစ်လံ ပုဂံမရွေ့
မြန်မာစကားမှာ လူများဟာ ကြံရင်းနဲ့သေ၊ ငှက်များဟာ ပျံရင်းနဲ့ သေတယ်လို့ ပြောတတ်ကြပါတယ်။ ဒီစကားဟာ တက်ကြွမှုမရှိ၊ ကြံစည်စိတ်ကူးရုံသက်သက်ပဲ၊ အလားအလာနည်းပြီး စိတ်ကုန် လူပန်းရမယ့် ကိစ္စပဲလို့ ထင်မြင်စရာ စကားဖြစ်နေပါတယ်။ ငှက်များလိုပဲ ပျံသန်းရင်း၊ မိမိနေအိမ် ရပ်ရွာဒေသကို တို့တစ်တွေဟာ ကောင်းသထက်ကောင်းအောင် တည်ဆောက်ကြရမှာ ဖြစ်တယ်။ ဟော်လန်စကားပုံကတော့ ဘုရားသခင်က ‘‘ငှက်များစားဖို့ တီကောင် ကို ဖန်ဆင်းပေးသော်လည်း ပါးစပ်ထဲကိုတော့ ထည့်မပေးပါဘူး’’ တဲ့။ ပညာရှာရာမှာ ခွံ့ပေးတဲ့ ‘‘Spoon Feeding’’ မဟုတ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် အားကိုးပါ။ အတ္တာဟိ အတ္တနောနာထောပဲ။ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ကိုယ်တိုင်လေ့လာမှု (Self-study) ကို အားပေးရမယ်၊ ကိုယ်တိုင်လေ့လာမှုကို အားပြုကြရမှာဖြစ် ပါတယ်။
အားလုံးအတွက် သိပ္ပံပညာရေး (Science for all)
ကျွန်တော်တို့ လူထုအတွင်း နိစ္စဓူဝကိစ္စ ကိစ္စကြီးငယ်လုပ်ကြ ရာမှာ သိပ္ပံပညာဆိုတာဘာလဲဆိုတာကို ကောင်းကောင်းနားမလည် ခြင်းပဲဖြစ်တယ်လို့ ပြောကြပါတယ်။ သိပ္ပံဆိုတာ သိပ္ပံပညာရှင်တို့ လုပ်တဲ့ အလုပ်လို့ ပြောလေ့ရှိပါတယ်။ ကျွန်တော်တို့တစ်တွေ သိပ္ပံ ဓာတ်ခွဲခန်းတစ်ခုကို စိတ်ကူးနဲ့စဉ်းစားကြည့်တဲ့အခါ ထိန်လင်းနေတဲ့ အခန်းကြီးထဲမှာ အဖြူရောင်ဓာတ်ခွဲခန်း ဝတ်ရုံကိုဝတ်၊ စမ်းသပ် ဖန်ပြွန်ထဲက ရောင်စုံဖြစ်ပေါ်နေတာတွေကိုကြည့်၊ မိုက်ခရိုစကုပ် ရှေ့မှာထိုင်ပြီး ကြည့်လိုက်၊ တန်ဖိုးကြီးမားလှတဲ့ စက်ကိရိယာကြီး တွေ ရှေ့မှာထိုင် သဲကြီးမဲကြီး တိုင်းတာတွက်ချက် အလုပ်လုပ်နေတဲ့ လူသားတစ်ယောက်လို့ မြင်လေ့ရှိပါတယ်။ သုတေသနတွေ့ရှိချက်တွေ၊ ထပ်ဆင့် တီထွင်ဆန်းသစ်မှုတွေဟာ လူ့ယဉ်ကျေးမှုကြီးဖြစ်ပေါ်ပုံမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်ခဲ့ပါတယ်။ သိပ္ပံနဲ့နည်းပညာ နယ်ပယ်ထဲက သုတေသနတွေကြောင့် လေ့လာမှုရလဒ်တွေကြောင့် ထွန်းကားလာ မှုဟာ သဘာဝတရားရဲ့နိယာမတွေကို ပိုနားလည်လာပြီး လူသား ကောင်းကျိုးအတွက် အသုံးချနိုင်မှုတွေ ရရှိတာဖြစ်ပါတယ်။
သယံဇာတနှင့် သိပ္ပံပညာ
သယံဇာတမရှိတဲ့ စင်ကာပူနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၇ဝ-၈ဝ က ဆင်းရဲခဲ့ပါတယ်။ ဥရောပ၊ အမေရိကန်၊ ဂျပန်လူမျိုးတွေဟာ ကျောင်းတက် ပညာသင်တာ၊ စဉ်းစားဆင်ခြင်နိုင်ဖို့၊ အမြော်အမြင် ရှိဖို့၊ ကျွမ်းကျင်မှု အဖုံဖုံ ရှိဖို့ဖြစ်ခဲ့တယ်။ ဥရောပတစ်ခွင်မှာ လက်တွေ့ ပါတဲ့ အခြေခံသိပ္ပံ (Basic Science) ကို အခြေချနိုင်ခဲ့တယ်။ ၁၈၄ဝ ပြည့်နှစ်ရောက်တော့ စက်မှုထွန်းကားဖို့ ကိစ္စမှာ အခြေခံသိပ္ပံပညာ တွေဟာ အကြောင်းတရားပဲ ဖြစ်ခဲ့ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ အဆင့်မြင့်နည်းပညာကျွမ်းကျင်သူ သန်း ၂၀ ကျော် မွေးထုတ်ခဲ့ပါတယ်။ ဒီအင်အားစုနဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားဖွံ့ဖြိုးရေးတိုးတက်ရာတိုးတက်ကြောင်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဒီအင်အားစုဟာ အရှေ့တောင်အာရှကို လွှမ်းလာတာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကတော့ ပြောဖွယ်ရာမလိုတော့ပြီ။ မြန်မာ နိုင်ငံ လူဦးရေထက်များတဲ့ ၆၇ သန်းသော အဆင့်မြင့်နည်းပညာ ကျွမ်းကျင်သူအပေါင်းနဲ့ ကမ္ဘာရဲ့နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်တာကို တွေ့ရပါတယ်။ ဒီကိစ္စတွေဟာလဲ ‘‘တစ်နေ့တစ်လံ ပုဂံမရွေ့’’ ဆိုသလို နေ့စဉ် လစဉ် နှစ်စဉ် အားထုတ်မှဖြစ်ပါတယ်။ မြန်မာတွေ အဆင့်မြင့်နည်းပညာ တတ်ကျွမ်းသူ လူ့စွမ်းအားအရင်း အမြစ်တိုးတက်ဖို့ အားထုတ်ကြရပါလိမ့်မယ်။
သာမန်လူတို့နှင့် သိပ္ပံသဘောနားလည်သူတို့
သိပ္ပံပညာဟာ အရာခပ်သိမ်း ဆုံစည်းရာ အဆက်အစပ် အကျိုး အကြောင်းရှိတဲ့ ကိစ္စတွေကို လေ့လာခြင်းဖြစ်တယ်။ သိပ္ပံပညာရှင် တို့ဟာ သမားရိုးကျအပေါ်ယံရှပ်ပြီး ရှင်းလင်းလေ့မရှိပါဘူး။ အဖြေကို သံသယရှိကြတယ်။ လွယ်လွယ်ကူကူ ယုံကြည်လေ့မရှိဘူး။ ဒီမှာတင် သာမန်လူနဲ့ သိပ္ပံသဘောနားလည်သူတို့ ကွာခြားသွားပါပြီ။ သူတို့ဟာ စူးစမ်းဆောင်ရွက်လိုစိတ်ပြင်းပြကြတယ်။ အထောက်အထား အချက် အလက်တွေ စုဆောင်းပြီး ဘက်ပေါင်းစုံရှုထောင့်စုံကနေ ဂရုတစိုက် စိစစ်လေ့ရှိတယ်။
သူတို့ရဲ့စိတ်ကူးအတွေးအခေါ်ကို တရားသေ ဆုပ်ကိုင်လေ့မရှိဘူး။ စိတ်ကူးသစ်နဲ့ မှန်ကန်တဲ့အချက်အလက် အထောက်အထားတွေ တွေ့ရှိပါက သူတို့ရဲ့ မူလအတွေးအခေါ် ၊ အယူအဆကို ပြောင်းလဲဖို့ ဝန်မလေးဘူး။ ပိုပိုပြီး တိကျမှန်ကန် ခိုင်လုံတဲ့ အထောက်အထား အချက်အလက်တွေနဲ့ မိမိဝန်းကျင် လူမှုရေး၊ စီးပွားရေး အဖြစ်သနစ် တွေကို ပုံဖော်ပြီး ရှင်းလင်းပြတတ်ကြတယ်။
မြန်မာနိုင်ငံကတော့ “အားလုံးအတွက် သိပ္ပံပညာရေး” မလုပ်နိုင် လောက်သေးဘူးလို့ ပြောရပါလိမ့်မယ်။ ပညာတတ်ရင် သိပ္ပံနဲ့ နည်းပညာ တတ်ကျွမ်းရင် မိသားစုကို ထိန်းနိုင်လောက်မယ်။ သိပ္ပံနဲ့ နည်းပညာတိုးတက်မှု ကိုယ်နှိုက်ကိုက လူနေမှုအဆင့်အတန်း မြင့်မား စေဖို့ ညီညွှတ်မျှတစေဖို့ အခွင့်အလမ်းတွေ ပါဝင်ပါတယ်။ အမေရိကန် တို့ဟာ “Education for all, Science for all” အတွက် ၁၉၆၅ ခုနှစ်မှာ တစ်နိုင်ငံလုံးကို အင်တိုက်အားတိုက် မောင်းနှင်ခဲ့ပါတယ်။ အဏုမြူဗုံး နှစ်လုံးနဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တဲ့ ဂျပန်တို့ဟာ နည်းပညာရဖို့ ပညာရပ်မြင့်မားမှ ဖြစ်တော့မယ်ဆိုတာ ပိုပြီးသိတဲ့ အတွက် လက်မှိုင်မချဘဲ၊ တက္ကသိုလ်၊ ကောလိပ်တွေထဲက ဓနဥစ္စာတွေ ရှာဖွေပြီး အလုပ်လုပ်တော့တာပဲ။ ဂျပန်က စစ်လျော်ကြေးပေး ရဖို့ကိစ္စဟာ တစ်မျိုးသားလုံးရဲ့ အရေးဖြစ်လို့၊ တန်ဖိုးမြင့်ကုန်ချော တွေ ထုတ်ရောင်းချတဲ့နည်းပဲ ရှိတော့တယ်လို့ ဘုရင်မင်းမြတ်က အစ၊ ဂျပန်အစိုးရက ဆင်ခြင်သုံးသပ်ဆောင်ရွက်ခဲ့တယ်။ သိပ္ပံနှင့် နည်းပညာတွေကို ကျောင်းတွေ တက္ကသိုလ်တွေရဲ့ သင်ခန်းစာတွေ ထဲက စီးပွားဖြစ်အောင် မီးကုန်ယမ်းကုန်ရှာဖွေခဲ့ပြီး ပြာပုံထဲက ထခဲ့တယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ “Education for all” နဲ့ လုံလောက်နိုင်ခြင်း မရှိတော့လို့ “Excellence for all” ပြောင်းလဲရတဲ့အထိ ပညာရေး ကို ချဉ်းကပ်တာ တွေ့ရပါတယ်။ ဒီအထိ ဘာကြောင့်လုပ်ရသလဲ ဆိုလို့ရှိရင် ဒီခေတ်ရဲ့ ယှဉ်ပြိုင်မှုတစ်ခုလုံးကိုပါဝင်ခွင့်၊ ကြီးစိုး နိုင်ခွင့်ရှိဖို့ မျှော်လင့်ချက်ဟာ ပညာရေးမှာပဲရှိတယ်ဆိုတာ သူတို့ သိလို့ပါပဲ။
ဒါကြောင့် မြန်မာပညာရေးဟာ သင်ကြားမှုသက်သက်မဟုတ်၊ ကမ္ဘာအရပ်ရပ်က တွေ့ရှိချက်တွေကို သင်ရုံသက်သက်မဟုတ်၊ တက္ကသိုလ်တွေဟာ မိမိနယ်ပယ်တစ်ခုအတွင်းမှာ ထူးချွန်တဲ့သူ အဆင့်မြင့် ဒီဂရီ၊ ဘွဲ့ရသူတွေ မွေးထုတ်ပေးရုံသက်သက် မဟုတ် တော့ဘဲ တက္ကသိုလ်ပရဝဏ်အပြင်ဘက် စီးပွားရေး ဖွံ့ဖြိုးဖို့၊ လူမှုဘဝ သာယာဝပြောဖို့၊ နည်းပညာမြင့်မားရေးနဲ့ ဝန်ဆောင်မှုကိုမြှင့်တင် ပေးဖို့ ပညာရေးဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍဖြစ်လာပါတယ်။ လူ့အဖွဲ့အစည်းအတွက် အမှန်တကယ်လိုအပ်တဲ့ ကျွမ်းကျင်မှု အရည် အသွေးတွေကို မွေးထုတ်ပေးကြရမှာဖြစ်ပါတယ်။ လူ့စွမ်းအားအရင်း အမြစ်ကို ထုတ်လုပ်ရာမှာ ပုံစံသစ်နဲ့သွားရမှာဖြစ်တယ်။ ပညာရေးဟာ သင်ကြားမှု သက်သက်မဟုတ်။ “Teaching and Learning” သင်ယူ လေ့လာမှုနှစ်ခု သဟဇာတဖြစ်အောင် လုပ်ကြရမယ်။
“Independent Learning” လွတ်လွတ်လပ်လပ် သင်ယူမှု၊ အပြောကျယ်တဲ့ လေ့လာမှု၊ ICT နည်းပညာကိုသုံးတဲ့ သင်ကြား သင်ယူမှု၊ လေ့လာမှု၊ တီထွင်ဆန်းသစ်တဲ့ (Innovation) နယ်ပယ် ထဲကိုရောက်အောင် တွန်းတင်ပေးရမှာဖြစ်ပါတယ်။ မိမိကိုယ်တိုင် သင်ယူမှုကို ဇောင်းပေးရမယ်။ တကယ့်ကို မြင့်မြင့်မားမား ပညာ တတ်မှ၊ တကယ့်ကိုကျွမ်းကျင်မှု ဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်များကသာ ဆက်လက်ရှင်သန်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွား ဖြစ်ထွန်းမှု၊ လူ့ဘောင်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရှေးရှု နိုင်မှာ ဖြစ်ပါတယ်။
ကောင်းပါပြီ…
အပြင်မှာ ဘာတွေဖြစ်နေသလဲလို့ မြန်မာ့တံခါးကိုဖွင့်ကြည့်တဲ့ အခါ ပညာရေး၊ သိပ္ပံနဲ့နည်းပညာဟာ ပိုပြီးအခရာကျတာ တွေ့ရ ပါတယ်၊၊ ပညာခေတ်မှာ ပညာတတ်၊ အရည်အချင်းပြည့်ဝသူ ဗလ ငါးတန်ပြည့်ဝသူတို့ကသာ တိုင်းပြည် အပြောင်းအလဲကို ပြုလုပ်နိုင် လိမ့်မယ်။ အရှေ့အနောက်ကိုထိုင်ပြီး မမျှော်လေနဲ့။ ကိုယ့်တိုင်းရင်း သားအပေါင်းက တညီတညွတ်တည်း ကိုယ့်အားကိုယ် အားကိုး ကြရမယ်။ ရေရှည်အကျိုးကို မျှော်ကိုးပြီး မျိုးဆက်သစ်လူငယ် တွေဟာ ပြုံးပန်းတွေနဲ့အတူ မြန်မာတို့ရဲ့ အနာဂတ်ပညာရေးခရီး ကို ဆက်လျှောက်ကြရမှာဖြစ်ပါကြောင်း မေတ္တာဖြင့် ရေးသား အပ်ပါတယ်။
- Log in to post comments