နေပြည်တော် မေ ၁၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယနေ့နံနက်ပိုင်းက ညောင်ဦး မြို့နယ် ငါ့သရောက်လျှပ်စစ် မြစ်ရေတင်သို့ရောက်ရှိပြီး ပင်မ ရေတင်စခန်းနှင့် ရေပေးဝေနေမှု ကို လည်းကောင်း၊ ဆိုလာစနစ် အသုံးပြု၍ ထပ်ဆင့်ရေတင်နေမှု ကို လည်းကောင်း၊ ရေတင်စနစ် ဖြင့် စိုက်ပျိုးထားသည့် မိုးကြို ပဲတီစိမ်း မျိုးသန့်မျိုးပွားစိုက်ခင်း ကိုလည်းကောင်း၊ လက်ပံခြေပေါ် ဆိုလာစနစ်သုံး ထပ်ဆင့်မြစ်ရေတင် လုပ်ငန်း အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် မိတ္ထီလာမြို့ လယ်ယာသုံးစက် ကိရိယာ ကျွမ်းကျင်မှု ဗဟိုသင်တန်းကျောင်း သို့ရောက်ရှိပြီး ဌာနအတွင်း သင်ကြားရေး ဆရာ ဆရာမများ အနေဖြင့် သင်ယူမှု၊ သင်ကြားမှု ဆိုင်ရာ နည်းစနစ်များ၊ အကဲဖြတ် စမ်းစစ်ချက်ဆိုင်ရာ နည်းစနစ် များကို စနစ်တကျ ဆောင်ရွက် ကြစေလိုကြောင်း၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သင်ကြားပို့ချ ကြစေလိုကြောင်း၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်း ရေးဆိုင်ရာ အသိပညာများကို စနစ်တကျ သင်ကြားပို့ချကြစေ လိုကြောင်း မှာကြားသည်။
ထို့နောက် ပျော်ဘွယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ချောင်းမ ကြီး မျိုးသန့်ခြံသို့ ရောက်ရှိပြီး တောင်သူများအား စပါးမျိုးစေ့နှင့် ဝါမျိုးစေ့များ ပေးအပ်သည်။ ဆက်လက်၍ အင်ကြင်းကန် ကျေးရွာ၊ နွေစပါး တစ်ဧက တင်း ၁၂၀ ထွက်ရှိရေး စံပြကွက် တောင်သူ ဦးဆန်းမင်းအောင်၏ သီးထပ်ရင်စိုက်ကွင်းသို့ ရောက် ရှိပြီး တောင်သူများနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံကာ တောင်သူများ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ရမည်းသင်းမြို့ ကျီးနီကန်ရေလှောင်တမံ ရေသို လှောင်မှု၊ တမံကြံ့ခိုင်မှုအခြေအနေ များကို လည်းကောင်း၊ ရမည်းသင်း မြို့နယ် ရွာတန်းလယ်ယာ ရပ်စုအိုင်ပုတ် ကျေးရွာအနီးရှိ သစ်ဆုံရေလှောင်တမံ ရေဝင်ရောက် မှု၊ ရေလှောင်တမံ ကြံ့ခိုင်မှု၊ ရေပေးဝေမှု အခြေအနေများကို လည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



