အပြုံးပန်းတွေဝေဆာဖို့ ငုံးမွေးမြူရေးဖြင့် မိသားစုဝင်ငွေရှာကြစို့

Type
၅

 

လူငယ်သုတေသီများ(မွေးသု)

 

ကမ္ဘာကြီးနှင့် ငုံးမွေးမြူရေး


ယနေ့ကမ္ဘာကြီးသည် နည်းပညာများ အဘက်ဘက်မှ တိုးတက်လာသည်နှင့်အမျှ    မွေးမြူထုတ်လုပ်ရေး နည်းစနစ်များသည်လည်း တိုးတက်လျက်ရှိပါသည်။ တိုးတက်လာသော   မွေးမြူရေးလုပ်ငန်းများတွင် ငုံးမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တစ်ကမ္ဘာ လုံး ငုံးမွေးမြူရေး၏ ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေကြပြီး စီးပွားဖြစ်မွေးမြူနေကြသူများ လည်းရှိပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာ ကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း   အနည်းငယ်မျှသာ  လိုအပ်ပါ သည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုး အမြတ်မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက်  တွက်ခြေကိုက်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။ 

 


ငုံးမျိုးများ 


ငုံးဆိုသည်မှာ  ရစ်ငှက်မျိုးနွယ်ဝင်  မြေကြီးပေါ် တွင်  အသိုက်ပြုလုပ်နေထိုင်တတ်သော ငှက်အမျိုး အစားဖြစ်ပြီး    ခန္ဓာကိုယ်အရွယ်အစား   သေးကာ ခြေတံတိုသည်။ ငုံး၏  သိပ္ပံအမည်မှာ Coturnix coturnix ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ငုံးမျိုးစိတ် ပေါင်း ၁၃၀ ကျော်ရှိပြီး ၎င်းတို့၏  အရွယ်အစားနှင့် အသွင်အပြင်ကိုလိုက်ကာ      အနည်းငယ်မျှသာ ကွာခြားပါသည်။   ကမ္ဘာပေါ်တွင်   တွေ့ရများသော ငုံးမျိုးစိတ်များမှာ Common quail (Coturnix coturnix)၊ Japanese  quail (Coturnix japonica)၊ Blue-breasted quail (Coturnix chinensis) နှင့် Rain quail (Coturnix coromandelica) တို့ဖြစ် ကြပါသည်။

 

၎င်းတို့အနက် စီးပွားဖြစ်မွေးမြူရာတွင် မွေးမြူမှုအများဆုံးငုံးမှာ  Japanese  quail   ဖြစ်ပြီး တရုတ်နှင့်   အရှေ့တောင်အာရှနိုင်ငံများတွင် ဥစား ရန်အတွက်  အဓိက  မွေးမြူကြကာ   ဥရောပနှင့် အမေရိကနိုင်ငံများတွင် အသားအတွက် အဓိကထား မွေးမြူကြပါသည်။  မြန်မာနိုင်ငံတွင်မူ  Common quail (Coturnix coturnix)နှင့် Japanese  quail (Coturnix japonica)တို့ကို  ဥနှင့်အသားအတွက် စီးပွားဖြစ်အများဆုံး မွေးမြူကြပါသည်။

 


ထုတ်လုပ်မှုနှင့် စားသုံးမှု


ယခုအခါတွင် တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် ငုံးဥ ပေါင်း ၄၉၀၀၀၀ မက်ထရစ်တန်နှုန်းဖြင့်  အများဆုံး ထုတ်လုပ်လျက်ရှိပြီး  တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာအများစုတွင်  ငုံးဥသည် မပါ မဖြစ်    ပါဝင်လျက်ရှိပါသည်။    ကမ္ဘာ့နာမည်ကြီး ဟင်းလျာများတွင်လည်း  ငုံးဥသည် မပါမဖြစ် ပါဝင် ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာလည်း လွန်စွာနူးညံ့ သောကြောင့် လူကြိုက်များလှပေသည်။ မြန်မာ နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဋ္ဌမမြောက် ငုံးဥအများ ဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ငုံးဥ ပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့် ထုတ်လုပ်လျက်ရှိ ပါသည်။ တစ်နိုင်ငံလုံး၏ ၆၀  ရာခိုင်နှုန်းသော ငုံးဥ များသည်  ငုံးမွေးမြူရေး  အများဆုံးလုပ်ကိုင်သော မြန်မာနိုင်ငံအလယ်ပိုင်းရှိ မုံရွာမြို့မှ ထွက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ငုံးဥကို  သရေစာအဖြစ် စားသုံးခြင်း၊ ဟင်းချက်ရာတွင် ထည့်ခြင်းများ ပြုလုပ်ပြီး ငုံးကင် နှင့်   ငုံးကြော်မှာလည်း   မြန်မာလူမျိုးများအကြိုက် အစားအစာများ ဖြစ်ပေသည်။

 


ငုံးဥနှင့်  ငုံးသားတို့၏ အာဟာရဓာတ်များနှင့် 
အကျိုးကျေးဇူးများ


ငုံးဥတွင်  အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် B1 နှင့် B2၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့်  အခြားသတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်ပေသည်။ ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ်  ၂၅  ဂရမ်၊  အဆီဓာတ် ၁၄ ဂရမ်၊ ကယ်လိုရီဓာတ် ၂၂၇ တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နှင့်    သကြားဓာတ်များ    မပါဝင်ပါ။ ထို့ပြင်  သံဓာတ်၊  ဇင့်ဓာတ်၊  ဗီတာမင် B3 နှင့် B6 များ ကြွယ်ဝစွာ ပါဝင်ပေသည်။ ငုံးဥစားသုံးခြင်းဖြင့် ခုခံစွမ်းအား ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဉ်ကို        တိုးတက်စေခြင်း၊ အမြင်အာရုံ  ကောင်းမွန်စေခြင်း၊  အရိုးအဆစ်များ သန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာစေခြင်း၊ စိတ်ဖိစီးမှုကို   သက်သာစေခြင်း၊    သွေးအားနည်း ရောဂါကို    သက်သာစေခြင်း   အစရှိသည့်အကျိုး ကျေးဇူးများစွာ ရရှိစေပါသည်။

 


စနစ်တကျ ငုံးမွေးမြူနည်း


ငုံးမွေးမြူရာတွင်  ပထမဆုံးအနေဖြင့်  မျိုးရွေး ချယ်ရပါမည်။   မျိုးရွေးချယ်ရာ၌   ကြီးထွားနှုန်း ကောင်းမွန်သော၊     ဥဥနှုန်း        ကောင်းမွန်သော၊ ပတ်ဝန်းကျင်ရေမြေရာသီဥတုနှင့် ကိုက်ညီသောမျိုး များကို ရွေးချယ်မွေးမြူသင့်ပါသည်။ ငုံးများသည် အသက်  ခြောက်ပတ်သားအရွယ်တွင်  ဥဥခြင်း စတင်ပြီး တစ်နေ့ တစ်လုံး ဥလေ့ရှိပါသည်။ ငုံးများ သည် အသက် လေးပတ်သားအရွယ်ထိ အနွေးဓာတ် ပေးရန် လိုအပ်သောကြောင့် တစ်ပတ်သားအရွယ် ငုံးများကို ရွေးချယ်မွေးမြူမည်ဆိုပါက အနွေးဓာတ်ပေး ကာ   ပြုစုစောင့်ရှောက်ရပါမည်။   ဥထုတ်လုပ်မှု ဆောလျင်စွာရလိုပါက        အသက်လေးပတ်သား အရွယ်ငုံးများကို    ရွေးချယ်မွေးမြူသင့်ပါသည်။ ထို့ကြောင့် ငုံးတစ်ကောင်သည် နှစ်လမှ ရှစ်လအထိ ဥဥနှုန်းကောင်းမွန်ပြီး    နောက်ပိုင်းတွင်    ဥနှုန်း ကျဆင်းသွားလေ့ရှိပါသည်။ ဥဥနှုန်း  ကျဆင်းသွား သော   ငုံးများကိုလည်း   အသားစားသုံးရန်အတွက် ပြန်လည်ရောင်းချနိုင်ပါသည်။

 


ငုံးထီးများ၏  ထင်ရှားသည့် သွင်ပြင်လက္ခဏာ မှာ နှုတ်သီးအနည်းငယ် ရှည်ထွက်နေပြီး လည်ပင်း မှာ အနီရောင်သန်းကာ  ကျောဘက်တွင်  အမည်း ပြောက်များရှိပါသည်။ ငုံးမများသည် ငုံးထီးများထက် အရောင်ပိုဖျော့၍    လည်ပင်းတွင်   ဘယက်ကဲ့သို့ အပြောက်များပါသည်။ ငုံးထီးများသည် ငုံးမများထက် မြည်တွန်သံ ပိုကျယ်သည်။  

 


မျိုးငုံးများ မွေးမြူမည်ဆိုပါက  အထီးအမ  အချိုး ၁:၅ ခန့် ထားရှိသင့်ပါသည်။ မျိုးငုံးဥများကို စက်နှင့် သားဖောက်ပါက  ၁၈ ရက်အကြာတွင် အကောင် ပေါက်လာနိုင်ပါသည်။      ငုံးစတင်မွေးမြူသူများ အတွက်   ဆောင်ရွက်ရမည့်    နည်းလမ်းအချို့ကို ဖော်ပြအပ်ပါသည်-


    ခြံတည်ဆောက်ပုံ


                လှောင်အိမ်ကို ဒေသထွက်သစ်၊ ဝါး တို့ဖြင့်လည်းကောင်း၊       သံဆန်ခါကို အသုံးပြု၍ လည်းကောင်း တည်ဆောက် နိုင်ပါသည်။ အလျား  လေးပေ၊ အနံ သုံး ပေ၊ အမြင့်  နှစ်ပေရှိ    လှောင်အိမ်တွင် ငုံးကောင်ရေ   ၅၀   မွေးမြူနိုင်ပါသည်။ ခြံကို  လေဝင်လေထွက် ကောင်းမွန်သော နေရာတွင်   ရွေးချယ်ပြီး မွေးမြူရပါမည်။   ဥဥနေသော   ငုံးမများကို  တစ်ရက်လျှင် အလင်းရောင်   ၁၆  နာရီ ရရှိအောင် ဆောင်ရွက်ထားပေးသင့်ပါသည်။

 


    အစာကျွေးမွေးမှုစနစ်


                ငုံးများကို           အစာကျွေးမွေးရာ၌ စနစ်တကျ         ရောစပ်ကျွေးမွေးပါက အာဟာရဖြစ်ထွန်းပြီး   ဥဥနှုန်း  မြင့်မား လာပါမည်။  ပြောင်း၊  ဆန်ကွဲ၊  ပဲဖတ်၊ နှမ်းဖတ်နှင့်    ငါးမှုန့်တို့သည်   ငုံးများ အတွက်   အာဟာရဓာတ်  ကြွယ်ဝသော အဓိကအစာများဖြစ်သည်။ သတ္တုဓာတ် များနှင့် ဗီတာမင်များကလည်း မပါမဖြစ် အရေးပါလှပေသည်။    ဗီတာမင်ဓာတ် ချို့တဲ့ပါက ဥဥနှုန်း  ကျဆင်းကာ  ဥ သက်တမ်းလည်း တိုတောင်းလာပါသည်။ ငုံးအစာတွင် ပရိုတင်းဓာတ် ၂၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၅ ရာခိုင်နှုန်း   အချိုးညီညီ   ပါဝင်ရပါမည်။ ငုံးမွေးမြူရာတွင်    ရေသည်   အစာကို ကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရာတွင်  အထောက်အကူပြုသော ကြောင့် ၂၄ နာရီ ရေအမြဲရရှိရန် လိုအပ် ပါသည်။  

 

  
ငုံးတစ်ကောင်၏ တစ်ရက်ပျမ်းမျှအစာစားနှုန်း


    လေးပတ်သား     -     ၁၅ ဂရမ် (၀ ဒသမ 
                ၉ ကျပ်သား)
    ငါးပတ်သား     -     ၁၅ ဂရမ် (၀ ဒသမ 
                ၉ ကျပ်သား)
    ခြောက်ပတ်သား -     ၁၈ ဂရမ် (၁ ဒသမ 
                ၁ ကျပ်သား)
    ခုနစ်ပတ်သား     -     ၂၁ ဂရမ် (၁ ဒသမ  
                ၂ ကျပ်သား)
    ရှစ်ပတ်သား     -     ၂၄ ဂရမ် (၁ ဒသမ  
                ၄ ကျပ်သား)  


ကျန်းမာရေးစောင့်ရှောက်မှု
                ငုံးများကို မွေးမြူရာတွင် ပုံမှန်သန်ချ ဆေး ပေးရန် လိုအပ်ပါသည်။ ငုံးများတွင် 
        ချေးဖြူရောဂါ၊     လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများ ဖြစ်ပွားတတ်သဖြင့်   ကြိုတင်ကာကွယ် ထားရန်   လိုအပ်ပါသည်။   ဝမ်းရောဂါ ဖြစ်ပွားပါက   ရုတ်တရက်   သေဆုံးနိုင် သဖြင့်    အစာနှင့်ရေတွင် ဆေးထည့် ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။

 


အဘက်ဘက်မှ အသုံးဝင်သော မွေးမြူရေးလုပ်ငန်း


ငုံးမွေးမြူရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အာဟာရပြည့်ဝသော အသား၊ ဥများ ရရှိသည့်အပြင် ငုံးချေးများကိုလည်း သဘာဝ မြေဩဇာအဖြစ်           အသုံးပြုနိုင်သောကြောင့် အဘက်ဘက်မှ အသုံးဝင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ ငုံးကို  ဒေသအလိုက်  စနစ်တကျ မွေးမြူ၍ ငုံးဥ/ငုံးသားများ  ထုတ်လုပ်ခြင်းအားဖြင့် ဒေသနေပြည်သူလူထုအတွက်   အာဟာရပြည့်ဝ စေပြီး ဒေသစားနပ်ရိက္ခာဖူလုံရေးနှင့် စီးပွားရေးကို အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ မွေးမြူသူ တောင်သူများအတွက်လည်း        မိသားစုဝင်ငွေ တိုးတက်စေကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။       ။