အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ပြုလုပ်လျက်ရှိသည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က ဒုတိယအကြိမ်မြောက် လျှောက်လဲ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၅

 


ဂမ်ဘီယာနိုင်ငံသည်  မြန်မာနိုင်ငံကို    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌  ၁၉၄၈ ခုနှစ်  လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက် သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်သည့်   ကနဦး ကန့်ကွက်လွှာကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲ မှုကို ၂၅-၂-၂၀၂၂   ရက်နေ့က ပြုလုပ်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ  ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်   ဒေါက်တာသီတာ ဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်း ကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့   တက်ရောက်ခဲ့ ပါသည်။

 


မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်လျှောက်လဲမှုတွင်    မြန်မာနိုင်ငံ ကိုယ်စားပြု  နိုင်ငံတကာရှေ့နေများဖြစ်ကြသော Dr. Christopher Staker၊ Professor Stefan Talmon နှင့် Professor Robert Kolb တို့က မြန်မာနိုင်ငံက တင်သွင်းခဲ့သည့်  ကနဦးကန့်ကွက်ချက်များနှင့် ပတ်သက်၍ ဂမ်ဘီယာနိုင်ငံ၏  ပထမအကြိမ် လျှောက်လဲမှုများအပေါ် တရားရုံးသို့ တုံ့ပြန်ချေပ ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ ကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က နိဂုံးချုပ်မိန့်ခွန်းပြောကြား ခဲ့ပါသည်။ အဆိုပါ နိဂုံးချုပ်မိန့်ခွန်းတွင် ပြည်ထောင်စု ဝန်ကြီးက ဂမ်ဘီယာနိုင်ငံဘက်မှ ပြောကြားခဲ့သော အချက်အလက်ပိုင်းဆိုင်ရာနှင့်   နိုင်ငံရေးဆိုင်ရာ စွပ်စွဲပြောဆိုချက်များသည်  ကနဦး ကန့်ကွက်လွှာ အဆင့်တွင် ပြောဆိုရန်   သင့်လျော်ဆီလျော်မှုမရှိ ကြောင်း၊ ယခုအချိန်သည်   မှန်ကန်သည့်အချိန်နှင့် နေရာမဟုတ်သည့်အတွက် အဆိုပါစွပ်စွဲမှုများကို မြန်မာနိုင်ငံအနေဖြင့် ပြန်လည်တုံ့ပြန်မည်မဟုတ် ကြောင်း၊ အဆိုပါစွပ်စွဲမှုများသည် တရားရုံးမှ တရား စွဲဆိုပိုင်ခွင့်ရှိ မရှိ မဆုံးဖြတ်မီ မြန်မာအစိုးရအား ပြစ်မှု ကျူးလွန်သူများအဖြစ်ယူဆစေရန် တရားသူကြီးများ နှင့် အများပြည်သူကို သွေးဆောင်ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် နားလည်ကြောင်း၊   ဂမ်ဘီယာနိုင်ငံ ကိုယ်စားပြုရှေ့နေများက      တရားရုံးအနေဖြင့် ကြားဖြတ်စီမံဆောင်ရွက်ချက်များဆိုင်ရာ ဆုံးဖြတ် ချက်တွင် မြန်မာနိုင်ငံ၏    ကန့်ကွက်ချက်များကို ငြင်းပယ်ပြီးဖြစ်သဖြင့် ယခုတင်သွင်းသည့် ကနဦး ကန့်ကွက်ချက်များကို  အလေးအနက်စဉ်းစားရန် မလိုဟု အကြံပြုနေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး   ဆုံးဖြတ်ချက်အပိုဒ် (၈၅)အရ မိမိတို့ရပိုင်ခွင့်အား အသုံးချ၍   ကနဦး ကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကနဦးကန့်ကွက်လွှာအဆင့်တွင်ပင် စွပ်စွဲထားသည့် ပြစ်မှုများနှင့် ပတ်သက်၍ ကြိုတင်ဆုံးဖြတ်ခြင်းမျိုး မပြုသင့်ကြောင်း၊ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက ယခု ကြားနာပွဲကို အသုံးပြု၍ ထိုကဲ့သို့စွပ်စွဲမှုများ ပြုလုပ် ခဲ့၍ မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေဖြင့် လုံးဝတုံ့ပြန် ခြင်းမပြုဘဲ ဆိတ်ဆိတ်နေ၍မရပါကြောင်း၊ မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီး ရန်နှင့် ပြစ်ဒဏ်ပေးရန်    နိုင်ငံတကာသဘောတူ စာချုပ်ကိုလိုက်နာရန်     သန္နိဋ္ဌာန်ချမှတ်ထားပြီး ဖြစ်ကာ ယင်းသဘောတူညီချက်နှင့်အညီ  ရာဇသတ် ကြီးကို ပြင်ဆင်သည့် ဥပဒေနှင့်  ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊  ကြားဖြတ်စီမံဆောင်ရွက်ချက်များအရ လိုက်နာဆောင်ရွက်ရမည်များကိုလည်း အကောင် အထည်ဖော်လျက်ရှိကြောင်း၊ မြေပြင်အခြေအနေ များ ပိုမိုကောင်းမွန်လာစေရန်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက် ၍ ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံအား တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ တရား ရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း (သို့မဟုတ်/ နှင့်) ဂမ်ဘီယာနိုင်ငံအနေဖြင့်    တရားစွဲဆိုပိုင်ခွင့်မရှိ ကြောင်း တရားရုံးက ဆုံးဖြတ်ပေးရန်   အပြည်ပြည် ဆိုင်ရာတရားရုံးသို့ တင်ပြခဲ့ပါသည်။

 


ဂမ်ဘီယာနိုင်ငံ၏ ဒုတိယအကြိမ် လျှောက်လဲမှု ကို ၂၈-၂-၂၀၂၂ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။                          

သတင်းစဉ်