
နေပြည်တော် မေ ၁၈
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမျိုးသားပြတိုက်(နေပြည်တော်) Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး(ယဉ်ကျေးမှု) ဒေါက်တာ မိုးဇော်ထွန်းက ယခုနှစ် ၂၀၂၂ ခုနှစ် အပြည်ပြည် ဆိုင်ရာ ပြတိုက်များနေ့၏ ဆောင်ပုဒ်အဖြစ် ပြတိုက် များ၏ စွမ်းအားကို အသိအမှတ်ပြုသည့်အနေဖြင့် The Power of Museums “လူ့ဘောင် လောက တိုးတက်ဖို့၊ ပြတိုက်စွမ်းအားဖြင့် မြှင့်တင်စို့” ဟု သတ်မှတ်ထားကြောင်း၊ လူ့ဘောင်လောကကြီး တစ်ခုလုံး သာယာလှပစေရန်နှင့် တိုးတက်မှုများ ရရှိစေရန်အတွက်သာမက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ၉ ရပ်တွင် ပါဝင်သည့် လူမှုရေးဦးတည်ချက် ၃ ရပ်အနက် ဒုတိယအချက် ဖြစ်သည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက် ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် အချက်ကို ပြတိုက်များ၏ စွမ်းအားဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ကြရာ၌ ပြတိုက်ပညာရှင် များနှင့် ပြတိုက်ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ပြော ကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဦးလွင်က အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာတမ်းဖတ်ပွဲအား ဆက်လက် ပြုလုပ်ရာ စာတမ်းရှင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကလျာချောစုက “သမားရိုးကျပြတိုက်နှင့် ဒေသသဘာဝ အခြေခံပြတိုက်များအား ရှုမြင် လေ့လာသုံးသပ်ခြင်း ” စာတမ်း၊ ဦးစီးအရာရှိ ဒေါ်အိဇင်သူက “ Museum Inter- pretation” စာတမ်းနှင့် ဦးစီးအရာရှိ ဒေါ်မှူးစန္ဒြာခင်က “ ပြတိုက်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ” စာတမ်း စုစုပေါင်း သုံးစောင်ကို ဖတ်ကြားတင်သွင်းခဲ့ပါသည်။ အခမ်းအနားတွင် သဘာပတိအဖြစ် ဦးရဲမြတ်အောင်၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန် ကြီးဌာနက ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြ သူများ၏ ဆွေးနွေးမေးမြန်းချက်များအပေါ် စာတမ်း ရှင်များက ပြန်လည်ဖြေကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါက်တာ မိုးဇော်ထွန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ပြီး သဘာပတိနှင့် စာတမ်းရှင်များအား ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ယနေ့ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက် များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်စစ်သမိုင်း ပြတိုက်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်တို့မှ တာဝန်ရှိသူများ၊ အမျိုးသားပြတိုက် (နေပြည်တော်)မှ အရာထမ်း၊ အမှုထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ပြတိုက်များအားလုံးနှင့် အခြားသော ICOM Myanmar အဖွဲ့ဝင်ပြတိုက်များကလည်း အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်