အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ကျင်းပပြုလုပ်ခဲ့သည့် ကနဦးကြိုတင်ကန့်ကွက်ခြင်း ကြားနာပွဲသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ် ၂ / ၂၀၂၂ 
၁၃၈၃ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်
(၂၀၂၂ ခုနှစ်၊ မတ်လ ၆ ရက် )

 


အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) တွင် ကျင်းပပြုလုပ်ခဲ့သည့် ကနဦးကြိုတင်ကန့်ကွက်ခြင်း 
ကြားနာပွဲသို့ တက်ရောက်ခဲ့သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း  

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) တွင် ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (the Organization of Islamic Cooperation- OIC) ကိုယ်စား ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the crime of Genocide) ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားသည့်ကိစ္စနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊  သည်ဟိဂ်မြို့ရှိ  အပြည်ပြည်ဆိုင်ရာတရားရုံးတွင်    ၂၀၂၂   ခုနှစ်၊  ဖေဖော်ဝါရီလ  ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သော ကနဦးကန့်ကွက်လွှာကြားနာပွဲသို့ မြန်မာနိုင်ငံကိုယ်စားလှယ် (Agent)   ဖြစ်သူ  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်    အလှည့်ကျကိုယ်စားလှယ်   (Alternate   Agent)   ဖြစ်သူ    ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ဝင်များ၊ နိုင်ငံတကာရှေ့နေများနှင့် ဥပဒေကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပါသည်။

 


ယင်းသို့ တက်ရောက်ရာတွင် ဂမ်ဘီယာနိုင်ငံမှ တင်သွင်းသည့်အမှုအပေါ် တရားရုံးက စီရင်ပိုင်ခွင့် မရှိကြောင်းနှင့် တရားစွဲဆိုပိုင်ခွင့်မရှိကြောင်းကို မြန်မာကိုယ်စားလှယ် (Agent) ဖြစ်သူ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် နိုင်ငံတကာရှေ့နေများ ဖြစ်သော Dr. Christopher Staker ၊ Professor Stefan Talmon ၊ Professor Robert Kolb တို့က ဥပဒေရှုထောင့်မှ ထိရောက်စွာ ချေပပြောဆိုရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ဥပဒေကြောင်းမှ  အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာကိုယ်စားလှယ် အဖွဲ့အတွက် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသူများအားလုံးနှင့် စေတနာရှင်များ၊ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံခဲ့ကြသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည့် ရဟန်းရှင်လူပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ အားလုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

 


အလားတူ မြန်မာနိုင်ငံကိုယ်စားပြုနိုင်ငံတကာရှေ့နေများ ဖြစ်ကြသော Dr. Christopher Staker ၊ Professor Stefan Talmon ၊ Professor Robert Kolb တို့ကိုလည်း အမှုတွင် ပညာရှင်ပီသစွာ စိတ်ရော ကိုယ်ပါ စွမ်းစွမ်းတမံ ခုခံချေပပေးခဲ့သည့်အတွက်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။