
နေပြည်တော် ဇွန် ၂၂
၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် အသိပညာပေးဟောပြော ပွဲပြုလုပ်ခြင်း၊ နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို နေပြည်တော် လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ အခြေခံ ပညာကျောင်းများတွင် ဇွန် ၁၆ ရက်မှ စတင်၍ ကျင်းပလျက် ရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးအစီ အစဉ်များတွင် မူးယစ်ဆေးဝါး ကြောင့် ဖြစ်ပေါ်သည့် ထိခိုက် ဆုံးရှုံးမှုများ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပြစ်မှုဆိုင်ရာ ဥပဒေများ၊ မူးယစ်ဆေးဖြတ်ပြီး သူများအား ပြန်လည်ထူထောင် ရေးလုပ်ငန်း ဆောင်ရွက်မှုများ စသည်တို့ကို သက်ဆိုင်ရာဌာနများ က အသိပညာပေး ဟောပြောခဲ့ကြ ပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေး နံရံကပ်စာစောင်များ ပြသ ခြင်း၊ မူးယစ်ဆေးဝါးအသိပညာ ပေးဆိုင်ရာ ကာတွန်းများပြသ ခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေ သည့် အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြ သည်။ ထိုသို့ ဆောင်ရွက်ရာ တွင် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့ ပျော်ရွှင်စေရေး အတွက် ရုပ်ရှင်အနုပညာရှင်များ ဖြစ်ကြသည့် အကယ်ဒမီ အုန်းသီး၊ ဒိန်းဒေါင်နှင့် အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးအစီ အစဉ်များကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ ပြည်သူ များအား ပညာပေးလှုံ့ဆော်ရေး အဖွဲ့က စီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်များ အား စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြပြီး ဖျော်ဖြေရေးအစီ အစဉ်များအား ပျော်ရွှင်စွာ ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်