အပင်ထွက် သဘာဝပိုးသတ်ဆေးနည်းများ

 

ကိုကျော်စွာ (ကျိုက်ပိ)
 

စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး  ဟင်းသီးဟင်းရွက်နှင့် အသီးအနှံပင်များကို စိုက်ပျိုးရာတွင် အဓိကအန္တရာယ်တစ်ခုမှာ ဖျက်ပိုးများဖြစ်သည်။ ယနေ့ခေတ်တွင် ထိုဖျက်ပိုးများကို နှိမ်နင်းရန် ဓာတု ပိုးသတ်ဆေးအမျိုးမျိုးကို အသုံးပြုလာကြသည်။ ဓာတုပိုးသတ်ဆေးသုံးခြင်းသည် လူတို့အတွက် အန္တရာယ် ဖြစ်စေသည်။ သို့ဖြစ်၍ ကျန်းမာရေးအတွက်လည်း   ကောင်းမွန်စေသော   အပင်ထွက်ပိုးသတ်ဆေးများ ထုတ်လုပ်ပုံကို လက်လှမ်းမီသလောက် ရေးသားတင်ပြလိုပါသည်။ 
ချင်း(ဂျင်း)ပိုးသတ်ဆေး
ချင်းသည်   စူးရှသောရနံ့ရှိသည့်   ဟင်းခတ်အမွှေး အကြိုင်တစ်မျိုးဖြစ်ကာ ချင်းတက်ကို    အင်းဆက်ပိုး များကိုနှိမ်နင်းသည့်  ပိုးသတ်ဆေးအဖြစ်   ပြုလုပ် အသုံးပြုနိုင်သည်။ ချင်းတက်ပိုးသတ်ဆေးပြုလုပ်ရာ တွင်  ချင်းတက် ၂၀ ကျပ်သား၊ ငရုတ်သီးအမှည့် ၃၀ ကျပ်သား၊ ကြက်သွန်ဖြူ ၃၀ ကျပ်သား၊     ရေနံဆီ ထမင်းစားဇွန်း ၁၃ ဇွန်း၊ ရေခြောက်ဂါလန် လိုအပ် သည်။ ချင်းတက်ပိုးသတ်ဆေးပြုလုပ်ရန်    လိုအပ် သောပစ္စည်းများမှာ ရှားပါးပစ္စည်းများမဟုတ်သည့် အတွက် အလွယ်တကူ ပြုလုပ်နိုင်သည်။  
ပြုလုပ်နည်းမှာ    ကြက်သွန်ဖြူ  ၃၀ ကျပ်သားကို ထုထောင်းကာ ရေနံဆီ ၁၃ ဇွန်းဖြင့် သမအောင်မွှေ၍ တစ်ညအိပ်စိမ်ထားပါ။ ငရုတ်သီး ၃၀ ကျပ်သား ကို လည်း ရေထမင်းစားဇွန်း ခုနစ်ဇွန်းဖြင့် ရောမွှေပါ။ ချင်း ၂၀ ကျပ်သားကို ထောင်း၍  ရေတစ်ပုလင်းဖြင့် ရောမွှေပါ။ ထို့နောက်  ရေခြောက်ဂါလန်ထဲသို့   အားလုံးထည့်ကာ   သမအောင်မွေပြီး  ပိတ်စဖြင့်  အရည်စစ်၍  ထိုအရည်ကို   ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်သည်။     ချင်းတက်ပိုးသတ်ဆေးဖြင့် နှိမ်နင်းနိုင်သောပိုးများမှာ  သီးလုံးဖောက်ပိုး၊       ပျပိုး၊ လှေးပိုးနှင့် ယင်ဖြူပိုးတို့ဖြစ်သည်။ ချင်းတက်ပိုးသတ် ဆေးသည် စပါးရွက်ညိုရောဂါနှင့် သရက်မှဲ့ပြောက် စွန်းရောဂါတို့ကိုလည်း ကာကွယ်ပေးကြောင်း    သိရ သည်။
တမာပိုးသတ်ဆေး
တမာပင်သည်  စာရေးသူတို့နိုင်ငံ၌    ဒေသမရွေး ပေါက်ရောက်သောအပင်ဖြစ်သည်။ အညာဒေသတွင်  ပို၍ အများအပြားတွေ့ရသည်။ တမာပင်၌ ပိုးသတ် ဆေးအာနိသင်ရှိကြောင်းကို ၁၉၅၆ ခုနှစ်က ဂျာမန် စိုက်ပျိုးရေးပညာရှင် “ဆူဒန်”က  စတင်တွေ့ရှိခဲ့ သည်ဟု ဆိုပါသည်။  တမာပင်တွင်  အင်းဆက်ပိုးများ ကို သေစေနိုင်သော အေဇာဒီရာ့တင်(Azadirachtin)ဟုခေါ်သည့် ဓာတ်ပစ္စည်းတစ်မျိုးပါဝင်ကြောင်း  သိရ သည်။
တမာပင်သာမက တမာစေ့မှလည်း ပိုးသတ်ဆေး ထုတ်လုပ်နိုင်ပြီး ပြုလုပ်နည်းတွင် တမာစေ့တစ်ကျပ် ခွဲသား၊ ရေတစ်လီတာ လိုအပ်ပါသည်။      စိုက်ခင်း ဧရိယာအပေါ်မူတည်၍ ပါဝင်ပစ္စည်းအချိုးအစား အနည်းအများ ရှိနိုင်ပါသည်။ တမာစေ့တစ်ကျပ်ခွဲသား ကို   ထုထောင်း၍   ရေတစ်လီတာဖြင့်    တစ်ညအိပ် စိမ်ထားပြီး ပိတ်စိမ်းပါးဖြင့် ရေစစ်ယူကာ  ထိုရေကို ဆပ်ပြာရည်လက်ဖက်စားဇွန်းတစ်ဇွန်းရော၍ အသုံး ပြုနိုင်သည်။ တမာစေ့ပိုးသတ်ဆေးသည် ဂေါ်ဖီထုပ် တွင် ကျရောက်သောပိုးများနှင့် ဥမျှင်ရှည်နှံကောင်များ ကို နှိမ်နင်းနိုင်သည်။
နနွင်းပိုးသတ်ဆေး
နနွင်းသည်   မီးဖိုချောင်သုံး   ဟင်းခတ်တစ်မျိုး ဖြစ်ပြီး ဆေးဖက်ဝင်အပင်တစ်မျိုးလည်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများတွင်       အများအပြား စိုက်ပျိုးပြီး နနွင်း၏အစွမ်းသတ္တိမှာ ဆေးဘက်တွင်
အသုံးဝင်သလို    သီးနှံဖျက်ပိုးများကိုလည်း    နှိမ်နင်း ပေးနိုင်စွမ်းရှိသည်။ နနွင်းတက်များကိုအခြောက်ခံ၍ အမှုန့်ပြုကာ   နွားကျင်ငယ်ရည်    (၁ အချိုး ၂ ) သို့မဟုတ် ( ၁ အချိုး ၆ )ရောစပ်ပြီး ဖျန်းပေးခြင်းအား ဖြင့် ခူကောင်များကို နှိမ်နင်းပေးနိုင်သည်။   ထို့ပြင် လျှော်ကြိုးကို နနွင်းနှစ်ထဲတွင်စိမ်၍ စိုက်ခင်းများ ပေါ်တွင် ကြိုးတန်းပေးခြင်းအားဖြင့်လည်း  ဖျက်ပိုး များကို တွန်းလှန်သည့် အာနိသင်ရှိကြောင်း သိရ သည်။
ထို့ပြင်   နနွင်းမှုန့်ကို  Acetone နှင့်    ဖျော်စပ်ပြီး ဖျော်ရည်တစ်ဆ ရေငါးဆရော၍     ဖျန်းပေးခြင်းဖြင့် လည်း ငမြှောင်တောင်ပိုးများကို ရာနှုန်းပြည့်နှိမ်နင်း ပေးနိုင်ကြောင်း ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထား သည်ကို တွေ့ရသည်။
ကြောင်ပန်းပင်ပိုးသတ်ဆေး
ကြောင်ပန်းပင်ကို  မြန်မာနိုင်ငံ  ကျေးလက်ဒေသ များတွင် အများအပြားတွေ့ရတတ်ပြီး  အပင်သည် အမြင့်ပေခြောက်ပေမှ ၁၅ ပေအထိရှိတတ်ကာ အပွင့် အရောင်အသွေးမှာ ဖြူ နီ ပြာ စသည်ဖြင့်  အမျိုးမျိုး ရှိကြောင်း   ဆေးကျမ်းများ၌   ဖော်ပြထားသည်။ ကြောင်ပန်းပင်   ပိုးသတ်ဆေး   ပြုလုပ်နည်းမှာ ကြောင်ပန်းရွက် ၁၂၀ ကျပ်သား၊ ရေခြောက်ပုလင်း၊ ဆပ်ပြာရည် ထမင်းစားဇွန်းနှစ်ဇွန်းတို့ လိုအပ်ပြီး  ကြောင်ပန်းရွက်ကိုထောင်း၍  ရေခြောက်ပုလင်းဖြင့် ရောကာ တစ်ညအိပ်ထားရသည်။ တစ်ညအိပ်ပြီး နောက် မီးပြင်းဖြင့် မိနစ် ၃၀ ခန့် အပူပေးပါ။ ထို့နောက် ပိတ်စိမ်းစဖြင့် အရည်စစ်ယူကာ ထိုစစ်ယူထားသော အရည်ကို ရေနှစ်ဂါလန်ထပ်ရောပြီး ဆပ်ပြာနှစ်ဇွန်း ဖြင့် ထပ်ရောကာ အသုံးပြုနိုင်သည်။
ကြောင်ပန်းပိုးသတ်ဆေးသည်    ဥသေဆေး၊ ဗက်တီးရီးယားပိုးသတ်ဆေးနှင့်    ထိသေဆေးအဖြစ် အသုံးပြုနိုင်သော အစွမ်းရှိသည်။ ကြက်ဆူခူကောင်၊ ဖျက်ပိုး၊ ခူမွှေးရှည်၊ စပါးပင်စည်ထိုးပိုး၊ ဆန်စေ့ထိုးပိုး၊ ပဲစေ့ထိုးပိုးနှင့် ပြောင်းစေ့ထိုးပိုးတို့ကို နှိမ်နင်းနိုင် ကြောင်း သိရသည်။
ငရုတ်ပိုးသတ်ဆေး
ငရုတ်ပိုးသတ်ဆေးသည်လည်း     အလွယ်တကူ ပြုလုပ်သုံးစွဲနိုင်သော ပိုးသတ်ဆေးတစ်မျိုးဖြစ်သည်။ ငရုတ်သီးပိုးသတ်ဆေးပြုလုပ်ရာတွင် ငရုတ်သီးအစို သို့မဟုတ် ငရုတ်သီးအခြောက် မိမိနှစ်သက်ရာတစ်မျိုး ဖြင့် ပြုလုပ်နိုင်သည်။ ပြုလုပ်နည်းမှာ ငရုတ်သီးစို သို့မဟုတ် အခြောက်ကို မိနစ် ၂၀ ခန့် ရေနွေးဖြင့် ဆူအောင်ပြုတ်ပါ။ ထို့နောက် ငရုတ်သီးပြုတ်ရည်ကို အအေးခံ၍  ပိတ်စိမ်းပါးဖြင့်စစ်ကာ အသုံးပြုနိုင်သည်။ ငရုတ်သီးပိုးသတ်ဆေးရည်ဖြင့် ပုရွက်ဆိတ်၊ ပေါက်ဖတ်၊ ပိုးတုံးလုံးအပါအဝင်      အခြားသော     သီးနှံဖျက် အင်းဆက်ပိုးများကို နှိမ်နင်းနိုင်သည်။
ဆေးရွက်ကြီးပိုးသတ်ဆေး
ကွမ်းစားရာတွင်လည်းကောင်း၊ စီးကရက်နှင့်ဆေးပေါ့လိပ်များတွင်လည်းကောင်း    ထည့်သွင်း အသုံးပြုသည့်  ဆေးရွက်ကြီးသည်  လူတို့အတွက်  ရောဂါအမျိုးမျိုးကို  ဖြစ်စေသော်လည်း  အသုံးပြု တတ်ပါက ပိုးသတ်ဆေးအဖြစ် အကျိုးပြုနိုင်သည်။ မြန်မာနိုင်ငံ၌ ဆေးရွက်ကြီးကို  နုန်းတင်မြေနုကျွန်း များတွင် အများအပြား   စိုက်ပျိုးကြပြီး  ဆေးရွက်ကြီး ပိုးသတ်ဆေးပြုလုပ်ရန် ဆေးရွက်ကြီး အရိုးနှင့်အရွက် ၆၀ ကျပ်သား၊ ရေ ၁၅ ပုလင်းနှင့် ဆပ်ပြာအနည်းငယ် လိုအပ်ပါသည်။
ပြုလုပ်နည်းမှာ ဆေးရွက်ကြီး အရိုးနှင့်အရွက် များကို နုပ်နုပ်စဉ်းပြီး ရေ ၁၅ ပုလင်းထည့်၍ ရောမွှေ ကာ ၂၄ နာရီကြာ စိမ်ထားရပါမည်။ ထို့နောက် အရည် များကို ပိတ်စိမ်းပါးဖြင့်စစ်ကာ ဆပ်ပြာအနည်းငယ် ထည့်ပြီး ဆပ်ပြာပျော်သွားသည်အထိ   မွှေပေးရပါ မည်။ ဆပ်ပြာပျော်သွားပြီဆိုလျှင် ချက်ချင်း အသုံးပြု ပေးရပါမည်။    ဆေးရွက်ကြီး   ပိုးသတ်ဆေးသည် ထိရောက်သောအစွမ်းရှိပြီး      ဂေါ်ဖီထုပ်စားပိုး၊ ခူကောင်များ၊ ကျိုင်းကောင်များ၊ ရွက်ထွင်းပိုးနှင့် ပင်စည်ထိုးပိုးများကို နှိမ်နင်းပေးနိုင်သလို  အာလူးမှို ရောဂါနှင့်   ဗိုင်းရပ်စ်ရွက်တွန့်ရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။     ။