
အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အမျိုးသားညီညွတ်ရေးကိုခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ကာ ငြိမ်းချမ်းသာယာဝပြောသည့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူ့အင်အားဖြင့် မလွဲမသွေ တည်ဆောက်နိုင်မည်ဟု ယုံကြည်
=============================================================================================================================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က
(၄၆)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့
ပေးပို့သည့်သဝဏ်လွှာ
၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
ချစ်ကြည်လေးစားအပ်ပါသော ရခိုင်တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျား -
ယနေ့ကျရောက်သည့် (၄၆)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့၊ နေ့ထူးနေ့မြတ် အခါသမယတွင် ရခိုင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ သို့ဖြစ်၍ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးအတွက် ဆန္ဒခံယူပွဲစတင်ကျင်းပခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်မှစတင်၍ ပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၆)ကြိမ်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းရွက်ရချိန်မှစ၍ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ ရခိုင်ပြည်နယ်အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
ပြည်ထောင်စုစီမံကိန်းဖြစ်သည့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီကို ဖွဲ့စည်းကာ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာစေရေးတို့ကိုလည်း လုပ်ငန်းစီမံချက်များချမှတ်ပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစရှိသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်ပေးကာ ဒေသတွင်းစီးပွားရေး လုပ်ငန်းရှင်များအား ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
ရခိုင်ပြည်နယ်အတွင်း မြို့ပြနှင့်ကျေးလက်နေပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ပေးမည့် အရှည် ပေ ၁၃၂၀ ရှိ သံကူကွန်ကရစ်အမျိုးအစား ဂွချောင်းတံတားတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၅၅ ရာခိုင်နှုန်းကျော်မှာ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ကြပြီဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်မှုချောမွေ့ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင်စေရေးအတွက် နိုင်လွန်ကတ္တရာလမ်း ၁.၈ ကီလိုမီတာ၊ ကတ္တရာ ကွန်ကရစ်လမ်း ၅.၄ ကီလိုမီတာ၊ ကွန်ကရစ်လမ်း ၁၅၈.၃၅ ကီလိုမီတာ၊ ကတ္တရာလမ်း ၂၃၅.၀၇ ကီလိုမီတာ၊ ကျောက်ချောလမ်း ၁၆၆.၆၂ ကီလို မီတာ၊ မြေသားလမ်းနှင့် အမာခံလမ်း ၁၇၇.၁၀၉ ကီလိုမီတာ ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။
ဒေသခံပြည်သူများ သောက်သုံးရေဖူလုံရေးအတွက် လျှိုပိတ်ဆည် ၁၅ ခုကို ငွေကျပ်သန်းပေါင်း ၅၆၇၁.၀၀ သန်း အကုန်အကျခံ တည်ဆောက်ပေးခဲ့ပြီး ကျေးရွာပေါင်း ၂၈ ခုရှိ အိမ်ထောင်စု ၁၈၄၅၇ စု၊ လူဦးရေ ၈၄၂၇၉ ဦးကို အကျိုး ပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ရေဘေးကာကွယ်ရေးနှင့် စိုက်ပျိုးမြေအတွင်း ဒီရေဝင်ရောက်မှုမရှိစေရေးတို့အတွက် တာပုံစံကျပြုပြင်ခြင်းလုပ်ငန်းပေါင်း ၉၇ ခုအား ကျပ်သန်းပေါင်း ၁၂၄၂၅.၀၄၇ သန်း ကျခံဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး မြေဧက ၅၈၀၉၀ ဧကကို အကျိုးပြုနိုင်မည်ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်၊ ကျောက်ဖြူခရိုင်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ၁-၁၀-၂၀၁၉ မှ ၃၀-၉-၂၀၂၀ အထိ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့်ရိက္ခာတန်ဖိုး ငွေကျပ် ၃.၇၃၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ပါသည်။ ထို့အပြင် တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံနိုင်ရေးအတွက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြေပုံစသည့် မြို့နယ် ၇ ခု၌ ယာယီခိုလှုံရာ စခန်း ၈ ခုကို ကျပ် ၂.၀၃၇ ဘီလီယံ အကုန်အကျခံ တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါ သည်။ ဆက်လက်ပြီး အမ်းမြို့နယ်၌ ယာယီခိုလှုံရာစခန်း ၁ ခုကို ကျပ် ၂၃၃.၄၅၀ သန်း အကုန်အကျခံ၍ တည်ဆောက်လျက်ရှိပါသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌(COVID-19) ကူးစက်ပြန့်ပွားမှု ကို ရင်ဆိုင်နေရသည့် အချိန်ကာလဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည် လည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာ တွင် မိမိတို့အသိစိတ်နှင့် ကျရာကဏ္ဍအသီးသီးတွင် ပံ့ပိုးကူညီဆောင်ရွက်နေ သူများအားလည်းကောင်း၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကို တိကျစွာလိုက်နာကြသည့် ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအပါအဝင် တစ်နိုင်ငံလုံးရှိ မိဘပြည်သူများအားလည်းကောင်း အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားလိုပါသည်။
ရခိုင်ပြည်နယ်အတွင်း (COVID-19) ကပ်ရောဂါဖြစ်ပွားနေချိန်ကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား ပြည်ထောင်စုမှ အခြေခံစားသောက်ကုန် ပစ္စည်း ၅ မျိုးအပါအဝင် ငွေသားထောက်ပံ့ခြင်းအတွက် ငွေကျပ် ၃၃ ဘီလီယံကျော်နှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာအပါအဝင် ငွေသားထောက်ပံ့ခြင်းအတွက် ငွေကျပ် ၂.၂၉ ဘီလီယံကျော် ထောက်ပံ့ပေးနိုင် ခဲ့ပါသည်။
မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံအစည်းအဝေးများကို လေးကြိမ်တိုင်ကျင်းပခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၀ အလွန်ဆက်လက်လျှောက်လှမ်းမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ သဘောတူညီနိုင်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ လည်း အပြန်အလှန်ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အမျိုးသားညီညွတ် ရေးကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ကာ ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူ့အင်အားဖြင့် မလွဲမသွေတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ထိုသို့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲ သည့် ငြိမ်းချမ်းရေးရရှိရန် အခြေအနေကောင်းများရရှိနေသည့်အချိန်တွင် ယခင် ဆယ်စုနှစ်ပေါင်းများစွာ အေးချမ်းတည်ငြိမ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ တစ်ဖန် ဖြစ်ပွားနေသည်မှာ များစွာစိတ်မကောင်း ဖွယ်ရာဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ဆန်၊ ရေ၊ စပါး၊ သား၊ ငါးနှင့် သယံဇာတများ ပေါများကြွယ်ဝသော်လည်း မြန်မာနိုင်ငံ၏ အခြား တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ ဘက်စုံဖွံ့ဖြိုးရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ပါသည်။ ထိုသို့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များရှိနေဆဲကာလတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာ နှောင့်နှေးရသလို ဒေသခံပြည်သူအချို့မှာ မိမိတို့ဒေသတွင်ပင် ဆက်လက် နေထိုင်ရန်ခက်ခဲသည့်အတွက် စစ်ဘေးရှောင်များဖြစ်နေရသည်မှာလည်း များစွာဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေ သည့် မိမိတို့နိုင်ငံတွင် တိုင်းရင်းသားအားလုံး မိမိတို့လိုလားချက်များကို ရွေးချယ်ခံကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်အသီးသီးတွင် တင်ပြ တောင်းဆိုနိုင်သလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်သည့် နိုင်ငံရေး လမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ပါသည်။ မိမိတို့တိုင်းရင်းသားများ အခွင့်အရေး အတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများ အား အထိခိုက်အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြု သင့်ပါသည်။
လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံ ရေး အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံးအတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရပါသည်။ ယင်းနယ်မြေဒေသများ တည်ငြိမ် အေးချမ်းပြီး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပ နိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများအားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း အထူး မေတ္တာရပ်ခံအပ်ပါသည်။
ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး (COVID-19) ရောဂါကပ် ဘေးမှကင်းဝေး၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်းနှင့် ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အဖွဲ့အစည်းများ သဟဇာတရှိစေရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သာယာလှပသည့် ပြည်နယ် ဖြစ်လာစေရေးနှင့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးတို့တွင် ညီညွတ်သည့် စုပေါင်းအင်အားဖြင့် အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ပါဝင်ဆောင်ရွက်သွားကြပါရန် နေ့ထူးနေ့မြတ်ဖြစ်သည့် ရခိုင်ပြည်နယ်နေ့အခါသမယတွင် ချစ်ကြည်လေးစားစွာ တိုက်တွန်းနှိုးဆော် လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ