လူနှင့်သက်ရှိဇီဝတို့ ရှင်သန်နေထိုင်ရာ ကမ္ဘာကြီး၏ မျက်နှာပြင် ၇၀ ရာခိုင်နှုန်းကို ရေများဖြင့် ဖုံးလွှမ်းထားခြင်းဖြစ်ရာ ရေကမ္ဘာ ကြီးဟုပင် ဆိုနိုင်သည်။ သို့ဆိုစေကာမူ ၉၇ ရာခိုင်နှုန်းသော ရေအများစုသည် ပင်လယ်ရေငန်များဖြစ်ပြီး သောက်နိုင်သုံးနိုင် သော ရေချိုပမာဏမှာမူ ၃ ရာခိုင်နှုန်းမျှသာဖြစ်သည်။ ကမ္ဘာ တစ်ဝန်းတွင်ရှိသော ရေချိုသယံဇာတတို့မှာ အလွန်အကျွံသုံးစွဲ မှု၊ လူ့ပယောဂကြောင့် ညစ်ညမ်းမှုနှင့် ရာသီဥတုပြောင်းလဲမှု တို့ကြောင့် လျော့နည်းရှားပါးလာလျက်ရှိရာ လာမည့် ၂၀၅၀ ပြည့်နှစ်သို့ ရောက်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုပါဝင်သော ကမ္ဘာ့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှ လူဦးရေသန်းပေါင်း ၇၀၀၀ ခန့်(ထိုအချိန် ကာလတွင်ရှိလာမည့် ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်)မှာ ရေရှားပါးမှုအန္တရာယ်ကို ရင်ဆိုင်ကြရနိုင်သည်ဟု ခန့်မှန်းချက် လည်းရှိနေသည်။
မြန်မာနိုင်ငံသည် သဘာဝရေအရင်းအမြစ်ကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း သောက်သုံးရေအခက်အခဲကြုံတွေ့နေရသည့် နေရာဒေသများစွာရှိနေသည်။ ယခုကဲ့သို့ ပူပြင်းခြောက်သွေ့ သည့် နွေကာလတွင် သောက်သုံးရေရှားပါးမှုကြောင့် တောင်ပေါ်၊ မြေပြန့်၊ မြစ်ဝကျွန်းပေါ် စသည်ဖြင့် ဒေသအမျိုးမျိုးတို့တွင် ရေကူ၊ ရေလှူနေရသည်ကို တွေ့ရသည်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင်မူ ရေအလှူပေးရသည့် သတင်းမျိုးမတွေ့ရသော်လည်း ရေပြဿနာရှိနေသည်သာ ဖြစ်သည်။ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ယူနီဆက်ဖ်တို့ ပူးတွဲလေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံတွင် မြို့နေသူတို့၏ ၉၃ ရာခိုင်နှုန်းသည် ပိုမိုကောင်းမွန်သော ရေရရှိ ရန်နှင့် ၉၇ ရာခိုင်နှုန်းသည် ပိုမိုကောင်းမွန်သောသန့်ရှင်းမှု လိုအပ်လျက်ရှိသည်ဟု ဆိုသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မြို့ကြီးများတွင် နေထိုင်သူများ၏ ၃၀ ရာခိုင်နှုန်းခန့်သည် သန့်ရှင်းသောရေ မရရှိကြောင်းနှင့် ၅၀ ရာခိုင်နှုန်းသည် လုံလောက်သော သန့်ရှင်းမှုကို မရကြောင်း လေ့လာချက်များလည်းရှိနေရာ ရေအခက်အခဲကို ဖြေရှင်းနိုင် ရန်အတွက် ပိုက်လိုင်းစနစ်များကို စနစ်တကျ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ရေမီတာများကို စနစ်တကျထိန်းသိမ်းကြရန် အကြံပြု ထားသည်။ မြို့ကြီးများသို့ ရေဖြန့်ဝေရာတွင် ထက်ဝက်ကျော် ပမာဏမှာ ယိုဖိတ်ခြင်း (Leakage) ကြောင့် ပျောက်ဆုံးသွားရ ကြောင်း၊ တစ်ဖက်တွင်လည်း ရေဖိုးကောက်ခံရာတွင် အားနည်း ချက်များကြောင့် အခကြေးငွေလည်း ဆုံးရှုံးရပြီး ရေပေးဝေမှု စနစ်ကို တိုးချဲ့ဆောင်ရွက်ရန်၊ အဆင့်မြှင့်တင်နိုင်ရန် အခက်အခဲ များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ရေသုံးစွဲသူများက သတိပြုရန်အချက်မှာ ရေကို အလဟဿ မဆုံးရှုံးရန်၊ မဖြုန်းတီးမိစေရန်အတွက် သတိပြုထိန်းသိမ်းကြရန်၊ လိုအပ်သလောက်သာ သုံးစွဲရန်ဖြစ်ပြီး ရေပေးဝေမှုအတွက် ကျသင့်သည့်အဖိုးအခများကို မှန်မှန်ကန်ကန် ပေးဆောင်ကြ ရန်ဖြစ်သည်။ သို့မှသာ လိုအပ်သော ပြုပြင်ထိန်းသိမ်းမှု၊ တိုးချဲ့ ဖြန့်ဝေမှုတို့ ပြုလုပ်နိုင်မည်ဖြစ်သည်။ ရေချိုသုံးစွဲမှုတွင် စိုက်ပျိုး ရေးကဏ္ဍအတွက် သုံးစွဲမှုရေပမာဏမှာ စုစုပေါင်းသုံးစွဲမှု၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့်အထိရှိရာ မြို့ပြများတွင်သုံးစွဲမှုထက် အဆများစွာပိုသည်။ သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးအတွက် ရေကို ဆည်မြောင်းစနစ်များမှ ရယူခြင်း၊ မြေအောက်ရေ ထုတ်ယူ ခြင်းတို့ပြုလုပ်ရာတွင် လိုအပ်သလောက်သာသုံးစွဲရန်နှင့် ထိထိ ရောက်ရောက်သုံးစွဲရန်၊ အလေအလွင့်မဖြစ်အောင် ဂရုစိုက် သုံးစွဲကြရန်လိုသည်။
နိုင်ငံတော်က ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေ အတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော် ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေ ထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့် ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ မြို့ပြနေထိုင်သူ များရော ကျေးလက်နေထိုင်သူများပါ အဖိုးတန်သည့်ရေကို အကျိုးမဲ့ အဟောသိကံမဖြစ်အောင် ချွေတာသုံးစွဲထိန်းသိမ်း ကြရပါမည့်အကြောင်း။ ။