အနုသုခုမ မဟာဂီတ ရိုးရာအမွေမို့ ထိန်းသိမ်းကြ

Type
1

 

 

သီဟစည်သူ


မြန်မာ့ယဉ်ကျေးမှုသမိုင်းကို လေ့လာ ကြည့်လျှင် မြန်မာ့ဂီတသည် လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့ သည်ဟု ယူဆနိုင်သည်။ ခရစ်နှစ် ၈၀၂ ခု ခန့်က   ရေးခဲ့သည့်   တရုတ်လူမျိုးတို့၏ မှတ်တမ်းတစ်စောင်အရ မြန်မာ့တူရိယာ နှင့်   သီချင်းတို့သည်    ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်နေပြီ    ဖြစ်ကြောင်း သိရသည်။ 


မြန်မာ့ဂီတတွင် သံစဉ်ခုနစ်ပါးရှိပြီး သံစဉ်တစ်ပါးလျှင်   ခုနစ်မျိုးခန့်  ခွဲခြား နိုင်သဖြင့် အသံခွဲ  ၄၉  မျိုးရှိသည်ကို အကြောင်းပြုကာ မဃဒေဝလင်္ကာသစ်၌ “ပေါင်းရုံးညိုးညံ၊ ခုနစ်သံတွင်၊ အသံခုနစ် မျိုး၊ လေးဆဲ့ကိုးတည့်” ဟု  ဖော်ပြထား သည်။  ရှေးဂီတပညာရှင်ကြီးများသည် သံစဉ်တို့၏   ပရိယာယ်ကို   နောင်လာ နောက်သားတို့ နားလည်သဘောပေါက် စေရန် သံစဉ်ခုနစ်မျိုးကို စုံအောင်လည် သော “ဘုန်းတော် တေဇာဝေဖြာမိုးလို့ ထွဋ်ရာဇိန်…” အစချီသည့် ခုနစ်သံလည် ကြိုးဟု    တီထွင်စပ်ဆိုခဲ့ကြကြောင်း မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၀) တွင် ပြဆို ထားသည်။


မြန်မာ့တူရိယာ   အမျိုးမျိုးရှိသည့် အနက် မြန်မာ့ဂီတတွင် အမြတ်တနိုးသုံး သောတူရိယာမှာ   စောင်းကောက်ဖြစ် သည်။  ရှေးမြန်မာ့ရိုးရာ    တူရိယာများ အနက် စောင်းဖြင့်တီးသော စောင်းတီး ကွက်သည် အထင်ရှားဆုံးနှင့် အခံ့ညား ဆုံးဖြစ်သည်။  “ကြေး၊  ကြိုး၊  သားရေ၊ လေ၊ လက်ခုပ်” တည်းဟူသော တူရိယာ ငါးပါးတို့ဖြင့်      မြန်မာ့ရိုးရာဂီတကို ဖန်ဆင်းခဲ့ကြရာတွင်    မည်သို့သော လျှပ်စစ်အကူကိရိယာ အကူအညီတစ်ခု မျှမပါဘဲ တီးမှုတ်နိုင်သည့်ထူးခြားသော မြန်မာ့အနုသုခုမတူရိယာများပင်  ဖြစ် သည်။   ထို့အတူ   မြန်မာ့ဆိုင်းသည် ရှေးခေတ်ကတည်းက   ဇာတ်ပွဲကရာ၌ လည်းကောင်း၊  နတ်ပွဲကရာ၌   လည်း ကောင်း၊ ပျော်မှုရွှင်မှုဆိုင်ရာ အခြားပွဲ များ၌ လည်းကောင်း    မျိုးရိုးစဉ်ဆက် အသုံးပြုခဲ့ကြသည်။ မြန်မာတို့၏ ဓလေ့ ဘာသာဂီတတွင် ဒိုးပတ်၊ အိုးစည်၊ ဗုံကြီး၊ ဗြော စသည်တို့လည်း ပါဝင်သည်။ ဗုံကြီး သံသည်   ရှေးခေတ်က    လယ်တော၌ မင်းမူသောဂီတသံများဖြစ်သည်။ 


မြန်မာ့ဂီတတွင်   မဟာဂီတဟူသည် ရှေးသီချင်းကြီးများသည်    ဒိုးပတ်၊ အိုးစည်၊  ဗုံကြီး၊  ဗြော  စသည့်ဓလေ့ ဘာသာဂီတထက် ပို၍ဆန်းကြယ်သည်။ မဟာဂီတတွင် ယေဘုယျအားဖြင့် ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန် ဟူ၍   ခြောက်မျိုး  ခွဲထားလေ့ရှိသည်။ အချို့သီချင်းကြီးများသည်    မယ်ဘွဲ့၊ မောင်ဘွဲ့၊  အလွမ်းဘွဲ့များ    ဖြစ်သည်။ အချို့သည် တောဘွဲ့တောင်ဘွဲ့၊ ရာသီဘွဲ့ များဖြစ်သည်။ အချို့သည် ဘုန်းတော်ဘွဲ့၊ မင်းခမ်းမင်းနားဘွဲ့၊ မြို့ဘွဲ့၊ ကန်ဘွဲ့များ ဖြစ်ကြသည်။


“နိုင်ငံတော်မူ” အဖြစ် သတ်မှတ်


ရှည်လျားလှသည့်    သမိုင်းကြောင်း တစ်လျှောက် အဓွန့်ရှည်တည်တံ့ခဲ့သည့် မိမိတို့၏    အနုသုခုမပညာရပ်များကို “မဟာ” ဟူသည့်   ကြီးကျယ်မြင့်မြတ် သော ဂုဏ်ထူးဝိသေသနှင့် မဟာဂီတဟု ခေတ်အဆက်ဆက်တွင် တန်ဖိုးထားခဲ့ ကြသည်။ ထိုသို့  တန်ဖိုးထားခဲ့ကြသည့် စာသားတေးသွားများကို ၁၉၅၃ ခုနှစ်တွင် ဝိဝါဒကွဲပြားမှုမရှိစေရန် “နိုင်ငံတော်မူ” အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပညာရှင် ကြီးများပါဝင်သည့်အဖွဲ့ကို   ဖွဲ့စည်းပြီး “စာသား၊ သံကျ၊ စည်းဝါး၊ အတော၊ အပိုဒ် ပြန်၊ အဆို” ဟု  အပိုင်း ၆  ပိုင်း   ခွဲခြားပြီး  မဟာဂီတဝင်တေးသီချင်း   ၁၆၉   ပုဒ်ကို နိုင်ငံတော်မူအဖြစ် တိကျစွာသတ်မှတ် နိုင်ခဲ့ပြီး ဖြစ်သည်။
“အဆို” နှင့်ပတ်သက်၍   အသံ၏ ပေါ်ထွန်းရာဖြစ်သည့် “လည်၊ လျှာ၊ နှာ၊ အာ၊ သွား” ဆိုသည့် “ဌာန်”  ငါးပါးကို ပေါင်းစည်းကာ အသံတို၊ အသံရှည်များ နှင့် ဖွဲ့သီထားသည့် မဟာဂီတဆိုဟန်၊ ခေတ်ဟောင်း တေးဆိုဟန်၊ ကာလပေါ် တေးသီချင်း ဆိုဟန်များဟုလည်း ကွဲကွဲ ပြားပြားရှိထားပြီးဖြစ်ကြောင်း   သိရှိရ သည်။


မြန်မာ့မဟာဂီတတွင် အထက်တန်း အကျဆုံး    သီချင်းကြီးများမှာ     မြဝတီ မင်းကြီးဦးစ၏  (၁)  ဘုံပျံနေနန်း၊  (၂) မှိုင်းပြာမှုန်ဝေ၊ (၃) ကုန်းဘောင်ပရမေ၊ (၄) အထူးထူးငယ်နှင့် ဟူသည့်ပတ်ပျိုး ကြီး    လေးပုဒ်ဖြစ်ပြီး    မဟာဂီတကို  စောင်းတူရိယာဖြင့်     တောက်ပြောင် အောင် အကွက်ဖော် တင်ဆက်ခဲ့ကြသည်။ 


“စင်စစ်တော့ မြန်မာတို့ရဲ့   ဂီတကို အပန်းဖြေဖို့၊   သာယာနာပျော်ဖွယ်ရှိဖို့၊ နားထောင်ပြီး   စိတ်ကို    ပျော်ရွှင်စေဖို့၊ ကြည်နူးသွားဖို့ဆိုတဲ့    တိုတောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာ မဟုတ် ဘူး။  ဂီတမှာ (၁)  သာယာမှုကို အဓိက ထားတဲ့ဂီတ၊ (၂) ယဉ်ကျေးမှုကို အဓိက ထားတဲ့ ဂီတရယ်လို့  ခွဲတမ်းရှိတယ်။   ဒီ ခွဲတမ်းကို ဂီတပညာချစ်မြတ်နိုးသူတိုင်း က မျက်ခြည်မပြတ်သင့်ဘူး။ မဟာဂီတ ရဲ့   အဓိကရည်ရွယ်ချက်က   သာယာမှု မဟုတ်ဘူး။   ယဉ်ကျေးမှုဖြစ်တယ်”  ဟု စာရေးဆရာမကြီး     လူထုဒေါ်အမာ၏ မြန်မာ့မဟာဂီတစာအုပ်တွင် ဖော်ပြထား သည်။


မြန်မာ့ဂီတသမိုင်းတွင် 
ထင်ရှားသော မှတ်တိုင်တစ်ခု 


“မြန်မာတို့၏    ဂီတသမိုင်းတွင် ထင်ရှားသော မှတ်တိုင်တစ်ခု   ရှိခဲ့လေ သည်။ ထိုမှတ်တိုင်သည် ခရစ်နှစ် ၁၇၆၇ ခုတွင် ယိုးဒယားကို  အင်းဝဆင်ဖြူရှင် အောင်မြင်ခြင်းဖြစ်လေသည်။ ယိုးဒယား ကို အောင်မြင်၍ နေပြည်တော်သို့ပြန်လာ သောအခါ သုံ့ပန်းများတွင်  ယိုးဒယား အတွင်းတော်   သဘင်သည်တို့လည်း ပါလာကြသည်။   ထိုသဘင်ပညာသည် တို့ကြောင့်    မြန်မာသဘင်ပညာသည် ရှေးကထက် ပို၍ကြွယ်ဝလာရလေသည်။ ရှေးဟောင်းမြန်မာသဘင်ပညာတွင် အက သစ်၊ အဆိုသစ်၊ အတီးသစ်တို့ တိုးတက် လာကြသည်။ ရာမ၊  အီနောင်၊ သင်္ခပတ္တ စသော ဇာတ်သစ်များ တိုးလာကြသည်။ မြန်မာတို့သည် ယိုးဒယားတို့ကို လက်နက် လက်ရုံးဖြင့်  အောင်မြင်သည်   မှန်သော် လည်း ယိုးဒယားတို့သည်   မြန်မာတို့ကို သဘင်ပညာဖြင့် အောင်မြင်လေသည်ဟု ဆိုနိုင်ပေသည်။” ဟူ၍ မြန်မာ့စွယ်စုံကျမ်း တွင် ဖော်ပြထားသည်။   ထို့ကြောင့်ပင် တောင်းတော့ငွေ၊ ပေးတော့ရွှေဆိုသလို မြန်မာ့အနုသုခုမ    သဘင်တစ်ခေတ် ဆန်းသစ်ရန်  အကြောင်းဖန်လာခဲ့သည် ဟုပင် ဆိုနိုင်သည်။ 


ယိုးဒယားသံသီချင်းများ၏အစ


ဆင်ဖြူရှင်    မင်းတရားလက်ထက် ထိုသို့တိုးတက်လာသော     သဘင်ပညာ နှင့်အတူ   ယိုးဒယားသီချင်းကို   မြဝတီ မင်းကြီး ဦးစ၊   ပြင်စည်မင်းသားကြီး၊ လှိုင်ထိပ်ထား၊ အနောက်နန်းမတော် မမြ ကလေး၊ မင်းကြီးကတော် ခင်ဆုံတို့ကဲ့သို့ သော မြန်မာပညာရှင်များက မြန်မာသံ ဂီတသံစဉ်များအဖြစ် ဖန်တီးကာ  ဂီတ အမွေပေးခဲ့ကြသည်။  ပြင်စည်မင်းသား က  ယိုးဒယား   ပုလဲပိုင်းတွင်   ရွေတညာ၊ နှင်းယွန်းခါ ဟေမန်၊ တောတောင်စွယ်၊ တောမြိုင်ခြေ၊ ပန်းမြိုင်လယ်၊ ခိုင်ပန်းစုံ၊ မှော်ရုံဟေဝန်၊ မှိုင်းမှုံပြာညို အစချီသော ယိုးဒယားသီချင်းပိုင်း   ရှစ်ပုဒ်ကို   အစပြု တီထွင်ခဲ့သဖြင့်    “ရွှေနှင်းတောမြိုင်၊ ပန်းခိုင်မှော်မှိုင်း၊ ခြားပိုင်းရှစ်သံ၊ ဖရုံတင် (ညွန့်)၊ ခက်မွန့်ခမိန်၊ ထနောက် ချိန်သား၊ ဖရင်းချားထပ်တွန့်၊ ချွတ်ချံ ငုငစ်၊ အသံ ရှစ်၊ မှတ်လစ်စဉ်ကမ္ဘာ” ဟု မှတ်သားရန် ကဗျာလင်္ကာစပ်ဆို မှတ်တမ်းတင်ထား ကြရသည်။ ယင်းလင်္ကာကို အကျယ်ဖွင့် ပြရသော် —(နှင်း) – နှင်းယွန်းခါဟေမန် (ခက်မွန်)၊ (ရွေ)− ရွေတညာ (ဖရံတင်)၊ (တော) တောတောင်စွယ် (ခမိန်)၊ (မြိုင်) – တောမြိုင်ခြေလမ်း (ထနောက်)၊ (ပန်း) - ပန်းမြိုင်လယ် (ဖရင်းချား)၊ (ခိုင်) - ခိုင်ပန်းစုံ (ထပ်တွန့်)၊  (မှော်) – မှော်ရုံ ဟေဝန် (ချွတ်ချံ)၊ (မှိုင်း) - မှိုင်းမှုံပြာညို (ငုငစ်)ဟူ၍ ဖြစ်သည်။ ပြင်စည်မင်းသား ကြီးသည်  ဤရှစ်ပုဒ်ဖြင့်   ယိုးဒယားသံ မြန်မာသီချင်းများ၏  အုတ်မြစ်ကို  ချခဲ့ သည်ဟု ဆိုကြသည်။ 


ယိုးဒယားသံပိုင်းတွင်    ယင်းရှစ်ပုဒ် သည် အဓိကတေးများပင်ဖြစ်၍  ပြင်စည် မင်းသား၏ ထူးခြားသောအနုပညာဉာဏ် မည်မျှနက်နဲသိမ်မွေ့ကြောင်း     အလို အလျောက်ဖော်ပြထားပြီး ဖြစ်ပေသည်။ သို့ရာတွင် ထိုသီချင်း ရှစ်ပုဒ်တွင် - (၁)(လွမ်း) - လွမ်းပိုအောင် (ချူခြား)၊ (၂) (ဆန်း) – ဆန်းနွေဦး (ကပီ)၊ (၃) (စိန်) – စိန်ခြယ်ညီးလင်း (အလေ့မေ့)၊ (၄) (ဝေ) - ဝေဇယန္တာ (မဟိုရ်သီ)  တို့ကို ဖြည့်စွက်၍   ယိုးဒယား ၁၂   ခန်းဟု မှတ်သားထားကြသည်လည်း  ရှိသည်။ ယင်းနောက် တလိုင်းခေါ် မွန်သံပိုင်းတွင် လည်း တောင်ယံတောကလေး၊ တောင်ယံ တောကြီး၊ နှင်းယွန်းဂိမှာန်၊ ကောင်းကြီး သင်္ခါ၊ ညှင်းညှင်း၊ စိန်မြရံခြယ်၊ သောင်း ကျေးဒီပါဘွေ တေးပေါင်း ခုနစ်ပုဒ် စပ်ဆို ခဲ့ကြောင်း သိရသည်။ 


ထိုကဲ့သို့သော ရှေးမြန်မာ့ဂီတပညာ များသည်     အိန္ဒိယပြည်သားတို့၏ ရှေးဟောင်း  ဂူဂျာရတ်  ပန်းချီလက်ရာ များကဲ့သို့ လည်းကောင်း၊ ကမ္ဘောဒီးယား ခမာလူမျိုးတို့၏ ရှေးဟောင်းအန်ကောဝပ် ဗိသုကာလက်ရာများ ကဲ့သို့လည်းကောင်း၊ တရုတ်လူမျိုးများ၏     ရှေးဟောင်း ကြွေထည်လက်ရာများ    ကဲ့သို့လည်း ကောင်း ထိန်းသိမ်းအပ်သော အနုပညာ ပင်ဖြစ်သည်။    ထို့ကြောင့်     ခေတ်ပေါ် တေးဂီတသံစဉ်များကို နှစ်သက်မြတ်နိုး ကြသကဲ့သို့ အရိုးမှန် အမျိုးမှန်ဖြစ်သော မိမိတို့၏ မြန်မာ့ဂီတအနုသုခုမ ရှေးဟောင်း အနုပညာများကို ယခု (၂၄)ကြိမ်မြောက် အဆို၊  အက၊  အရေး၊  အတီးပြိုင်ပွဲမှ သည် နောင်မျိုးဆက်များစွာတိုင်အောင် ပြန်လည်ပြန့်ပွား      လက်ဆင့်ကမ်း ထိန်းသိမ်းသမှု     ပြုကြရမည်    ဖြစ်ပါ ကြောင်း။    ။ 


ကိုးကား -
(၁)    မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)။
(၂)    မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ။
(၃)    ၁၉-၁၀-၂၀၂၂ ရက်နေ့ထုတ် 
    မြန်မာ့အလင်းသတင်းစာ။