
နေပြည်တော် မတ် ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ် - ၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိရာ မတ် ၂၉ ရက်တွင် မှတ်တမ်း ဓာတ်ပုံဗီဒီယိုများရိုက်ကူးပြီး ဂုတ်ထိပ်တံတားမှ ပြင်ဦးလွင်မြို့သို့ မြန်မာ့မီးရထား စက်ခေါင်းအမှတ် DF – 2078 ရထားအမှတ် DDUEZ 12370 ဖြင့် ပြန်လည်ထွက်ခွာလာ သည့် အနုပညာရှင်များပါဝင်သည့်အဖွဲ့ကို PDF အမည်ခံ အကြမ်းဖက်သမားများက အဝေးထိန်းမိုင်းတစ်လုံးဖြင့် အဝေးမှနှောင့်ယှက်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ ဗုဒ္ဓ ဘာသာ ကလျာဏယုဝအသင်း (YMBA) (ဗဟို)၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့က နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိရေးနှင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အထောက်အကူ မပြုသော အဖျက်အမှောင့်လုပ်ရပ်များဖြစ်သဖြင့် အဆိုပါလုပ်ဆောင်မှု အပါအဝင် အကြမ်းဖက်လုပ်ရပ်မှန်သမျှတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများနှင့်အတူ လုံးဝ (လုံးဝ) လက်မခံဘဲ ရှုတ်ချကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ချက်များ၊ ကြေညာချက်များကို ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်