
ယဉ်လာဒ်
စလေရုပ်စုံကျောင်းရယ်လို့ ဆိုလိုက်ရင် ပြည်တွင်းပြည်ပက ခရီးသွားတော်တော်များများ မသိသူ မရှိသလောက် နည်းပါးကြပါတယ်။ ခရီးသွားခြင်းကို ချစ်တဲ့သူတိုင်းအတွက် စလေရုပ်စုံကျောင်းဆိုတာ စိတ်ထဲစွဲငြိနေတဲ့ နာမည်လေးတစ်ခုပါ။ စလေဆိုတာ အညာမြေခရီးစဉ်ရဲ့ Landmark တွေထဲက တစ်ခုလို့ တင်စားရလောက်အောင် ပြည်ပနိုင်ငံခြားသားတွေရဲ့ လေ့လာစရာနေရာတစ်ခုဖြစ်ခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ မြန်မာတို့ရဲ့ အညာဒေသက ဒေသခံများရဲ့ ချစ်စရာဓလေ့တွေ၊ ရိုးသားလှတဲ့ အပြုအမူ တွေကိုလည်း နိုင်ငံခြားသားတွေက အထူးတလည် နှစ်ခြိုက်သဘောကျကြပါတယ်။
ထိုင်းခရီးသွားအဖွဲ့ ခရီးစဉ်
တကယ်တော့ စာရေးသူတို့ရဲ့မြန်မာပြည်ဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်စရာ နေရာဒေသတွေ များပြားပါတယ်။ အညာဒေသဆိုပြီး လည်ပတ်စရာ စိတ်ဝင်စားစရာမရှိဘူးလို့ ထင်ကောင်းထင်နိုင်ကြ ပေမယ့် တကယ်တော့ အညာဒေသမှာ လည်စရာ ပတ်စရာတွေ များပြားလှပါတယ်။
အညာဒေသရဲ့ ခရီးသွားစျေးကွက်ကို ပြန်လည် အစပြုပြီး စျေးကွက်ဖော်ဆောင်ဖို့ ထိုင်းခရီးသွား အဖွဲ့တွေကို ဇူလိုင်လအတွင်းက Fam Trip ခရီးစဉ် အဖြစ် ဖိတ်ခေါ်ပြသခဲ့ကြပါတယ်။
ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီက စီစဉ်ပြီး ထိုင်းနိုင်ငံသား Ms.Petchsri Nonsiri ပါ အဖွဲ့ဝင်သုံးဦးကို ဖိတ်ခေါ်ပြီး မကွေးတိုင်းဒေသ ကြီးအတွင်း ခရီးစဉ်ဖြစ်တဲ့ မကွေး-မင်းဘူး - ပွင့်ဖြူ- မင်းဘူး - မင်းလှ - မကွေး - ရေနံချောင်းမြို့တွေက ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတွေကို ပြသ ပေးခဲ့ကြတာဖြစ်ပါတယ်။
‘‘မကွေးကို အခုလိုမျိုး လာရောက်ဖိတ်ခေါ် တာကတော့ ပထမဆုံးခရီးစဉ်လို့ ပြောလို့ရပါ တယ်။ မကွေးတိုင်းရဲ့ခရီးစဉ်တွေကို လူတွေ ပိုပြီး စိတ်ဝင်စား လာရောက်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်’’လို့ မကွေးတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနက ညွှန်ကြားရေးမှူး ဦးဇော်လွင်ထက်က စာရေးသူကို ပြောပြပါတယ်။
ကျယ်ပြန့်ကြီးမားလှတဲ့ ဧရာဝတီမြစ်ကြီးကို ဟိုဘက်ဒီဘက် စက်လှေနဲ့ဖြတ်ပြီး ထိုင်းခရီးသွား ဧည့်သည်တွေကို ပြသတဲ့အခါ ခရီးသွားတွေ အလွန် နှစ်ခြိုက်သဘောကျကြတယ်လို့လည်း သူက ပြောပါတယ်။
မင်းလှခံတပ်နဲ့ ကွေ့ချောင်းခံတပ်
ရှေးဘုရင်တွေ ဆောက်လုပ်ထားတဲ့ မင်းလှ ခံတပ်၊ ကွေ့ချောင်းခံတပ်တွေဟာ ထုထည်ခိုင်မာပြီး နောက်ခံ ဧရာဝတီမြစ်နဲ့ ပနံသင့်လှပနေပါတယ်။ ရှေးတုန်းက မြန်မာဘုရင်တွေ တည်ဆောက်ထား တဲ့ ခံတပ်စခန်းတွေဟာ နာမည်ကျော်ခံတပ်များ ဖြစ်ပြီး နှောင်းလူတို့အတွက်တော့ လေ့လာစရာ နေရာတွေ ဖြစ်လာခဲ့ကြပါတယ်။
‘‘မကွေးတိုင်းဒေသကြီးရဲ့ ခရီးသွားအခြေအနေ ကတော့ ပြည်တွင်းခရီးသွားတွေရဲ့ အလည်အပတ် က ပုံမှန်ရှိနေတာပါ။ ပြည်ပစျေးကွက်ကို ဖောက်ချင် တာမို့ အခုလို ထိုင်းခရီးသွားတွေကို ဖိတ်ခေါ်ပြသ ခဲ့တာပါ။ ပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ လည်း တူညီတယ်။ ဒီလိုမျိုး လည်ပတ်လို့ရနေပြီ ဆိုတဲ့သဘောမျိုးကို ပြချင်တာလည်း တစ်စိတ် တစ်ပိုင်းပါပါတယ်’’လို့ ဦးဇော်လွင်ထက်က ဆက်ပြောပြပါတယ်။
ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသူ မကွေး ဒေသခံတစ်ဦးကလည်း “ကျွန်တော့်အမြင်ကတော့ မကွေးဒေသရဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်တယ် လို့ မြင်မိပါတယ်’’လို့ စာရေးသူကို ပြောပြပါတယ်။
ထင်ရှားတဲ့ ခရီးသွားနေရာများ
မကွေးတိုင်းဒေသကြီးအတွင်းမှာ မကွေးမြို့က မူလမြသလွန်စေတီတော်၊ ကမ်းနားလမ်းညဈေး တန်း၊ ကန်သာကန်၊ မင်းဘူးမန်းရွှေစက်တော်ရာ ဘုရား၊ မန်းချောင်းအတွင်း ကနူးလှေလှော်ခြင်း၊ မန်းချောင်းဆင်စခန်း၊ ရှားပါးကြယ်လိပ်တွေ ကြည့်ခြင်း၊ ရွှေသမင်တွေကို အစာကျွေးခြင်း၊ မင်းဘူးနဂါးပွက်တောင်နဲ့ စက္ကိန်းတဲဘုရား၊ မင်းလှ ခံတပ်၊ ကွေ့ချောင်းခံတပ်၊ ရေနံချောင်းမြို့က ကျောက်စာရုံ၊ ကိုလိုနီခေတ်ရှေးဟောင်းအဆောက် အအုံတွေနဲ့ သဘာဝအတိုင်းလှပနေတဲ့ ရေနံချောင်း က ဂျပ်ကြားတို့ဟာ ထင်ရှားလှတဲ့ ခရီးသွားနေရာ များဖြစ်ကြပါတယ်။ ဒီနေရာတွေကို ထိုင်းခရီးသွား အဖွဲ့တွေကို ပြသခဲ့ကြပါတယ်။ ရေနံချောင်း ဂျပ်ကြားဒေသဆိုရင် ပြည်တွင်းခရီးသွားတွေအတွက် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတစ်ခုအဖြစ် ကျော်ကြားနေတာ ဖြစ်ပါတယ်။
စလေရုပ်စုံကျောင်း
အညာရောက်ရင် နိုင်ငံခြားသားတော်တော် များများက စလေရုပ်စုံကျောင်းကိုတော့ ရောက် အောင်သွားကြစမြဲပါ။ မြန်မာမှုအနုသုခုမလက်ရာ တွေကို အစုံအလင်တွေ့မြင်ရနိုင်တဲ့ ဘုန်းကြီး ကျောင်းကြီးလည်းဖြစ်သလို နာမည်ကျော် ရေသည်ပြဇာတ်ကို ရေးသားခဲ့တဲ့ စာဆိုဦးပုညရဲ့ ဇာတိမြို့လေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပါ တယ်။ ဒါ့အပြင် စလေကနေ လေးမိုင်အကွာမှာ တည်ရှိတဲ့ ရှင်ပင်စာကြိုလှဘုရားကိုလည်း သွားရောက်လေ့လာကြလေ့ ရှိကြပါတယ်။
အညာဒေသမှာ ချစ်စရာကောင်းလှတဲ့ ဆံရစ် ဝိုင်းတို့နေထိုင်ရာ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ ဟာလည်း ဆံရစ်ဝိုင်းယဉ်ကျေးမှုဒေသကို ထင်ရှား စေတဲ့ ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။ ရိုးရာ ယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းထားတဲ့ ချစ်စရာ ဒေသတွေဟာ စာရေးသူတို့နိုင်ငံမှာ အများအပြား တွေ့မြင်ရပါတယ်။
လည်ပတ်စရာများပြားလှတဲ့ အညာမြေ၊ ဖန်ခါး မြေလို့ တင်စားခံရတဲ့ မကွေးတိုင်းဒေသကြီးအတွင်း မှာ စိတ်ဝင်စားစရာ လည်ပတ်စရာနေရာတွေဟာ များပြားလှတာမို့ အခွင့်အခါကြုံလာခဲ့ရင် ဒီနေရာ ဒီဒေသတွေဆီ လှမ်းလာခဲ့ကြနိုင်ဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားနေရာတစ်ခုအဖြစ် ရေးသားဖော်ပြပေး လိုက်ရပါတယ်။ ။