
အညာ ဒေသဟု ဆိုလိုက်၊ ပြောလိုက်လျှင် ပင်စည် မြင့်မြင့်ရှည်ရှည် အမြဲစိမ်းလန်းနေသော ထန်းတောများကို တွေ့ရပေမည်။ ပူပြင်းခြောက် သွေ့လှသည့် မိုးခေါင်ရပ်ဝန်းဒေသ အညာကို ထန်းပဒေသာပင်များက ပတ်ဝန်းကျင်စိမ်းလန်းမှု၊ ပူပြင်းခြောက်သွေ့မှုကို ထိန်းညှိပေးထားသည်။
ဆယ်စုနှစ်တစ်ခုအတွင်း မန္တလေးတိုင်းဒေသ ကြီး ကျောက်ပန်းတောင်း - ညောင်ဦး ကားလမ်း ဘေး ထန်းပင်တန်းများ၊ ထန်းတောများ၊ ငါ့သရောက်မြို့ရှိ ထန်းတောများ ခုတ်လှဲအသုံးပြုမှု များလာ ပြီး ပြန်လည်စိုက်ပျိုး မှု မရှိခြင်းများက ဆယ်စုနှစ် ငါးစု ခန့် အကြာတွင် အကျိုးဆက်အဖြစ် အညာဒေသ၏ ဂေဟစနစ် များကို ထိခိုက်လာတော့မည်မှာ အသေအချာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခင်က ထန်းအပင် သုံးဆယ်တက်လျှင် မိသားစု ခုနစ်ယောက်၊ ရှစ်ယောက်ကို ဝမ်းစာဖူလုံခဲ့သော်လည်း ယခု ထန်းလျက်ဈေးနှုန်းမှာ သကြားဈေးကို မယှဉ်နိုင် တော့ပေ။ ထို့ကြောင့် တဖြည်းဖြည်း ထန်းတက် လုပ်ငန်းကို စွန့်လွှတ်ကာ ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်ကိုင်သူများရာမှ ထန်းတက်မှုမရှိ သလောက် လျော့နည်းလာခဲ့ကြောင်း ကျောက်ပန်း တောင်းမြို့နယ် ဂွေးကုန်းကျေးရွာမှ ထန်းတော ပိုင်ရှင် ဦးမောင်ပိုက်က ပြောပြသည်။
အညာဒေသရှိ ထန်းပင်များ ထန်းတက်မှု လျော့နည်းလာမှုနှင့်အတူ ထန်းပင်များ ခုတ်လှဲ အသုံးပြုမှုမှာလည်း တဖြည်းဖြည်း များပြားလာခဲ့ သည်။ ပူပြင်းခြောက်သွေ့လှသည့် အညာဒေသကို ထန်းပင်၊ ထန်းတောများက သဘာဝပတ်ဝန်းကျင် မထိခိုက်အောင်၊ အပူသက်သာအောင် ဂေဟစနစ် များ ထိန်းညှိပေးထားသော်လည်း သစ်အစားထိုး ထန်းသားအသုံးပြုမှု များပြားလာခြင်း၊ ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုရေကာတာ ပြုလုပ်ရာတွင် ထန်းပင်များ အမြောက်အမြား ဝယ်ယူလာခြင်းများကြောင့် ထန်းတော၊ ထန်းပင် များ တဖြည်းဖြည်း လျော့နည်းလာချေပြီ။ ထို့ကြောင့် အညာဒေသအတွက် ကြီးမားသည့်ဆုံးရှုံး မှုများ မဖြစ်ခင် ကြိုတင်ကာကွယ်သည့်အနေဖြင့် တာဝန်ရှိသူများက အညာဒေသကျေးရွာပိုင် ထင်း စိုက်ခင်းများတွင် ကြားညှပ်စိုက်ပျိုးခြင်း၊ ထန်းပင် ရောင်ချခြင်းများအားစည်းရုံးရေးနည်းဖြင့် တားဆီး ကာ မြေလွတ်မြေရိုင်းများတွင် နှစ်စဉ်ထန်းသီးမှည့် ပေါ်ချိန် ထန်းစိုက်ပျိုးခြင်းများဖြင့် တစ်နှစ် တစ်ကြိမ်ပြန်လည် စိုက်ပျိုးလုပ်ဆောင်သင့်သည့်အချိန် ရောက်ရှိနေပြီဖြစ်ပါသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)