
သိင်္ဃသူ
ယမန်နှစ် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ကာလ။ မလေးရှားရောက် မြန်မာလူမျိုးများအသိုင်းအဝိုင်းအတွင်း ဝမ်းနည်းကြေကွဲဖွယ်၊ တုန် လှုပ်ချောက်ချားဖွယ် သတင်းဆိုးကြီးများ တစ်ခုပြီးတစ်ခု ဆက်တိုက် ဆိုသလို ပျံ့နှံ့လာခဲ့သည်။ တစ်လမျှပင် မကြာသည့်ကာလအတွင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တစ်ဦးပြီး တစ်ဦး ကြိုးဆွဲချသတ်သေခဲ့ကြရာ ရှစ်ဦးအထိ ရှိခဲ့သည်။ သူတို့အားလုံး သည် မလေးရှားသို့ တရားမဝင်ရောက်ရှိနေကြသူ လူငယ်လူရွယ် အရွယ်ကောင်းများဖြစ်ကြပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူတစ် ပါးတိုင်းပြည်တွင် နေထိုင်ရပ်တည်ရန် ခက်ခဲလာခဲ့ရာမှ ကူကယ်ရာ မဲ့ဘဝဖြင့် နေ့စဉ်ဘဝကို စားရမဲ့မဲ့၊ သောက်ရမဲ့မဲ့ ဖြတ်သန်းကြရင်း နောက်ဆုံးတွင် မျှော်လင့်ချက်တို့ကိုရော အသက်တို့ကိုပါ စွန့်လွှတ် သွားခဲ့ကြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ လှိုင်းရိုက်ခတ်မှုပြင်းထန်ချိန် မလေးရှားတွင် လော့ခ်ဒေါင်းချလိုက်သည့်အတွက် စက်ရုံ၊ အလုပ်ရုံ များကို ပိတ်လိုက်ရပြီးနောက် ထောင်နှင့် သောင်းနှင့်ချီသော မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ဒုက္ခများ စတင်လာခဲ့ခြင်းဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်သွားခြင်း၊ မိမိတို့နေထိုင်ရာနေရာများမှ မောင်း ထုတ်ခံရခြင်း၊ ဝင်ငွေမရှိတော့သလို စားစရာလည်း မရှိတော့ခြင်း၊ အထောက်အထားမဲ့နေထိုင်သူများဖြစ်သဖြင့် နေရပ်သို့ပြန်ရန် အခွင့် အလမ်းမရှိတော့ဟု ယူဆကြပြီး စိတ်ဓာတ်များအောက်ဆုံးအထိ ကျဆင်းခဲ့ရာမှ အသက်ရှင်သန်လိုစိတ်တို့ပါ ကုန်ဆုံးခဲ့ကြခြင်းလည်း ဖြစ်သည်။
တရားဥပဒေ၏ အကာအကွယ်မရနိုင်
အာဆီယံနိုင်ငံများအနက် မလေးရှားသည် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းသည့်နိုင်ငံများထဲတွင် ပါဝင်သည်။ အရှေ့တောင်အာရှ ဒေသမှ ပေါ်ထွက်လာသော အာရှ၏ စီးပွားရေးကျားတစ်ကောင် လည်းဖြစ်သည်။ ထုံးစံအတိုင်းပင် စီးပွားရေးဖွံ့ဖြိုးသည့် နိုင်ငံဆီသို့ သူ့လောက်စီးပွားရေး မဖွံ့ဖြိုးသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား များ အမြောက်အမြားဝင်ရောက်ကြသည်။ မြန်မာနိုင်ငံမှ လူငယ် လူရွယ်များစွာတို့လည်း အများအပြားသွားရောက်ကြသည်။ ပင်ပန်း သည့် အလုပ်လုပ်ရသည်ချင်းတူလျှင်ပင် သူတို့ဆီမှာ အလုပ်လုပ် ရခြင်းက ဝင်ငွေများစွာပိုခြင်းကြောင့်ဖြစ်သည်။ ကျေးလက်ဒေသများ တွင် ထိုင်း၊ မလေးရှားစသည့်နိုင်ငံများသို့ သွားရောက်အလုပ်လုပ် ကိုင်နေကြသည့် သားသမီးများရှိသောအိမ်က သူများအိမ်တွေထက် သိသိသာသာ ထင်ထင်ရှားရှားရှိသည်။ အလုပ်ကောင်းလျှင် ကောင်း သလို သွပ်မိုး၊ အုတ်ပတ်ကား၊ ကြွေပြားခင်း၊ စလောင်းနှင့် ဆိုလာ နှင့် အရောင်အသွေးပြောင်သည်။ ဆိုင်ကယ်စီးတာချင်းတူလျှင်ပင် ပို၍ကောင်းသည့် ဆိုင်ကယ်ကိုစီးနိုင်သည်။ အလှူကြီးအတန်းကြီး ပေးနိုင်သည်။ သို့ဖြင့် မြန်မာ့ကျေးလက်၊ မြို့ရွာများစွာတို့မှ လူငယ် လူရွယ်မောင်မယ်များ ထိုင်းနှင့် မလေးရှားသို့ ရောက်အောင်ထွက်ကြ သည်။ ပြည်ပအလုပ်အကိုင် အေဂျင်စီများကလည်း ကျေးရွာများ အရောက် ကောက်သင်းကောက်သလို လူရှာကြသည်။ သည်အထဲမှာ တရားမဝင် လူပွဲစားများကလည်း ပါဝင်သည်။
သူတို့ကလည်း “အောက်လမ်း” မှ သွားသည့်နည်းဖြင့် ပို့ဆောင်ပေးကြသည်။ လောကီပညာအောက်လမ်းသည် ညစ်ညမ်းကြမ်းတမ်းအောက်တန်း ကျကာ ကြောက်စရာကောင်းသလို လူပွဲစားတို့၏ တရားမဝင် လူကုန်ကူးသည့် “အောက်လမ်း” မှာလည်း ကြောက်စရာကောင်း သည်။ တရားမဝင်သွားရောက်ကြခြင်းဖြစ်သည့်အတွက် တရားဥပဒေ၏ အကာအကွယ်ကို မည်သည့်နေရာတွင်မှ မရနိုင်။ အသက်၊ အရှက်နှင့် လူ့ဂုဏ်သိက္ခာ စသည်တို့ကို လမ်းခရီးတစ်လျှောက်လုံးတွင် လူမှောင်ခို သမားတို့၏လက်၌ ဝကွက်၍ အပ်ထားကြရခြင်းဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်၊ ထိုင်း-မလေးရှား နယ်စပ်စသည်ဖြင့် နယ်စပ်ဒေသများ ကို တောလမ်းခရီးများမှ ဖြတ်သန်းကြရခြင်း၊ ထိုင်းနှင့် မလေးရှားနိုင်ငံ များအတွင်း လူမှောင်ခိုတို့၏ ကားများပေါ်တွင် ပုန်းလျှိုးကွယ်လျှိုး လိုက်ပါကြရခြင်း၊ ၎င်းတို့ထားသည့်နေရာများတွင် ပုန်းကွယ်နေထိုင် ရခြင်း၊ ၎င်းတို့အတွက် အခြေအနေမကောင်းပါက တောထဲတွင် စွန့်ပစ်ခဲ့ခြင်း၊ မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း စသည်ဖြင့် လူမှောင်ခိုလောကမှ အနိဋ္ဌာရုံ ဇာတ်လမ်းများစွာတို့မှာ မြန်မာ-ထိုင်း-မလေးရှား နယ်စပ်တို့၌ ပဲ့တင်ထပ်နေသည်။
ခေတ်သစ်ကျေးကျွန် ရေလုပ်သားများ
အမေရိကန်က သတ်မှတ်သည့် တရားမဝင်လူကုန်ကူးမှု အများဆုံး နိုင်ငံများစာရင်းတွင် မလေးရှားလည်းပါဝင်ခဲ့သည်။ လူမှောင် ခိုကုန်ကူးသည့်လုပ်ငန်းသည် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးခြင်း နှင့် လက်နက်မှောင်ခိုကုန်ကူးခြင်းလုပ်ငန်းများကဲ့သို့ပင် လွန်စွာ အကျိုးအမြတ်များပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများလည်း ဖြစ်သည်။ ယင်းလုပ်ငန်းများတွင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက် နေတတ်သလို အကျင့်ပျက်အရာရှိအချို့လည်း ပါဝင်ပတ်သက်နေတတ် သည်။ ထိုင်းနှင့် မလေးရှားနယ်စပ် လူကုန်ကူးမှုများတွင် တရားမဝင် သွားရောက်သူများကို ရင်းဂစ် ၆၀၀ (အမေရိကန်ဒေါ်လာ ၁၇၀ ခန့်)မျှနှင့် လူမှောင်ခိုများထံရောင်းချကြပြီး လူမှောင်ခိုသမားများက တစ်ဖန် ၎င်းတို့ ဝယ်ယူလက်ခံထားသည့် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား (လူမှောင်ခိုသားကောင်) ထံမှ တစ်ဦးလျှင် ရင်းဂစ် ၂၀၀၀ ခန့် (အမေရိကန် ဒေါ်လာ ၅၇၀) ခန့် တောင်းခံကြကြောင်း၊ မပေးနိုင်သူများ ကို အမျိုးသားဆိုပါက ပင်လယ်ငါးဖမ်းသင်္ဘောများသို့ အပြီးအပိုင် ရောင်းချလိုက်ကြပြီး အမျိုးသမီးဆိုပါက ဇိမ်ခန်းများဆီသို့ လိင်ကျေးကျွန်အဖြစ်ရောင်းချလိုက်ကြသည်။ အရှေ့တောင်အာရှ ပင်လယ် ငါးဖမ်းလုပ်ငန်းမှ ခေတ်သစ်ကျေးကျွန် ရေလုပ်သားများမှာ လုပ်ခ လစာမရဘဲ စားစရာအနည်းငယ်မျှအတွက်သာ ပင်ပန်းဆင်းရဲကြီးစွာ အလုပ်လုပ်ကြရပြီး အကြောင်းကြောင်းကြောင့် ဆက်လက်အလုပ် မလုပ်နိုင်တော့သည့်အချိန်တွင် ပင်လယ်ရေသင်္ချိုင်းသို့ ပို့ဆောင် ခံခဲ့ကြရသည်။
မည်သို့ပင်ဆိုစေ အထက်တွင်ဖော်ပြခဲ့သည့် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတို့ ကြုံရတတ်သည့် ကံမကောင်း အကြောင်း မလှမှုတို့မှ လွတ်ကင်းကာ မလေးရှားသို့ ချောမွေ့စွာ ရောက်ရှိပြီး အလုပ်အကိုင်ရရှိသွားကြသူတို့မှာ မြန်မာနိုင်ငံတွင်ရှိစဉ်က ၎င်းတို့ မက်ခဲ့ကြသည့် အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ခွင့် ရကြသည်။ မိသားစုထံ ငွေပြန်ပို့ကာ ကြွေးဆပ်သူကဆပ်၊ ပေါင်နှံထား ခဲ့သည်များ ကို ပြန်ရွေးသူကရွေး၊ ရွှေဝယ်၊ မြေဝယ်၊ အိမ်ဝယ်၊ အိမ်ပြင်၊ လှူကြတန်းကြနှင့်။ မလေးရှားရောက် နိုင်ငံခြားသားအလုပ်သမား များတွင် အင်ဒိုနီးရှားလူမျိုးတို့က အများဆုံး။ မြန်မာလူမျိုး ငါးသိန်းခွဲ ခန့်ရှိသည့်အနက် တစ်သိန်းခုနစ်သောင်းခန့်သာ တရားဝင် သွားရောက်သူများဟု ဆိုသည်။ ကျန်သူများမှာ အထောက်အထားမဲ့၊ တရားမဝင်သူများဖြစ်သည်။
တစ်ကမ္ဘာလုံး မည်သူမျှမျှော်လင့်မထားခဲ့ကြသည့် ကိုဗစ် - ၁၉ ကပ်ရောဂါကြီး ကမ္ဘာတစ်လွှားပျံ့နှံ့ကူးစက်မှုဖြစ်ပွားလာသည့်အခါ နိုင်ငံတကာကူးသန်းသွားလာမှုတို့ ရပ်ဆိုင်းသွားသည်။ နယ်စပ်ဒေသ ဖြတ်သန်းသွားလာမှုတို့ကိုလည်း တားဆီးပိတ်ဆို့ကြသည်။ မြို့ကြီး များကို အလုံပိတ်လိုက်ကြသလို စက်မှုဇုန်များ၊ စက်မှုမြို့များနှင့် စက်ရုံအလုပ်ရုံများကိုလည်း ပိတ်သိမ်းလိုက်ကြရသည်။ တစ်နေရာ နှင့်တစ်နေရာ ကူးသန်းသွားလာခွင့်မပြုတော့သလို စုဝေးနေထိုင်မှု များကိုလည်း ခွင့်မပြုတော့။ ယင်းသို့သောအခြေအနေတွင် မလေးရှား ၌ မြန်မာအများအပြားပိတ်မိနေခဲ့သည်။ ကယ်ဆယ်ရေးလေယာဉ်ဖြင့် စေလွှတ်ခေါ်ယူမှုတွင် တရားဝင်သွားရောက်ခဲ့သူများ၊ မြန်မာနိုင်ငံသား အထောက်အထားရှိသူများ၊ အထောက်အထားမဲ့ မြန်မာအနည်းငယ် တို့ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး အကြောင်းကြောင်းဖြင့် မလေးရှားတွင် ကျန်ရစ်ခဲ့သူ မြန်မာများစွာတို့ရှိနေဆဲ။ တရားဝင်နေထိုင်မှု သက်တမ်း ကျော်လွန်နေသူ အိုဗာစတေးများ၊ မလေးရှား လူဝင်မှုကြီးကြပ်ရေး၏ ရှာဖွေစစ်ဆေးဖမ်းဆီးမှုများကြောင့် လ.ဝ.က ထိန်းသိမ်းရေးစခန်း (Immigration Detention Centres) များတွင် ရောက်ရှိနေသူများ အပါအဝင် မြန်မာနိုင်ငံသို့ ပြန်လိုသူ သောင်းနှင့် ချီရှိနေပြီး ကယ်ဆယ် ရေးလေယာဉ်ဖြင့် စိစစ်ခေါ်ယူမှုတွင် တစ်ကြိမ်လျှင် လူ ၁၅၀ မှ ၁၇၀ ဝန်းကျင်သာ ရှိခဲ့သည်။
မိမိတို့၏ သွေးသားရင်းချာနိုင်ငံသူ နိုင်ငံသားများ ရေခြားမြေခြား တွင် နေ့စဉ်ခံစားနေကြရသည့် ဒုက္ခ၊ နေရပ်ပြန်လို၍ အဆိုပြုသူ သောင်းဂဏန်းတွင် ပြန်လည်ခေါ်ယူနိုင်မှုက တစ်ကြိမ်လျှင် ရာဂဏန်းမျှသာ။ ယင်းအခြေအနေနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် လွှတ်တော်ကာလတွင် တပ်မတော်သားကိုယ်စားလှယ်က မြန်မာ နိုင်ငံသားများ ပြန်လည်ခေါ်ယူရေး တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့။ အမှန်စင်စစ် တပ်မတော်အနေဖြင့် မိမိတွင် ရှိနေသည့် အရင်းအမြစ်များ၊ နည်းလမ်းများဖြင့် မိမိတို့သွေးချင်း
ညီအစ်ကို မောင်နှမများကို ဒုက္ခတွင်းမှ မြန်မြန်ဆန်ဆန် ကယ်ထုတ် လိုခြင်းသာဖြစ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရန် အကြံအစည် တစ်ရွေး သားမျှပင်မပါ။ တပ်မတော်၏တင်ပြချက် ပယ်ချခံရသော်လည်း နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်နေကြသည့် မိမိတို့နိုင်ငံသူ နိုင်ငံသား တို့၏ ခံစားရမှုများက ရပ်တန့်မနေဘဲ အချိန်နာရီတိုင်းမှာ .... ။
လူနှစ်ရပ်ခန့်အမြင့်ရှိ သံဆန်ခါ၊ သွပ်ဆူးကြိုးများဖြင့် ဝိုင်းပတ် ကာရံထားပြီး လူများပြည့်ကျပ်နေလေ့ရှိသည့် မလေးရှားလူဝင်မှု ကြီးကြပ်ရေး၏ ထိန်းသိမ်းရေးစခန်းများ၏ အနိဋ္ဌာရုံများက ရံဖန်ရံခါ သတင်းများအဖြစ်ပေါ်ထွက်လာလေ့ရှိသည်။ အဆိုပါ စခန်းများ တွင် မလေးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက် ကြသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းထားသည်။ စခန်းတွင် ထိန်းသိမ်းခံထားရသူအချင်းချင်း ဂိုဏ်းဖွဲ့ဗိုလ်ကျ နှိပ်စက်မှုများ၊ တစ်ခါတစ်ရံတွင် သတ်ဖြတ်မှုများ၊ စခန်းမှ တာဝန်ရှိသူများ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် အကျင့်ပျက်မှုများက ဟောလိဝုဒ်မှ ရိုက်ကူး သည့် အကျဉ်းထောင် ရုပ်ရှင်များထဲမှအတိုင်းဖြစ်သည်ဟု အဆိုပါ ထိန်းသိမ်းရေးစခန်းများမှ ပြန်လည်လွတ်မြောက်လာသူ အချို့၏ ပြောကြားချက်များကို ကြားခဲ့ရဖူးသည်။ ယင်းကဲ့သို့သော ဒုက္ခများ ကို ခံစားနေရသူများအဖို့မူ အချိန်နာရီနှင့်အမျှပင် ပင်ပန်းဆင်းရဲ နေကြလိမ့်မည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ (ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံးအစည်းအဝေးခန်းမ) ၌ကျင်းပခဲ့ရာတွင် “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိဒုက္ခခံနေရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ မြန်မာ နိုင်ငံသို့ ပြန်လာသင့်ကြောင်း၊ အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသား များအား အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး စီမံဆောင်ရွက် သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းမောင်လှိုင်က လမ်းညွှန်မှာကြားခဲ့သည်။ ယင်း လမ်းညွှန်မှာကြားချက်နှင့်အညီ မလေးရှားသို့ အသွားအပြန်ခရီးစဉ်တစ်ခုလုံးအတွက် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများကို ထောင့်စေ့အောင် စီမံဆောင်ရွက် ပြီးနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် တပ်မတော်(ရေ)၏ အကြီးဆုံးစစ်ရေယာဉ်ကြီး(မုတ္တမ)၊ ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်)၊ စစ်ရေယာဉ်(ဆင်ဖြူရှင်)တို့ ရန်ကုန်မြို့မှ စတင်ထွက်ခွာ ခဲ့သည်။ ရည်မှန်းချက်တာဝန်သည် မလေးရှားနိုင်ငံတွင် ရောက်ရှိ နေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ မပြန်နိုင်သည့် မိမိနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန်။ ဦးတည်ရာအရပ်သည် မလေးရှားနိုင်ငံ လူမွတ် ရေတပ်ဆိပ်ကမ်းသို့ဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments